သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်အခြေစိုက်လုံခြုံရေးစခန်းများ မြောက်ပိုင်း မဟာမိတ် တိုက်ခိုက်


 မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ

မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေကနေ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က မြန်မာ့တပ်မတော် အခြေစိုက်စခန်းနှစ်ခု နဲ့ ပြည်ထောင်စု လမ်းမပေါ်က တပ်ဖွဲ့နှစ်ခုကို ဒီကနေ့မနက်မှာ တပြိုင်နက်ထဲပစ်မှတ်ထား တိုက်ခိုက် ခဲ့တယ်လို့ တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တွေကပြောပါတယ်။ တပ်မတော်ကနေ တိုင်းရင်းသားဒေသအတွင်းပိုင်းမှာ ထိုးစစ်ဆင်နေတဲ့အတွက် အခုလိုမြို့ကြီးဘက်တွေမှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အခု မြို့တွင်းတွေမှာပါ တိုက်ပွဲဖြစ် လာနေတဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေရတဲ့အခြေအနေမှာရှိနေပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်အခြေစိုက်တပ်စခန်းနှစ်ခုနဲ့ ပြည်ထောင်စုလမ်းမ ပေါ်မှာရှိတဲ့မြန်မာ့တပ်မတော်အဖွဲ့တွေကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကနေ ဒီကနေ့မနက်မှာဝင်ရောက် တိုက် ခိုက် ခဲ့တာပါ။

ဒီမနက်မှာတိုက်ပွဲ(၄)နေရာဖြစ်ခဲ့ပြီး အခုလိုမြို့ကြီးတွေမှာရှိတဲ့တပ်မတော်စခန်း တွေကို တိုက်ခိုက်ရတဲ့အကြောင်း အရင်း ကိုတော့ မြောက်ပိုင်းမဟာမိတ်ပြောခွင့်ရ TNLAတအာင်းပလောင ်တပ်ဖွဲ့ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာအိုက်ကျော်က အခုလိုပြောပါတယ်။

“ဒီနေ့က တိုက်ပွဲ ၄ နေရာဖြစ်တယ်။ ဒီ နမ့်ဖက်ကာ ဘက်မှာလည်းဖြစ်တယ်၊ ကွတ်ခိုင်ဘက်မှာ လည်းဖြစ်တယ်။ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားက နမ်းဖတ်လွန်းရွာနဲ့ ရှုခင်းသာနေရာတွေမှာလည်း ဖြစ်တယ်။ အဓိက တိုက်ပွဲဖြစ်ရဲ့ အကြောင်းအရင်းကတော့ ကျနော်တို့ လှုပ်ရှားနေတဲ့လမ်းတွေမှာ မြန်မာ့တပ်မတော်က ထိုးစစ်တွေတက်လာတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့အတွင်းပိုင်းမှာ တိုက်ပွဲတွေမဖြစ်အောင်၊ လူထုတွေ မထိအောင်ဆိုပြီးမှ လမ်းမပေါ်ပြန်ပြီးတိုက်တာ။”

တပ်မတော်ကနေ တိုင်းရင်းသားဒေသအတွင်းပိုင်းမှာ ထိုးစစ်ဆင်နေတဲ့ အတွက် ဒေသခံတွေထိခိုက်မှု မရှိအောင် မြို့ကြီး တွေမှာရှိတဲ့ တပ်မတော်တပ်စခန်းတွေကိုတိုက်ခိုက်တယ်လို့သူကပြောပါတယ်။ ဒီမနက်မှာ နမ့်ဖက်ကာတပ်စခန်း၊ ကွတ်ခိုင်တပ်စခန်း မူဆယ်လမ်းမပေါ်က နမ်းဖတ်လွန်းနဲ့ ရှုခင်းသာနေရာတွေမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။ တိုက်ပွဲအတွင်း ထိခိုက်မှုတွေကိုအတည်မပြုနိုင်ဘူးလို့ ဗိုလ်မှုးတာအိုက်ကျော်ကပြောပါတယ်။

နမ့်ဖက်ကာ ရဲစခန်း အရှေ့ဖက် တောင်ကုန်းမှာ တပ်စွဲထားတဲ့ တပ်မတော်စခန်းတစ်ခုကို မြောက်ပိုင်းမဟာမိတ်တပ်တွေ ကနေ နံနက် ၅နာရီဝန်းကျင်မှာစတင်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။

ဒီပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး တဦးကို မူဆယ်ဆေးရုံမှာဆေးကုသမှု ခံနေရတယ်လို့ မူဆယ် မြို့မရဲစခန်းက ဒုရဲမှူး အေးမြင့်ကပြောပါတယ်။

“မနက်က ထိတွေ့မှုဖြစ်တဲ့ ဖြစ်စဉ် ၂ နေရာစလုံးက နမ့်ဖက်ကာစခန်းနဲ့ ကွတ်ခိုင်စခန်း ၂ နေရာစလုံးအပိုင်ခင်ဗျ။ ဒီ နမ့်ဖက်ကာနားက တိုက်ပွဲဖြစ်စဉ်မှာတော့ အရပ်သားအမျိုးသမီးတယောက် ထိခိုက် ဒဏ်ရာရလို့ မူဆယ်ဆေးရုံပို့လိုက်တယ်လို့ပြောတယ်။ တိုက်ပွဲကတော့ မနက် ၇ နာရီလောက် က ပြီးသွားတယ်လို့ပြောတယ်။”

ဒါ့အပြင် ကွတ်ခိုင်မြို့ထဲက မြန်မာတပ်မတော်(၂၄၂)တပ်ရင်းကို မဟာမိတ်တပ်တွေ ဝင်တိုက်တဲ့ အခြေအနေကိုတော့ ကွတ်ခိုင်မြို့ခံ NLD ပါတီက ဦးစိုင်းသိန်းမောင်ကအခုလိုပြောပါတယ်။

“မနက်ကလည်း ကွတ်ခိုင်ပတ်ဝန်းကျင်မှာလည်း အသံတွေအကုန်ကြားနေရတယ်။ ဆူညံနေတာပဲ နာရီဝက်၊ ၁ နာရီနီးပါးလောက်ပဲရှိတယ်။”

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲနဲ့ပက်သက်ပြီးမြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို တပ်မတော် ဘက်က အခြေအနေသိနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး အဖွဲ့ကိုကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ယခင်ကာလတွေတုန်းက တောတွင်းဘက်မှာသာတိုက်ပွဲဖြစ်လေ့ဖြစ်ထရှိပေမယ့် အခုဆိုမြို့တွင်း တွေမှာပါ တိုက်ပွဲဖြစ်လာ နေတဲ့အပေါ်ဒေသခံတွေစိုးရိမ်နေရတယ်လို့ ဦးစိုင်းသိန်းမောင်က ပြောပါတယ်။

“လက်နက်ကြီးက အပြန်အလှန်ပစ်တဲ့အခါမှာ ဒီဘက်က ပစ်လို့ရှိရင်လည်း ရွာဘက်ကိုက စိုးရိမ်ရတယ်လေ။ ဟိုဘက်က ပစ်လို့ရှိရင်လည်း မြို့ဘက်ကိုက စိုးရိမ်ရတယ် အဲလို ဖြစ်နေတာ။”

ဒါ့အပြင် တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲဖြစ်တဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့ ကနေ မတ်လ(၁၂)ရက်နေ့မှာရှမ်းပြည်နမ္မတူမြို့နယ်က မိုင်းတက်ရွာ၊ နောင်စန့်ရွာ၊ မောတောဝ်ရွာ၊ မောနွဲ့ရွာက ရှမ်းရွာ သား(၉၀)ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ ဒီကနေ့မှာပြန်လည်လွတ်မြောက်လာပြီးလို့ မိုင်းတက်ရွာအုပ်ချုပ် ရေးမှူး ဦးကောလိယက ပြောပါတယ်။

တအာင်းတပ်မတော်အနေနဲ့ကတော့ ဒေသတည်ငြိမ်ရေးနဲ့ လွပ်လပ်စွာ သွားလာရောင်းဝယ်နိုင်ရေး၊ ဒေသလုံခြုံရေး အတွက် တအန်းတပ်မတော်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့ကိစ္စတွေကိုအဓိက ထားပြီး ဆွေးနွေးဖို့ခေါ်ဆောင် တာဖြစ်ပြီး ဒီကနေ့မှာ နေရပ်ကိုပြန်လည်ပို့ဆောင်ခဲ့ပြီးလို့ TNLAဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ခေါ် KIOကချင်လွတ်လပ်ရေးအဖွဲ့ တအာင်းပလောင်တပ်ဖွဲ့ ကိုးကန့်တပ်ဖွဲ့တွေ နဲ့တိုက်ပွဲတွေ ရက်ဆက်ဆိုသလိုဖြစ်ပွါးနေပါတယ်။

တိုက်ပွဲဖြစ်ပွါးနေမှုကြောင့် ကိုးကန်ကဒေသဘက်မှာ သောင်း နဲ့ချီတဲ့စစ်ဘေးရှောင်တွေ ဟာ တရုတ်နိုင်ငံနဲ့ လားရှိုးမြို့ ဘက်မှာ စစ်ဘေးတိမ်းရှောင်နေရသလို တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမူ တွေလဲဖြစ်ပွါးခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အရင်ကဆို တောတွင်းဒေသဘက် မှာတာမြန်မာ့တပ်မတော်နဲ့ ရင်ဆိုင် တိုက်ခိုက်လာတာရှိပေမယ့် လက်ရှိအချိန်မှာမြို့တွင်းဘက် ကို ဦးတည်တိုက်ခိုက်လာတဲ့အနေအထားမျိုးရှိလာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG