သုံးရလွယ်ကူစေသည့် Link များ

ရှမ်းပြည်နယ် လောက်ကိုင်မြို့ကို ကိုးကန့်လက်နက်ကိုင်တပ်တွေ မနေ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည် ဆုတ်ခွာချိန်မှာ မြို့တွင်း လောင်းကစားဝိုင်းက ၀န်ထမ်း ရာနဲ့ချီ ခေါ်ဆောင်ခဲ့တယ်လို့ မြောက်ပိုင်း စစ်ရေးမဟာမိတ် အဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ ဒီလူတွေကိုတော့ လုံခြုံရေး စိုးရိမ်ချက်နဲ့ ခေါ်ဆောင်သွားတာဖြစ်ပြီး တရုတ်နိုင်ငံ နမ့်ဆန်မြို့က ဒေသဆိုင်ရာ အာဏာပိုင်တို့ထံကို လွှဲအပ်ပြီးဖြစ်လို့ ဒီလူတွေရဲ့ လုံခြုံရေး အာမခံပါတယ်လို့လည်း ပြောပါတယ်။ လောက်ကိုင်မြို့ပေါ်ကနေ လောင်းကစားဝိုင်းက ၀န်ထမ်းတွေကို ဘာကြောင့် ရွေးပြီး ခေါ်သွားရပါသလဲ ဆိုတာနဲ့ တန်ဆာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိပါသလားဆိုတဲ့ အပေါ် ဖုန်ကြားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ရဲ့ ပြောခွင့်ရ TNLA တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အတွင်းရေးမှူး တာ့ဖုန်းကျော်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတာမှာ သူက အခုလို ဖြေကြားပါတယ်။

“ဖြေ။ ။ ကာစီနို (Casino) ၀ိုင်းကို ၀င်ပြီးတော့ စီးတဲ့အချိန်မှာ ကာစီနိုဝိုင်းမှာရှိတဲ့ ၀န်ထမ်းတွေရှိပါတယ် အဲဒီဝန်ထမ်းတွေက အမျိုးသမီးရော၊ ယောက်ျားလေးရော လူ ၃၀၀ ကျော်ပါတယ်။ အဲဒါကတော့ ကျနော်တို့ဘေးလွတ်ရာကို ပို့ဆောင်ပြီးဖြစ်ပါတယ်။

မေး။ ။ လောက်ကိုင်မြို့ပေါ်မှာ ဒီလောင်းကစားဝိုင်းမှာ အလုပ်လုပ်တဲ့ သူတွေပေါ့နော် ဟုတ်ပါသလား။

ဖြေ။ ။ဟုတ်ကဲ့ပါ။ လောက်ကိုင်မြို့ပေါ်မှာ ပိုင်ဆောက်ချိန်တို့ ဖွင့်ထားတဲ့ ဒီလောင်းကစားဝိုင်းမှာ တရုတ်နိုင်ငံသား တွေရော ကိုးကန့်တွေရော ဒေသခံ တရုတ်တွေရော ပြီးတော့ တခြားတိုင်းရင်းသား လူမျိုးတွေလည်း ပါပါတယ်။ အဲဒီမှာ ၀န်ထမ်းတွေ လုပ်နေတာဖြစ်ပါတယ်။

မေး။ ။ သူတို့ သဘောဆန္ဒအရ ဗိုလ်မှူးတို့က ရွှေ့ပေးခဲ့တာပါလား ဘယ်လိုစိုးရိမ်ချက်တွေ ပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ပါ ကျနော်တို့က ဒီလိုတိုက်ပွဲတွေပြင်းထန်တဲ့အခြေအနေ ပြီးခဲ့တဲ့ အတွေ့အကြုံတွေအရ တိုက်ပွဲပြင်းထန်ပြီဆိုရင် သူတို့မှာ လုံခြုံမှုမရှိနိုင်ဘူး အဲဒါကြောင့်ကျနော်တို့က သူတို့ကို လုံခြုံတဲ့နေရာ ပို့ပြီးတော့မှ ခေါ်သွားပြီးတော့မှ အဲဒီ တရုတ်ဘက်ကိုကျနော်တို့ ပို့ပေးတာဖြစ်ပါတယ်။ဒါက ကျနော်တို့ဘက်က စီမံမှုပါ ၊ ကျနော်တို့ဘက်က စဉ်းစားပြီးတော့မှ လုံခြုံတဲ့နေရာကို ကျနော်တို့ ပို့ပေးတာပါ အခုဆိုရင်တော့ အကုန်လုံး သူတို့ တရုတ်ပြည်နယ်စပ်ကို မကျော်ခင်မှာတော့ ကျနော်တို့ ကိုးကန့်အဖွဲ့ကတော့ သူတို့ကို သေချာရှင်းပြပါတယ်။ ကိုးကန့်က ဘာဖြစ်လို့ ဒီလိုတော်လှန်ရေးတွေလုပ်ရသလဲ၊ ဘာဖြစ်လို့ တိုက်ပွဲတွေလုပ်ရသလဲ စသဖြင့် သူတို့ နားလည်သဘောပေါက်အောင် ရှင်းပြပြီးတော့မှ သူတို့ကို ခရီးစရိတ်အဖြစ် သူတို့ အရေးပေါ်သုံးနိုင်ဖို့ ၁ ယောက်ကို ယွမ်ငွေ ၃၀၀ ပေးပြီးတော့မှ နမ့်ဆန်မြို့ထဲကို၊ နမ့်ဆန်မှာရှိတဲ့ ဒေသခံ အာဏာပိုင်တွေ လက်ထဲကို အကုန်အပ်ပေးလိုက်ပါတယ်။ လုံခြုံတဲ့ နေရာကို။

မေး။ ။ ဒီလူတွေက တရုတ်နိုင်ငံသားတွေ ဖြစ်တဲ့ အတွက်ကြောင့် ကယ်ထုတ်သွားရပါသလား။ ဒါမှမဟုတ် လောက်ကိုင်မြို့ခံတွေ မဟုတ်တဲ့ အတွက်ကြောင့် ဒီလို ရွှေ့ပြောင်းပေးရပါသလား။ လောက်ကိုင်မှာ သူတို့ အပြင် တခြား သူတွေလည်း နေနေကြတာပဲ။ သူတို့ဘဲ ဘာကြောင့် ရွှေ့ပြောင်းခံရတာလဲ။ ဒါလေး သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ အဲဒီမှာ ရှိတဲ့ လောင်းကစား ၀န်ထမ်းတွေက တရုတ်ပြည်မှာရှိတဲ့ တရုတ်လူမျိုးတွေလည်း ပါတယ်။ ယောကျာ်းရော မိန်းကလေးရော။ နောက်ပြီးတော့ လောက်ကိုင် ဒေသခံ တရုတ်လူမျိုး ကိုးကန့်လူမျိုးတွေလည်း ပါတယ်။ အဲဒါ အပြင်ကို မြန်မာနိုင်ငံက တခြား ဒေသက လာတဲ့ တရုတ်စကား ပြောတတ်တဲ့ ၊ တရုတ် စကားမပြောတတ်ပေမယ့် အဲဒီမှာ အလုပ်လုပ်နေတဲ့ တခြား တိုင်းရင်းသူတွေလည်း ပါပါတယ်။ အဲဒါကို တိုက်ပွဲကလည်း ပြင်းထန်လိုက်တဲ့ မြို့ထဲမှာလည်း တိုက်ပွဲ ပြင်းထန် နိုင်တဲ့ အနေအထား ရှိတဲ့ အတွက် ကျနော်တို့က ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ဒါက ကျနော်တို့ရဲ့ ကျနော်တို့က ၀င်ရောက် ဒါ ပယ်ဆောက်ချိန်ရဲ့ နေရာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ၀င်ရောက် ရှင်းလင်းတဲ့ အချိန်မှာ ကျနော်တို့က မတတ်နိုင်တဲ့ အဆုံး ကျနော်တို့က ဒီလိုတွေ့တဲ့ အတွက်ကြောင့် ကျနော်တို့က အကောင်းဆုံး ဖြစ်အောင် စီမံတာဘဲ ဖြစ်ပါတယ်။ ဒီလောက်ကိုင်မြို့ အတွင်းထဲမှာ ရှိနေတဲ့ ဒုက္ခသည်တွေကတော့ တချို့ ကျနော်တို့ ကူပေးနိုင်တာ ရှိတယ်။ တချို့ ကျနော်တို့ မကူပေးနိုင်တာတွေလည်း ရှိပါတယ်။ သူတို့ဟာ သူတို့လုံခြုံတဲ့ နေရာကို ထွက်ပြေးတဲ့ဟာတွေလည်း ရှိပါတယ်။

မေး။ ။ ဓားစာခံတွေကို ၀င်တိုက်ခဲ့တဲ့ တပ်တွေက ခေါ်သွားတယ် ပြောပါတယ် ဒီအပေါ်မှာရော …

ဖြေ။ ။ ကျနော်တို့ အဲလို ဓားစာခံ အနေနဲ့ ဖမ်းထားတာ မရှိပါဘူး။ အခုလောလောဆယ်မှာ ကျနော်တို့ ဒီ မြန်မာ့တပ်မတော်ဘက်က အစိုးရဘက်က လက်နက်တွေရော၊ တချို့ ကိုးကန့်နဲ့ အမျိုးတူတဲ့ ပိုင်ဆောက်ချိန်တို့ ဘက်က နယ်ခြားစောင့်တပ် တဖြစ်လဲပေါ့နော် အဲဒါ သူတို့ရဲ့ လူတွေရော၊ တချို့ လက်နက်တွေရော ကျနော်တို့ ရတယ် လူတွေလည်း အနည်းအကျဉ်း ဖမ်းမိထားတာ ရှိတယ်။ အဲဒါ အပြင်ကို မြန်မာ အစိုးရရဲ့ တပ်တွေ အဲဒီမှာ တာဝန်ယူထားတဲ့ တပ်မ ၅၅ တို့ တပ်မ ၆၆ တို့က အဲဒီမှာ ကျနော်တို့ဆီလာပြီး အလင်းဝင်နေတဲ့ ဟာတွေလည်း ၂၀ ကျော်ကျော်တော့ ရှိပါတယ်။ လောလောဆယ်။

မေး။ ။ဗိုလ်မှူးတို့ ရွှေ့ပြောင်းပေးခဲ့တယ်ဆိုတဲ့ ဒီ လူ ၃၀၀ ကျော်ပေါ့နော်။ ဒီလူတွေ လုံခြုံရေး အတွက် ဗိုလ်မှူးတို့ ဘယ်လောက် အာမခံထားပါလဲ။

ဖြေ။ ။ အခုက တရုတ်ပြည်ထဲကို ရောက်သွားပြီ ဆိုတော့ လုံးဝကို လုံခြုံသွားပြီလို့ ကျနော်တို့ ပြောလို့ ရပါတယ်။ ဒါက ဒေသခံ တရုတ် အာဏာပိုင်တွေ နမ့်ဆန် တရုတ် တာဝန်ရှိသူတွေက အကုန်လုံး တာဝန်ယူထားပြီး ဖြစ်ပါတယ်။ သူတို့ လုံခြုံရေးက လုံးဝ အာမခံသွားပြီလို့ ပြောလို့ ရပါတယ်။

XS
SM
MD
LG