သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းစစ်ရှောင်ဒုက္ခသည်တွေအတွက် ကူညီမှုနှေးကွေး


ထွက်ပြေးလာသော တနိုင်းမြို့ခံများ
ထွက်ပြေးလာသော တနိုင်းမြို့ခံများ

ကချင်ပြည်နယ် တနိုင်းမြို့တဝိုက်ကနေ ထွက်ပြေးလာတဲ့၊ ထောင်ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနနဲ့ ကချင်ပြည်နယ်အစိုးရက အကူအညီပေးမယ် ပြောထားပေမယ့် စစ်ဘေးရှောင်တွေအတွက် အခုချိန်ထိ နေရာထိုင်ခင်းနဲ့ အစား အသောက်တွေ မရရှိသေးဘူးလို့ ကချင်လူမှု အဖွဲ့အစည်းတွေက ပြောပါတယ်။ အခုဆိုရင် တနိုင်းမြို့ပေါ်နဲ့ ခန္တီးမြို့ဖက်မှာ စစ်ဘေးရှောင် ထောင်နဲ့ချီ ရှိလာနေပြီလို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

သယံဇာတတွေကို တရားမဝင်ထုတ်နေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်ဖို့ဆိုပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဖို့ရှိ တာကြောင့် ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲရှိတဲ့ ရွှေနဲ့ပယင်းမှော်တွေကနေ ထွက်ခွာပေးကြဖို့ ဇွန်လဆန်းပိုင်းမှာ တပ်မတော်က စာဖြန့်ဝေခဲ့တာပါ။ အဲဒီနောက် အစိုးရတပ်နဲ့ ကချင် KIA တပ်တွေကြား တနိုင်းဒေသတဝိုက် ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် အင်ဂါဂါးနဲ့ နမ်ခမ်း၊ ကောင်ရာ ကျေးရွာတွေက ဒေသခံတွေဟာ ဇွန်လ ၆ ရက်နေ့မှာ အရေးပေါ် စစ်ဘေးတိမ်းရှောင်ခဲ့ကြပါတယ်။

အခုဆိုရင် တနိုင်းမြို့ပေါ်နဲ့ ခန္တီးမြို့တွေဖက်ကိုပါ ထောင်ချီတဲ့ စစ်ဘေးရှောင်တွေ ထွက်ပြေးလာကြတယ်လို့ ကချင်ဒေသ လူသားချင်းစာနာမှု အကူညီပေး ရေးအဖွဲ့တွေ စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြပါတယ်။ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့တာဝန်ခံ ဒေါ်ခွန်ဂျာက အခြေအနေကို ပြောပြပါတယ်။

“ထွက်ပြေးလာတာကတော့ မနေ့တုန်းက စာရင်းအရဆိုရင် တနိုင်းမြို့ပေါ်မှာတော့ အသင်းတော် ၄ ခုနေရာမှာ စုစုပေါင်းအားလုံး လောလောဆယ်ခိုနေတာကတော့ ၁၅၀၀ လောက်ရှိတယ် ရှိပါတယ်ရှင့်။ နောက်တသုတ်ကတော့ ခန္တီးဘက်ကိုပြေးသွားတာရှိပါတယ်။ ခန္တီးမှာလောလောဆယ် အယောက် ၁၀၀၀ လောက်ရောက်နေပြီလို့ သိရတယ်။ လောလောဆယ်ပယင်းတူးတဲ့နေရာတွေကနေပြီးတော့ လာလို့ရတဲ့ လမ်းကြောင်း ၅ ကြောင်းကနေပြီးတော့ ၄ ခုကိုတော့ ပိတ်ထားတယ်။ ဒိုင်ဖာဆိုတဲ့ လမ်းကြောင်းတခုကိုပဲ အစိုးရက ဖွင့်ပေးတဲ့အတွက်ကြောင့်မို့ တချို့နေရာတွေကတော့ အဲဒီ ဒိုင်ဖာလမ်းကြောင်းကိုလာဖို့အတွက် ကွေ့ပတ်ပြီးသွားရတဲ့အခါ မလိုလားအပ်ပဲနဲ့ အချိန်ကြာတာရယ်၊ ပြီးရင်တော့ ခရီးစဉ်နှောင့်နှေးတာရယ်၊ ဖြစ်နေပါတယ်ရှင့်။ နောက်ပြဿနာတခုကတော့ မနေ့တုန်းကအထိ မြစ်ကြီးနားကနေ တနိုင်းသွားတဲ့လမ်းကြောင်းကို တချူးဇွပ်ဆိုတဲ့နေရာမှာ လောင်စာရယ်၊ ဆန်ရယ် ၊ ဆီရယ် အဲဒါတွေကို တင်းတင်းကျပ်ကျပ်တားမြစ်လိုက်တဲ့အခါကျတော့ တနိုင်းမြို့ပေါ်မှာ လောလောဆယ် ဆန်တအိတ်က ၅ သောင်းကနေ ၈ သောင်းအထိ တက်နေပြီပေါ့။”

ဒီလို စစ်ဘေးရှောင်တွေ တိုးလာတာကြောင့် အစိုးရတာဝန်ရှိသူတွေက အကူအညီပေးမယ် ပြောထားပေမယ့် စစ်ဘေးရှောင်တွေအတွက် အခုချိန်ထိ နေရာထိုင်ခင်းနဲ့ အစား အသောက်တွေ မရရှိသေးဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“အဲဒီတော့ မနေ့တုန်းကအထိတော့ လူကယ်ပြန်ကသွားဖို့ ကြိုးစားတယ် သို့သော်လည်း တနိုင်းကိုမရောက်သေးဘူးပေါ့။ ပြီးရင်လည်း မနေ့တုန်းကအထိ ဒီကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရဘက်က တာဝန်ရှိတဲ့လူတွေဟာ အဲဒီနေရာကို မရောက်သေးဘူး။ ပြီးလို့ရှိရင်တော့ အစိုးရဌာနကနေပြီးတော့ အုပ်ချုပ်ရေးကိုတာဝန်ယူတယ်လို့ပြောပေမယ့် သူတို့အနေနဲ့ အမှန်တကယ်အားဖြင့် လူတွေအတွက်ကျွေးဖို့ လုံလောက်စွာမပေးထားသလို နေရာထိုင်ခင်း စီစဉ်ပေးမှုလည်း မရှိသေးပါဘူးရှင့်။ အဲဒီတော့ အသင်းတော်တွေရဲ့ ပံ့ပိုးမှုတခုပဲရှိပါသေးတယ်။ ပြီးရင် တနိုင်းဒေသမှာတော့ အရပ်ဖက်အဖွဲ့အစည်းတွေ အင်မတန်ရှားပါးပါတယ်။”

တကယ်တော့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်ဖို့ဆိုရင် အစိုးရက ဒေသခံတွေပေါ် အခြားနည်းလမ်းတွေနဲ့ ကိုင်တွယ်သင့်တယ်လို့ ဒေါ်ခွန်ဂျာက ထောက်ပြပါတယ်။

“ဒီနေရာမှာတိုက်ပွဲဖြစ်ရင် အထူးသဖြင့် ဒေသခံတွေ သူတို့ကျေးရွာကို ဘယ်တော့ကြာမှ ပြန်ရောက်နိုင်မယ်ဆိုတာ မပြောနိုင်ဘူးရှင့်။ ဒါပေမယ့် သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကိုအကြောင်းပြပြီး တိုက်တဲ့အခါမှာ လူဦးရေ ၁ သိန်းကျော်ဆိုတာက အင်မတန်များပါတယ်။ အကယ်၍များ ဒီနေရာမှာ သံယံဇာတ တူးဖော်တာကို ရပ်ဆိုင်းစေချင်တယ်ဆိုရင် ၃ လဖြစ်ဖြစ်၊ ၆ လ ဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် စီမံကိန်းချပြီးမှ ဒီလူတွေကို တဖြေးဖြေးထုတ်နိုင်တယ်ဆိုရင်တော့ ၊ အခုလိုမျိုး မိုးရာသီ သားသမီးတွေ ကျောင်းအပ်ရတော့မယ့်အချိန်မှာ အုတ်အော်သောင်းနင်းနဲ့ ဒီလိုမျိုးမောင်းထုတ်တာ မဖြစ်သင့်ဘူးလို့ ယူဆတယ်ရှင့်။”

အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွမ်ဆမ်အောင်ကလည်း တနိုင်းမှာဖြစ်နေတဲ့ ကိစ္စဟာ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ထိခိုက် စေတယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့၊ ဒီစစ်ဘေးရှောင်ဒုက္ခသည်တွေက မနည်းပါဘူး။ ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေး ကဏ္ဍနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ ကချင်လူမျိုးဆိုရင် ၄ ပုံ၁ ပုံ၊ ၅ ပုံ၁ ပုံက စစ်ဘေးရှောင်ဘဝနဲ့ ဖြစ်နေကြပါတယ်။ လူအဲဒီလောက်များတယ်ဆိုတာက ကျနော်တို့ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို ခြိမ်းခြောက်စရာတခုပါ။ နောက်တခုကတော့ အစိုးရကနေပြီးတော့ တပ်မတော်ကို တိုက်ရိုက်ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက တပ်မတော်ကနေပြီးတော့ ဟိုမှာသွားတိုက်လိုက်၊ ဒီဘက်သွားတိုက်လိုက်၊ သွားတိုက်ပြီးတော့ လူတွေကိုပိတ်လိုက် ဒီလိုမျိုးကတော့ လာမယ့် ငြိမ်းချမ်းရေးကိစ္စတွေမှာရော အကုန်လုံးကိုထိခိုက်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလို့ပြောမယ်ဆိုရင်တော့ ဒီလက်နက်ကိုင်အချင်းချင်းငြိမ်းချမ်းတာမဟုတ်ဘူး ကျနော်တို့ တိုင်းရင်းသားအချင်းချင်းရော ငြိမ်းချမ်းဖို့လိုပါတယ်။”

တနိုင်းဒေသကနေ လောလောဆယ် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်ဒေသခံ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး တနိုင်းမြို့ပြင်က ကောင်ဂျာယမ်ရွာမှာလဲ ခိုလှုံနေသူတချို့ ရှိကြောင်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG