သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသလူထုကို အကာအကွယ်ပေးကြဖို့ HRW တိုက်တွန်း


လက်ရှိထွက်ပြေးနေရတဲ့ တနိုင်းစစ်ရှောင်များ
လက်ရှိထွက်ပြေးနေရတဲ့ တနိုင်းစစ်ရှောင်များ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့် ဖြစ်ပွားနေတာနဲ့အမျှ ပဋိပက္ခမှာ ပါဝင်နေတဲ့ မြန်မာ့တပ်မတော်ရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာပြီး အပြစ်မဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ လမ်းဖွင့်ပေးဖို့လည်း ဒီအဖွဲ့က တောင်းဆိုပါတယ်။ မခင်ဖြူထွေးက အပြည့်စုံတင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်နေတယ်လို့ ဆိုပေမဲ့ တိုင်းရင်းသားဒေသတချို့မှာတော့ တိုက်ပွဲတွေ အရှိန်မြင့် ဖြစ်ပွားနေဆဲ ဖြစ်ပြီး အဲဒီဒေသတွေက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိတ်ပင်ခံနေရတုန်းပဲလို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Human Rights Watch အဖွဲ့က ဒီကနေ့ ထပ်မံ သတိပေး ပြောဆိုလိုက်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် ကျင်းပအပြီးမှာကိုပဲ ကချင်ပြည်နယ် တနိုင်းမြို့နယ်တဝိုက်မှာ ဒီလဆန်းပိုင်းကစလို့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာပါ။ ဒီလ ၅ ရက်နေ့မှာ မြန်မာ့တပ်မတော်ကနေ တနိုင်းမြို့နယ်က ဒေသခံတွေကို ဒီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နေရာကနေ ထွက်ခွာဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လူထုတွေရဲ့ ဘေးကင်းလုံခြုံမှုကို အကာအကွယ် မပေးတဲ့အပြင် မထွက်ခွာသူတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA နဲ့ ပူးပေါင်းတဲ့ အကြမ်းဖက်သမားတွေ အဖြစ် ယူဆမယ်လို့ လေယာဉ်ပေါ်ကနေ ကျဲချပေးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ သတိပေးချက်ထဲမှာ ဖော်ပြထားတာကြောင့် ဒါဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ဆောင်ရွက်တာ မဟုတ်ဘဲ၊ လူထုကို အကာအကွယ်ပေးမယ့်အစား ခြိမ်းခြောက်တဲ့လုပ်ရပ် ဖြစ်တယ်လို့ Human Rights Watch အဖွဲ့က Richard Weir က ပြောပါတယ်။

“သူတို့က ဥပေဒကို လေးစားလိုက်နာပြီး လုပ်ဆောင်တာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ စစ်ဆင်ရေးတခု လုပ်မယ်လို့ ဆုံးဖြတ်ရင် သူတို့ရဲ့သတိပေးချက်က အဲဒီဒေသက သက်ဆိုင်ရာလူတွေအားလုံး တကယ်ပဲ ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်တဲ့ အခြေအနေတခု ဖြစ်အောင် လက်တွေ့ကျကျ လုပ်ဆောင်ပေးဖို့ အရေးကြီပါတယ်။ လူသားချင်းစာမှုဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် တာဝန်ပါ။ အဲဒီလိုလုပ်ဆောင်ဖို့ အရေးကြီးသလို၊ ဒီ့ထက်ပိုပြီး အရေးကြီးတာတခုက - တကယ်တမ်း စစ်ပွဲဆိုင်ရာ ဥပဒေတွေကို သူတို့ လိုက်နာမယ်ဆိုရင် သတိပေးချက် ထုတ်ပြန်တာလို တခုတည်းကိုပဲ လိုသလိုသုံးပြီး သူတို့ စိတ်ကြိုက် စစ်ဆင်နိုင်အောင် ဆောင်ရွက်တာဆိုရင်တော့ ဒါက တရားမဝင်ပါဘူး။”

ဒီလဆန်းပိုင်းကစလို့ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားတွေ ရှိနေပြီး စစ်ပွဲတွေကြောင့် ဘေးဒုက္ခရောက်နေသူတွေ အတွက် လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့မှာလည်း အခက်အခဲတွေ ရှိနေတဲ့အကြောင်း Human Rights Watch အဖွဲ့က ပြောပါတယ်။ ဒါကြောင့် မြန်မာတပ်မတော်ရော၊ ပဋိပက္ခမှာ ပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေရော နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီး အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်လို့ Richard Weir က ပြောပါတယ်။

“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေမှာ သိပ်မကြာခင်ကပဲ ကျနော်တို့ လေ့လာတွေ့ရှိချက်တွေအရ မြန်မာ့ တပ်မတော်ရော၊ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရောဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်လုပ်ဆောင် နေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက ဥပဒေနဲ့အညီ လိုက်နာခြင်းမရှိတဲ့ အပေါ်မှာ ကျနော်တို့ အထူး စိုးရိမ်တာဖြစ်ပါတယ်။”

တနိုင်းမြို့တဝိုက် တိုက်ပွဲတွေကြောင့် နေရပ်ကနေ စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် ရာနဲ့ချီ ရှိနေပြီး သူတို့အတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကချင် ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေကလည်း ပြောပါတယ်။ လိုအပ်သူတွေ အကူအညီ အမြန်ဆုံးရအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ Richard Weir က တိုက်တွန်းပါတယ်။

“အစိုးရအနေနဲ့လည်း ဒေသခံတွေ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းနိုင်အောင် ကူညီပေးသင့်သလို၊ တနိုင်းမြို့နယ်က အရပ်သားတွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးသင့်ပါတယ်။ ဘယ်လို စစ်ရေးလှုပ်ရှားမှုပဲ လုပ်လုပ် လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို လေးစား လိုက်နာပြီး ဒီဥပဒေတွေနဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။”

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဟာ မြန်မာအစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ဒီအပစ်ရပ် သဘောတူညီချက်ကို ဖျက်သိမ်းပြီး နှစ်ဘက် တကျော့ပြန်စစ်ပွဲတွေ ပြန်စလာခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG