သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းပဋိပက္ခ တနှစ်အတွင်းပိုဆိုးလာဟု AI ထုတ်ပြန်


လက်ရှိ မြန်မာနိုင်ငံမှာ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လိုအပ်သလို၊ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ တာဝန်ခံမှုရှိရလိမ့်မယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေဟာ ပြီးခဲ့တဲ့တနှစ်တာ ကာလအတွင်း ပိုမို ဆိုးရွာလာတဲ့အကြောင်းလည်း ဒီလူ့အခွင့်အရေးအဖွဲ့က သတိပေးထားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ကြိုးစားနေတဲ့ မြန်မာနိုင်ငံက မြောက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုင်းရင်းသားပြည်သူတွေဟာ အကြမ်းဖက်မှုတွေနဲ့ နှိပ်စက်ညှင်းပမ်းမှုတွေကို ဆိုးဆိုးရွားရွား ခံစားနေရဆဲပဲလို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International က အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ လက်ရှိ မြန်မာအစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင် တိုင်းရင်းသားဒေသတွေက အခြေအနေတွေနဲ့ပတ်သက်လို့ တာဝန်ခံမှုရှိဖို့ လိုအပ်သလို၊ တိုင်းရင်းသား ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ လိုတယ်လို့ Amnesty International အဖွဲ့က မြန်မာ့အရေး သုတေသီ Laura Haigh က ပြောပါတယ်။

“လက်ရှိအစိုးရလက်ထက်မှာရော၊ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းကပါ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့ကြတာ ရှိပါတယ်။ ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေးပွဲတွေ ကျင်းပတာ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးတာတွေ ရှိပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ အခြေအနေတွေ ပြောင်းလဲလာတာကိုတော့ ကျမတို့ မတွေ့ရပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေ ချိုးဖောက်ခံရတာတွေအပြင် စစ်ရာဇဝတ်မှုတွေ ဆက်ပြီး ဖြစ်ပွားနေဆဲပါ။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင် တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိရမှာဖြစ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့လိုပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစား လိုက်နာဖို့ လိုအပ်တယ်ဆိုတာ ကျမတို့ အခိုင်အမာ ယုံကြည်ပါတယ်။”

ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်အတွင်း ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းနေတဲ့ တချိန်တည်းမှာကိုပဲ မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး၊ လက်ရှိ အရပ်သားအစိုးရလက်ထက် ပြီးခဲ့တဲ့တနှစ်တာ ကာလအတွင်း အခြေအနေ ပိုပြီး တင်းမာလာခဲ့တယ်လို့ လည်း Laura Haigh က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ငြင်းဆန်နေတဲ့ အဖွဲ့တခုက ဆက်ပြီး ရှိနေတုန်းပါ။ အဲဒါကတော့ စစ်တပ်ပါပဲ။ ဒါကြောင့် စစ်တပ်ကို အရပ်သားအုပ်ချုပ်ရေး လက်အောက် မထားရှိနိုင်သ၍၊ စစ်တပ်နဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိသ၍ အကြမ်းဖက်မှုတွေကို ကျမတို့ဆက်ပြီး တွေ့နေရမှာဖြစ်သလို၊ အရပ်သားတွေ ဒုက္ခရောက်နေကြရဦးမှာပါ။”

ဒါကြောင့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာအစိုးရက ခွင့်ပြုပေးဖို့လည်း Amnesty International အဖွဲ့က တိုက်တွန်း ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ နှိပ်စက်ညှင်းပမ်းတာ၊ သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြား ရှိခဲ့တယ်လို့ ဆိုပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက ဖြစ်ရပ်တခုမှာ ဆိုရင် ရှမ်းပြည်နယ် နမ်းကျယ်ဟို ရွာက အမျိုးသားလူငယ် ၁၈ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့အကြောင်း Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ တပ်မတော်ဘက်က တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

ပြီးခဲ့တဲ့မေလတုန်းကလည်း ရှမ်းပြည်နယ်မှာ ဒေသခံအရပ်သား ၆ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးပြီး ညှင်းပမ်း နှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင် ထွက်ခဲ့သလို၊ အဲဒီတလတည်းမှာပဲ ကချင်ပြည်နယ် ဒုက္ခသည်စခန်းက လူငယ်သုံးဦးဟာလည်း မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်တာ ခံရပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း မြန်မာအစိုးရ ကရော၊ တပ်မတော်ကပါ ထုတ်ပြန် ပြောဆိုထားပါတယ်။ အခုလိုဖြစ်ပျက်နေတဲ့ အခြေအနေတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အားလုံးကို Amnesty International အဖွဲ့က တောင်းဆိုထားသလို၊ အဲဒီဒေသက လိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအညီတွေ ဖြန့်ဝေခွင့်ပြုဖို့လည်း တောင်းဆိုထားပါတယ်။

“မြန်မာစစ်တပ်ကိုရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုပါ ကျမတို့ တောင်းဆိုချင်တာကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ပါ။ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ကြရသူတွေကို အကာအကွယ်ပေးဖို့ လိုပါတယ်။ အရပ်သားအစိုးရအနေနဲ့က စစ်တပ်နဲ့ စစ်တပ်ရဲ့လုပ်ငန်းတွေကို ထိန်းချုပ်နိုင်တာ မရှိသလောက်ပါ။ ကျမတို့ အဓိက စိုးရိမ်တာတခုက လူသားချင်းစာနာမှု အကူအညီတွေ ရဖို့နဲ့ အကူအညီတွေကို လိုအပ်သူတွေထံ ဖြန့်ဝေပေးခွင့် ရဖို့ပါ။ အဲဒီလို အပြောင်းအလဲတွေ ဖြစ်လာဖို့ လိုပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ လိုအပ်တဲ့အကူအညီတွေ၊ ခိုလုံရာနေရာတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ရဖို့လိုပါတယ်။ ဒါကတော့ အစိုးရကို ကျမတို့ အဓိက တိုက်တွန်းတဲ့ အချက်တွေပါပဲ။”

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ၁ သိန်းနီးပါးရှိပြီး၊ ပဋိပက္ခတွေအတွင်း နှစ်ဘက်တပ်ဖွဲ့တွေရဲ့ မြေမြှုုပ်မိုင်း အသုံးပြုမှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အကြောင်းလည်း Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်ရော၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကပါ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရပ်သားပြည်သူတွေ အားလုံး ခံစားကြရတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုနဲ့ နှိပ်စက်ညှင်းပမ်းမှု အခြေအနေ “All the Civilians Suffer: Conflict, Displacement and Abuses in Northern Myanmar လို့ နံမည်ပေးထားတဲ့ ဒီကနေ့ ထုတ်ပြန်တဲ့Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ အသေးစိတ်ဖော်ပြထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG