သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နဲ့ တရုတ် ပိုးလမ်းမ


Beijing One Belt One Road ဖိုရမ်အတွက် ပြင်ဆင်နေ
Beijing One Belt One Road ဖိုရမ်အတွက် ပြင်ဆင်နေ
မြန်မာ နဲ့ တရုတ် ပိုးလမ်းမ
please wait

No media source currently available

0:00 0:05:08 0:00
တိုက်ရိုက် လင့်ခ်


တရုတ်ပိုးလမ်းမ ညီလာခံ One Belt One Road Forum ကို ဘေဂျင်းမြို့မှာ ကျင်းပပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ ပိုးလမ်းမရဲ့ ရှေ့ပြေးတွေ အကောင်အထည်ဖော်နေတာ အတော်လေး ကြာနေပါပြီ။ မြန်မာ-တရုတ် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းကို ပိုးလမ်းမရဲ့ ရှေ့ပြေးအဖြစ် တရုတ်က မြင်ပါတယ်။ ဒီပိုက်လိုင်းဟာ တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ ပါဝင်တဲ့ (၄) နိုင်ငံ စီးပွားရေးစင်္ကြန်အတွက်လည်း စံနမူနာကောင်း ဖြစ်တယ်လို့ မြင်ပါတယ်။ မြန်မာဟာ ပိုက်လိုင်းအခွန်ငွေသာမကပဲ ရေနံစိမ်းတန်ချိန် (၂) သန်းနဲ့ သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်းနှစ်ထောင် ရရှိမှာ ဖြစ်ပါတယ်။

ပိုက်လိုင်းစီမံကိန်းမှာ အမှုထမ်း (၁) ထောင်ကျော်ရှိတဲ့အနက် (၇၅) ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ကျွမ်းကျင်လုပ်သားတွေအတွက် အခွင့်အလမ်းကောင်း ဖြစ်ပါတယ်။ ပိုက်လိုင်းစီမံကိန်းကို ဒေသခံတွေ လက်ခံလာအောင် လူမှုဘဝမြှင့်တင်ရေးအတွက် စာသင်ကျောင်း၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ၊ ရေတွင်း၊ လျှပ်စစ်ဓါတ်အား နဲ့ လမ်းပန်းဆက်သွယ်မှုကို တရုတ်က ဆောင်ရွက်ပေးပါတယ်။ ခေတ်သစ် ပိုးလမ်းမ တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံမှာ လိုအပ်တာကို ဖြည့်ဆည်းဖို့ ကဏ္ဍစုံမှာ နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားမယ်လို့ တရုတ်သံအမတ် ဟုန်လျန် က ဧပြီလဆန်းက ရန်ကုန်မှာ ပြေသွားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်ဟာ တရုတ်ကို မကျော်နိုင်ပါဘူး။ မြန်မာနိုင်ငံကို ဒဏ်ခတ်ရုတ်သိမ်းပြီး ကုန်သွယ်မှု အခွင့်ထူးခံအဖြစ် ပြန်လည်သတ်မှတ်ပေမယ့် မြန်မာ-အမေရိကန် ကုန်သွယ်မှုဟာ အလွန်နည်းပါးသေးကြောင်း သိရပါတယ်။ ဥပမာ အထည်ချုပ်လုပ်ငန်းမှာ တစ်လ ဒေါ်လာ (၄) သန်းဖိုးသာ အမေရိကန်ကို မနှစ်က တင်ပို့နိုင်ခဲ့ပါတယ်။ ဂျပန်ကို တင်ပို့တဲ့တန်ဖိုးရဲ့ ဆယ်ပုံတပုံသာ ရှိပါတယ်။ အထည်ချုပ်လုပ်ငန်းတခုလုံးက တင်ပို့တဲ့ တန်ဖိုးရဲ့ (၃) ရာခိုင်နှုန်းကိုသာ အမေရိကန်ကို တင်ပို့နိုင်တဲ့သဘော ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းကို နိုင်ငံခြားသားက ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်ခွင့်ရှိတာကြောင့် တရုတ်ကုမ္ပဏီအများအပြား ဝင်ရောက်လာကြပါတယ်။ ရန်ကုန်က အထည်ချုပ်စက်ရုံ လေးရာကျော်မှာ တရုတ်ကုမ္ပဏီ သုံးရာကျော်ရှိပြီး ပိုမိုများပြားလာဖို့ အလားအလာ ရှိပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားတဲ့ကိစ္စဟာ လက်ရှိ အစိုးရဖြေရှင်းရမယ့် ပြဿနာတခု ဖြစ်ပါတယ်။ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းတွေ ဆက်လက်အကောင်အထည် ဖော်သင့်၊ မဖော်သင့် စုံစမ်းတင်ပြမယ့် ကော်မရှင်ကို လွန်ခဲ့တဲ့ သြဂုတ်လကမှ ဖွဲ့စည်းပါတယ်။ နောက်ရှစ်လကြာတော့ သမ္မတဦးထင်ကျော် တရုတ်ပြည်သွားပြီး သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးပါတယ်။ ဒါပေမဲ့ မြစ်ဆုံပြဿနာမှာတော့ သဘောထား ကွဲလွဲတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ နှစ်နိုင်ငံ အကျိုးရှိမယ့် သဘောတူညီချက်မျိုးကို ရရှိခဲ့တယ်လို့ တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီး က ဆိုပါတယ်။ ဦးထင်ကျော်ရဲ့ ဖခင် ဆရာမင်းသုဝဏ်ရဲ့ ရေးသားချက်တွေကို စုစည်းပြီး တရုတ်-မြန်မာ နှစ်ဘာသာနဲ့ စာအုပ်ထုတ်ထားတာကို ဦးထင်ကျော်လာမှ စာအုပ်မိတ်ဆက်ပွဲ ကျင်းပတာကိုကြည့်ရင် တရုတ် စည်းရုံးရေးကို ခန့်မှန်းနိုင်ပါတယ်။

မြန်မာပြဿနာကို တရုတ်က ကူညီဖြေရှင်းမှာမို့ အပြင်လူတွေ ဝင်လာတာကို ကြိုက်နှစ်သက်ပုံ မရပါဘူး။ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေး ချိုးဖျက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ စီစဉ်တာကို တရုတ်က အပြင်းအထန် ကန့်ကွက်တဲ့အတွက် အစီအစဉ် ဖျက်သိမ်းလိုက်ရပါတယ်။ မြန်မာရဲ့ အချုပ်အခြာ အာဏာကို ရိုသေလေးစားဖို့ အရေးကြီးတယ်လို့ တရုတ်က အကြောင်းပြပါတယ်။ လူ့အခွင့်အရေးကောင်စီက စုံစမ်းရေးအဖွဲ့ စေလွှတ် EU ဥရောပအဖွဲ့က အဆိုတင်တာဖြစ်လို့ အစီအစဉ်ကို ရုတ်သိမ်းဖို့ ဥရောပကိုယ်စားလှယ်အချို့ကို ဒေါ်အောင်ဆန်းစုကြည်က ဖျောင်းဖျပြောဆိုပေမယ့် အချည်းနှီး ဖြစ်သွားရတယ်လို့ သံတမန်အချို့က ပြောဆိုကြောင်း Naw Stella က ဧပြီလ (၁၇) ရက်နေ့ထုတ် Asia Times မှာ ရေးထားပါတယ်။

တရုတ်အစိုးရ အထူးကိုယ်စားလှယ် စွန်း ဂိုးရှန် (Sun GuoXiang) ဧပြီလနှောင်းပိုင်း ဘင်္ဂလားဒေ့ရှ်ကို သွားတုန်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခသည်ကိစ္စကို နှစ်နိုင်ငံ ပြဿနာအဖြစ် သဘောထားပြီး ဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောဆိုသွားပါတယ်။ လိုအပ်လာရင် တရုတ်က ကူညီဖို့ အဆင်သင့်ပဲလို့လည်း ကမ်းလှမ်းသွားပါတယ်။ ရခိုင်-ဘင်္ဂလားနယ်စပ် Cox’s Bazar ဒေသအထိ တရုတ်သံအမတ်က သွားရောက်လေ့လာတာကိုကြည့်ရင် မြန်မာပြဿနာတွေကို တရုတ်က ဘယ်လောက်အထိ စိတ်ဝင်စားတယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ အပြင်လူ ဝင်လာမှာကိုတော့ မလိုလားပါဘူး။

ကချင်ပြည်နယ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တရုတ်သာ ပါဝင်ပြီး အနောက်တိုင်းက ပါဝင်လာမှာကိုတော့ မလိုလားပါဘူး။ မြန်မာပြည်ဟာ တရုတ်အကျိုးစီးပွားနဲ့ တရုတ် ပိုးလမ်းမကြီးအတွက် အလွန် အရေးကြီးနေပါတယ်။ မြောက်ပိုင်းဒေသမှာ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းသွားတာနဲ့ တရုတ်ဟာ ကချင်ပြည်နယ်ကို ဖြတ်သန်းတဲ့ လီဒိုလမ်းမကြီးကို ပြန်လည်တည်ဆောက်မှာ သေချာပါတယ်။ အိန္ဒိယသွားမယ့် ပိုးလမ်းမဟာ မြန်မာပြည်ကို ဖြတ်ကျော်ရမှာမို့ မြန်မာ့ ပြဿနာ ပြေလည်ရေးကို တရုတ်က အထူးအာရုံစိုက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG