သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်း တရုတ်အကူအညီပေးနိုင်မလား


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှစ်ဦး ဒီကနေ့ တွေ့ဆုံရာမှာ၊ နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့အကူအညီတွေပေးလိုတယ်လို့ တရုတ်သမ္မတက ပြောခဲ့ပါတယ်။ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်အနေနဲ့ တကယ်ပဲ အကူအညီပေးနိုင်မလား၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ် တရုတ်သြဇာ တကယ်ပဲ သက်ရောက်ပ့ါမလားဆိုတာတွေကို ISP နိုင်ငံတကာမဟာဗျူဟာနဲ့မူဝါဒရေးရာအဖွဲ့ အမှုဆောင်ညွန်ကြားရေးမှုး ဦးမင်းဇင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ကိုမင်းဇင်ရေ ဒီကနေ့ အောင်ဆန်းစုကြည်က တရုတ်သမ္မတနဲ့ တွေ့ပါတယ်။ ဒီမြန်မာငြိမ်းချမ်းရေးကိစ္စတွေပြောကြတော့ တရုတ်ဘက်ကတော့ ဆက်ပြီးတော့ ကူညီသွားမယ် လို့ပဲပြောပါတယ်။ အဓိကလည်း အခုငြိမ်းချမ်းရေးမှာ အဟန့်အတားလိုဖြစ်နေတာ မြောက်ပိုင်း ပဋိပက္ခ တွေလိုဖြစ်နေတဲ့အခါကျတော့ မြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက် အထိမြန်မာနိုင်ငံကို ငြိမ်းချမ်းရေးအတွက် အကူအညီပေးနိုင်မယ်လို့ ယူဆပါသလဲ။ မြောက်ပိုင်းအဖွဲ့တွေကရော နာခံပါ့မလား။

ဦးမင်းဇင် ။ ။ကျနော်တို့နားလည်သလောက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ၀ ဦးဆောင်တဲ့ မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က
ခေါ်တွေ့တာတော့ရှိတာပဲ။သူတို့ဘက်ကတော့ တော်တော်လေးအားထုတ်တာတွေ့ရပါတယ်။ ဒါပေမယ့် အားထုတ်တိုင်းဖြစ်မလား၊ဖြစ်မလားဆိုတာကတော့။ နားလည်သလောက်ကတော့ ဝအပါအဝင် တခြားအဖွဲ့တွေကိုတော့ ဒါကိုတော့ အလေးထားပါတယ်။ ဒါက တရုတ်ကတိုက်တွန်းနေပြီး ဒီNCA ကိုဝင်ထိုးလိုက်ပါဆိုပြီး လိုက်ပါနိုင်ဖို့ကတော့ အခုအချိန်အထိ အဲဒီလောက်အဖြေကိုမရပါဘူး။ တဖက်ကလည်း မြန်မာ့တပ်မတော်အနေနဲ့ပေါ့နော် တရုတ်ကနေ တိုက်တွန်းနေတဲ့ ကိုးကန့်စစ်ဆင်ရေးတွေကို လျော့ချဖို့တို့ ၊ နောက်ပြီး ကိုးကန့်အပါအဝင် တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်လည်ဝင်ခွင့်ပေးဖို့ သဘောတူတဲ့အနေအထားတခုမှာပေါ့နော် ၊ ဒါပေမယ့် အခုအထိတော့ သဲသဲကွဲကွဲသိတဲ့အနေအထားတခုအထိတော့ မရောက်သေးပါဘူး။

ကိုသားညွန့်ဦး။ ။တကယ်တမ်းပြောရရင် ဒီမြောက်ပိုင်းအဖွဲ့တွေ၊ ဝဖြစ်စေ၊ ကိုးကန့်အဖွဲ့တွေက သူတို့ထွက်ပေါက်ဝင်ပေါက်က တရုတ်နိုင်ငံကို မှီနေရတဲ့အနေအထားရှိနေပါတယ်။ တရုတ်က လိုလိုလားလား တကယ်တန်းတွန်းအားပေးမယ်ဆိုရင်ကော မဖြစ်နိုင်ဘူးလား။

ဦးမင်းဇင်။ ။ တကယ်တမ်းပြောရရင်တရုတ်ပြည်ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို ဘယ်သူကနေပြီးတော့ စီမံဆောင်ရွက်နေသလဲဆိုတော့ အင်အားစုအမျိုးမျိုးရှိနေပုံရပါတယ်။ ဒီနိုင်ငံခြားရေးဌာနက အဓိကအားဖြင့် ဖြစ်စေချင်ပုံရပါတယ်။ ဒါပေမယ့် တရုတ်တပ်မတော် အထူးသဖြင့် အဲဒီမှာ ရှိတဲ့ စစ်ဒေသပိုင်းက နယ်စပ်မှာ မြန်မာစစ်တပ်ထိုးစစ်ဆင်နေတာတွေ၊ နောက်တခုက နယ်စပ်မှာရှိတဲ့ ကိုးကန့်တို့ ဆိုတာတွေကလည်း တရုတ်အနွယ်ပေါ့နော်။ သူတို့အနေနဲ့ကတော့ ပိုပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အရမ်းကြီးဖိအားပေး တိုက်တွန်းတာမျိုး လုပ်ချင်တဲ့သဘောမရပါဘူး။ ဆိုတော့ ကျန်တဲ့အဖွဲ့တွေလည်း သူတို့ဆီမှာ အများကြီးရှိပါတယ်။ အဲဒီတော့ သမ္မတ ရှီကျင်းပင့်လို့လူမျိုးကတော့ သူကိုယ်တိုင် ဦးစီးဦးဆောင်လုပ်ပြီးတော့ ကဲ.. မရဘူး၊ ဒါမျိုးကတော့ အားလုံးဝိုင်းလုပ်မှ ရမယ်ဆိုပြီး တွန်းတယ်ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနေ်ာတို့ နဂိုကလည်း အတွေ့အကြုံရှိပါတယ်။ တိန့်ရှောင်ဖိန် ကို ဦးနေဝင်းကတွေ့တဲ့အခါမှာ တိန့်ရှောင်ဖိန် ကို ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ထောက်ပံ့တာ ရပ်တန့်ဖို့ဆိုပြီး တလေးတနက်တိုက်တွန်းတဲ့အခါမှာ တိန့်ရှောင်ဖိန် ဘက်ကလည်း လက်ခံတာတွေ့ရပါတယ်။ ပြောမယ်ဆိုရင် အဆင့်မြင့် ပုဂ္ဂိလ်တွေအဆင့်ပေါ့နော် ၊ အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါတယ်.. ရှီကျင့်ဖျင့်ကိုယ်တိုင်ကလည်း တိန့်ရှောင်ဖိန် လေးနက်သလိုမျိုး တကယ်လေးနက်ပြီးတော့လုပ်မယ်ဆိုရင်တော့ တရုတ်အနေနဲ့ Durl Track လို့ခေါ်တာပေါ့နော် နှစ်ခွထားပြီးတော့ ဆက်ဆံတဲ့ .. အစိုးရကိုလည်း ဆက်ဆံတယ်၊ နယ်စပ်မှာရှိတဲ့အင်အားစုတွေကိုလည်း ဆက်ထားပြီးတော့ လက်ခံတယ် ဆက်ဆံမယ်ဆိုတဲ့ မူဝါဒမျိုးတွေ ပြန်သုံးသပ်ကောင်းသုံးသပ်နိုင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေအထိတော့ အဲဒီလက္ခနာမျိုး ကျနော်မတွေ့ရသေးပါဘူး။

ကိုသားညွန့်ဦး။ ။ဒေါ်အောင်ဆန်းစုကြည်တက်လာပြီးတဲ့အပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရက တရုတ်နဲ့ ဆက်ဆံတဲ့ အပိုင်းမှာ တော်တော်လေးသွားသွား လာလာရှိတယ် ဆိုတာတွေ့ရတယ်။ သူမသွားရင်တောင်မှ တခြားအောက်ခြေအဆင့်ရှိတဲ့ အရာရှိတွေသွားပါတယ်။ ဆိုတော့ ဒေါ်စုနဲ့ ဆက်ဆံရေးက အရင်အစိုးရ ဦးသိန်းစိန် ဆက်ဆံရေးလက်ထက် ထက် ပိုကောင်းလာတယ်လို့ ယူဆနိုင်သလား

ဦးမင်းဇင်။ ။ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတော့ ဆောင်ရွက်တယ်။ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးပြီးဆောင်ရွက်ဖို့ဆိုရင် မငြိမ်းချမ်းဖြစ်နေတဲ့နေရာက မြန်မာနိုင်ငံ အရှေ့မြောက်ပေါ့နော် ရှမ်းနဲ့ ကချင်ဖြစ်တယ်။ ဆိုတော့ အဲဒီဒေသတွေမှာ တရုတ်သြဇာရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘာပဲဖြစ်ဖြစ် တရုတ်ကို အားကိုးနေရတယ်။ နောက်တခုကတော့ သူမမျှော်လင့်တဲ့နောက်ထပ်တခုကတော့ ရခိုင်ကိစ္စ ဒီရခိုင်အရေးမှာလည်း တလောတုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်ရဲ့ Vetoနဲ့ မြန်မာဘက်ကနေပြီးတော့ ရပ်တည်ပေးခဲ့တာတွေရှိတယ်။ သူလုပ်ချင်တဲ့ ငြိမ်းချမ်းရေးကော၊ သူမမျှော်လင့်ထားတဲ့ ရခိုင်ကိစ္စရော သူက တရုတ်ကို အားကိုးနေရတာတွေရှိပါတယ်။ ဦးသိန်းစိန် လက်ထက်နဲ့ယှဉ်ရင် ဦးသိန်းစိန်တုန်းက စစ်အစိုးရလက်ထက်အဆက်ဆက်ကတော့ တရုတ်ကို အားကိုးနေရတာဖြစ်တဲ့အတွက် သူတို့က တရုတ်ထက်စာရင် အနောက်နိုင်ငံကို ပိုပြီးတော့ လမ်းဖွင့်ပေးတာ ပိုရှိတယ်လို့ တွေ့ရပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကနေ့ အခြေအနေ အရပေါ့နော် အရှေ့မြောက်နဲ့ အနောက်တခါဒမှာဖြစ်နေတဲ့ အခြေအနေတွေပေါ် မူတည်ပြီး တရုတ်ကို ပိုပြီးအားကိုးတာကို တွေ့ရပါတယ်။ အာဏာပိုင်နိုင်ငံတွေကို ပိုပြီးတော့အားကိုးလာတာနဲ့အညီ ဒီဘက်မှာရှိတဲ့ ဒီမိုကရေစီ နဲ့လူ့အခွင့်အရေး တွေ ဘက်မှာ အဟန့်အတားတွေကြုံလာရတာတွေတော့ရှိတယ်။ အာဏာပိုင်နိုင်ငံတွေကို အားကိုးခြင်းဖြင့် အာဏာပိုင်နိုင်ငံတွေကနေ ရတဲ့အကူအညီတွေက များသောအားဖြင့် ဒီမိုကရေစီ နဲ့လူ့အခွင့်အရေးကို အထောက်အကူမဖြစ်ပဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လမ်းကြောင်းမှာအတင်းတွန်းပြီးတော့ အာဏာရှိတဲ့လူတွေကိုပိုပြီး ဦးစားပေးပြီးတော့ လူထုအကျိုးစီးပွားကို ထိခိုက်တယ်လို့ ဆိုကြပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG