သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြစ်ပွားဆဲ လောက်ကိုင်တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ပိုတိုး


ကိုးကန့်ဒေသ တိုက်ပွဲအတွင်းက အစိုးရတပ်သားတဦး (Photo: ကကကြည်း)
ကိုးကန့်ဒေသ တိုက်ပွဲအတွင်းက အစိုးရတပ်သားတဦး (Photo: ကကကြည်း)

ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်နားက ရန်လုံကျိုင်းနဲ့ ကွန်လုံမြို့နယ် နားတဝိုက် ၊ ဒီကနေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ် နေတာကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ လားရှိုးမြို့နဲ့ တရုတ်နယ်စပ်ဘက်ကို ထပ်ပြီးရောက်ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေ သူတွေက ပြောပါတယ်။ ဒီတရက်ထဲမှာတင် လာရှိုးဖက် တိမ်းရှောင် လာသူ ၅၀၀ ဝန်းကျင်ရှိပြီး၊ ကိုးကန့်ဒေသ စစ်ပွဲကြောင့် အခုအချိန်ထိ တရုတ်နိုင်ငံထဲ ထွက်ပြေး တိမ်းရှောင်သူ ၃ သောင်းကျော် ရှိနေပြီလို့ ယူနန်ပြည်နယ် နမ်စမ်မြို့ ဘုန်းကြီးကျောင်းက ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

တရုတ်မြန်မာနယ်စပ်နဲ့ ၂ မိုင်လောက်သာဝေးတဲ့ ရန်လုံကျိုင်းဒေသ တဝိုက်မှာ ဒီကနေ့ မနက်ကနေ ညနေထိ တိုက်ပွဲတွေတောက်လျှောက် ဖြစ်ခဲ့ကြောင်း တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် နမ်စမ်မြို့ဘုန်းကြီးကျောင်း ဆရာတော် ဦးကေသရက VOA ကိုမိန့် ပါတယ်။

“ ကိုးကန့်စစ်တပ်နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်တာပေါ့နော်။ ရန်လုံကျိုင်း မြို့ ဝင်ပေါက်မှာ တနေရာ၊ နယ်စပ်မှတ်တိုင် ၁၂၃ မှာ တနေရာ၊ ၁၂၅ မှာ တနေရာ .. အဲဒီ သုံးနေရာမှာဖြစ်တာ။ တိုက်ပွဲက မနက် ၉ နာရီကနေ ညနေ ၆ နာရီလောက်ကျမှ ငြိမ် သွားတယ်။ အဲဒါ ဒီနယ်စပ် မှာပဲလေ ၊ ဦးဇင်းတို့ ကျောင်းနဲ့ အဲဒီတိုက်ပွဲ ဖြစ်တဲ့နေရာက ၂ မိုင်လောက်ပဲဝေးတာ။ အဲဒါ သေနတ်သံတွေ ဗုံးသံတွေ လက်နက်ကြီး အသံတွေပါ ဒုန်း ဒိုင်း .. ဒုန်း ဒိုင်းနဲ့ မြို့ထဲလောက်ထိ သေနတ်သံတွေ ကြားနေရတယ်။”

ဒီနေ့တရက်ထဲမှာပဲ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနားက ကွန်လုံမြို့တဝိုက်မှာ ကိုးကန့်တပ်ဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ် တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ် ပွားတာကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ လားရှိုးမြို့ဘက်ကို ဆက်ပြီးပြေးနေရ တယ်လို့ လားရှိုးမြို့ မန်ဆူရှမ်းကျောင်း လူမှုကယ်ဆယ်ရေးအဖွဲ့က ဦးမောင်မောင်သန်း က ပြောပါတယ်။

“ ကွန်လုံမြို့နယ်ထဲက ရွာတရွာမှာဖြစ်တယ်။ အဲဒီမှာဖြစ်တယ်ဆိုရင် မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ တပ်မတော် ဒါပဲရှိမယ်။ အဲလိုဖြစ်တော့ ကျနော်တို့ အဖွဲ့ကလည်း ဒီနေ့ အဲဒီဖက် တဖွဲ့တက်သွားတာ၊ အဲဒီမှာ ရွာမှာ ထွက်ပြေးလာကြလို့ သွားသယ်လာတယ်တဲ့ အယောက် ၇၀၊ အခုပြေးလာတဲ့ ဒုက္ခသည်တွေက ကန်မင်းကျေးရွာက ဒုက္ခသည်တွေပါ။ လာရှိုးကို ခေါ်လာနေပြီ သူတို့ ရောက်မလာသေးဘူး။ တိုက်ပွဲ ဖြစ်လို့ သူတို့ထွက်ပြေး လာတာ။ အဲဒါ ဒီနေ့မနက် ဖြစ်တာဗျ။ ဒီတရက်ထဲမှာ ၅၀၀ လောက်ရှိတယ် ၊ ခုနက ၇၀ မပါသေးဘူး ”

လားရှိုးမြို့ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်အများစုဟာ မကွေးတိုင်းက များပြီး၊ လားရှိုး မြို့မှာ ခရီးတထောက်နား ပြုစုစောင့်ရှောက် ပြီးတာနဲ့ သူတို့ရဲ့ မူရင်းဒေသကို ပြန် ပို့ပေးနေကြောင်း၊ ကိုးကန့်ဒေသ စစ်ကြောင့် လာရှိုးမြို့ ဘက်ပြေးလာသူ ၃ ထောင်ကျော် ၄ ထောင်နီးပါး ရှိကြောင်း ဦးမောင်မောင်သန်းက ပြောပါတယ်။

လတ်တလောမှာ အစိုးရတပ်တွေကလောက်ကိုင်မြို့ကို လုံခြုံရေးအပြည့် ယူထားပြီး နေ့စဉ် ကင်းလှည့်တာမျိုးတွေရှိနေပေမယ့် လောက်ကိုင် မြို့နဲ့ ပတ်ဝန်းကျင်ဒေသ တွေမှာ လုံခြုံမှု လုံးဝမရှိဘူးလို့ လောက်ကိုင်မြို့ကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဦးမောင်မောင်သန်း က ပြောပါတယ်။

“ ကင်းလှည့်တာတွေ့တယ်၊ ကင်းလှည့်တာက စစ်သားတွေ ရှေ့နောက်အကုန် ကားကြီးပေါ်မှာ သေနတ်ထောင်ပြီး ကင်းလှည့်နေ တာတော့ တွေ့ခဲ့တယ်။ တမြို့လုံးကို တနေ့လုံး ပတ်နေတာ။ မြို့နဲ့ ၁၀ မိနစ် ၁၅ မိနစ်သွားရင် ရောက်မယ့်နေရာတွေမှာက လုံခြုံမှု လုံးဝမရှိဘူး။ ပတ်ဝန်းကျင်က ရွာတွေလို့ ဆိုရမှာပေါ့။ အဲဒီဘက်တွေကိုလည်း လှမ်းပစ်နေတာတွေ ရှိတယ်။ အဲဒီမှာကို ဒုက္ခသည်တွေ ရှိတယ်လို့ ကြားသိ ရတယ်။ ဒါပေမယ့် ဒကစ(ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)က ခွင့်မပြုရင် (မင်းသား) ကိုဝေဠုကျော် သွားသယ်လို့ မရဘူး။ အဲဒီနား သွားလို့ မရဘူး။ လုံခြုံရေးအရ လုံးဝ ခွင့်ပြုလို့မရဘူး အန္တရာယ် ရှိတယ်ဆိုပြီး ပေးမသွားတော့ သွားမခေါ်နိုင်ဘူး။ ရှင်းရှင်းပြောရင် အားလုံးက စိုးတထိန့်ထိန့် နဲ့ပါပဲ အဲဒီလောက်ကိုင် တင်မကဘူး လားရှိုးဘက်က လူတွေကအစ တပ်ကထိုးစစ် အကြီးအကျယ် မဆင်သေးတာလား၊ ဒါမှမဟုတ် ၁၀ တန်းစာမေးပွဲ ရှိလို့လား ဘာလား ညာလားပေါ့ဆိုပြီး စိုးရိမ်မှုတွေက ကျနော်တို့ ကိုယ်တိုင်မှာ ရှိနေတယ်။”

ကိုးကန့်ဒေသတိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်ခြမ်း နမ်စံမြို့ဘက်ကို စစ်ဘေး တိမ်းရှောင်လာသူ ဒီနေ့အချိန်ထိ ၃ သောင်းကျော်ရှိနေပြီး နယ်စပ်မှတ်တိုင် ၁၂၅ မှာ ဖွင့်ထားတဲ့ တရုတ်အစိုးရ ဒုက္ခသည် စခန်းမှာတော့ ကူညီစောင့်ရှောက် မှုတွေရှိကြောင်း နမ်စမ်ကျောင်း ဆရာတော် ဦးကေသရက မိန့်ပါတယ်။

“ လောက်ကိုင်မြို့ရဲ့ ပတ်ဝန်းကျင် အားလုံးဟာ အကုန် ပြေးလာခဲ့ကြပါတယ်။ ဒီနေ့ထိ ဆိုရင်တော့ ၃ သောင်းကျော်ပြီ တကာကြီး၊ လောလောဆယ် ရွာထဲမှာက စာရင်းပဲေ ကာက်ထားတာ။ ကိုယ့်အိမ် ကိုယ့်လူမျိုး ကိုယ့်အသိပုဂ္ဂိုလ်တွေက ကျွေးပေးပါတဲ့ … သူတို့ အဲလိုပဲ။ လောလောဆယ်ကတော့ သူတို့က ဘာမှ ကူညီမှု မရှိသေးဘူးပေါ့။ ဒီဒုက္ခသည် စခန်းကတော့ သူတို့အပြည့်အဝ အကုန်လုံး ချက်ကျွေးပေး ပါတယ်။ ဒီနမ်စမ်မြို့သစ်ပေါ့ ၁၂၅ မှတ်တိုင်ပေ့ါနော်။ နိုင်ငံရေးအရ စစ်ရေးအရ ကောင်းမွန်စွာ ဆွေးနွေးပါ၊ မြန်မြန် ဆန်ဆန် နားလည်ပေးပါ ..ဘုန်းကြီးက ဒါကို မေတ္တာရပ်ခံချင်ပါတယ်။”

တရုတ်နိုင်ငံတွင်း စစ်ဘေးရှောင်လာသူ ၂ သောင်းလောက်ရှိမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာပြောခဲ့ ပေမယ့် လောလောဆယ် ဒုက္ခ သည်တွေ တိုးလာနေတာဖြစ်ပါတယ်။ လောက်ကိုင်မြို့တဝိုက် ကိုးကန့်ဒေသက စစ်ဘေးရှောင် ဒုက္ခသည်တွေ ကယ်ဆယ်ရေးအတွက် ရုပ်ရှင်မင်းသား ဝေဠုကျော် ဦးဆောင်တဲ့ အဖွဲ့က ကြက်ခြေနီအသင်းကို ကိုယ်စားပြုပြီး သွားရောက် ကယ်ဆယ်နေ တာ ဖြစ်ပါတယ်။ ကျန်တဲ့ ပရဟိတအဖွဲ့တွေကိုတော့ စစ်တပ်ကအဲဒီဒေသကို ဝင်ရောက်ခွင့် မပေးသေးပါဘူး။ ဒီကနေ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG