သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသ စစ်ရေးတင်းမာမှုအရှိန်မြင့်


၂၀၁၅ ဖေဖဝါရီလ ကိုးကန့် တိုက်ပွဲအတွင်း တပ်မ ၅၅ ချီတက်စဉ်
၂၀၁၅ ဖေဖဝါရီလ ကိုးကန့် တိုက်ပွဲအတွင်း တပ်မ ၅၅ ချီတက်စဉ်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်အတွင်းမှာ ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့သလို မော်ထိုက်ဒေသမှာ အစိုးရတပ်ဘက်က လူသူလက်နက်အင်အားတွေဖြည့်တင်းနေကြောင်း ကိုးကန့်တပ်ဖွဲ့ဖက်က ပြောပါတယ်။ ဒီတိုက်ပွဲတွေဟာ ဇန်နဝါရီလကတည်းက စတင်ခဲ့တာ တလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုးကန့်ဒေသတွင်းက တိုက်ပွဲအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဇန်နဝါရီလတတိယ ပတ်လောက်က စတင်လာခဲ့ပြီး ဒီရက်ပိုင်းတွေအတွင်း တိုက်ပွဲတွေဟာ လောက်ကိုင်နဲ့ မော်ထိုက်ကြားမှာ ဖြစ်ပွားခဲ့သလိုဆက်လက် ပြင်းထန်လာမယ့် အခြေအနေတွေလည်း ရှိနေပါတယ်။

ကိုးကန့်ဒေသတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲနဲ့ စစ်ရေးအခြေအနေကို MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ တပ်မဟာ ၂၁၁ က အရာရှိတဦးက အခုလို ပြောပါတယ်။

“လောက်ကိုင်နဲ့ မော်ထိုက်ကြားမှာ ၊ ဒီမော်ထိုက်ဘက်မှာတော့ အများကြီးတက်လာတယ် အခုအခြေအနေမှာ ရန်သူက အများကြီးတက်လာတယ်။သူတို့တက်လာတယ်ဆိုတော့ အခု ပစ္စည်းတော့ လျှော့ထားတယ် ဒါပေမယ့် လူတော့တက်လာတယ်။ တပ်မ ၄၇၇၊ တပ်မ ၅၅ ၊ နောက် လေယာဉ်ကတော့ တရက် ၃ ခါ၊ ၄ ခါလောက်တော့လာတယ်။ အခု သူတို့လက်နက်ကြီးတွေလည်းအများကြီးပို့လာတယ်။”

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တလနီးပါး ကြာမြင့်လာပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

“၂၀၁၇ ခုနှစ် ၁လတုန်းကတည်းကဆိုရင် ၁ လရှိပြီ၊ တရက်မှမနားဘူး အခုလောလောဆယ်တော့ နည်းနည်းနားနေပါတယ်။”

ဒီတိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ကချင်၊ ပလောင်၊ကိုးကန့်နဲ့ ရခိုင်တပ်ဖွဲ့တွေစုပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ မုံးကိုးဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကျယ်ပြန့်လာတာလည်း ဖြစ်ပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကတိုက်ပွဲတွေ ရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာ ဖြေရှင်းစေလိုကြောင်း အခုလို ပြောပါတယ်။

“လောက်ကိုင်နဲ့ မော်ထိုက် ကျနော်တို့ အုပ်စု ၂ ခုမှာဖြစ်နေကြတယ်၊ ကုန်းကြမ်းမဲဆန္ဒနယ် ၂ မှာဖြစ်တာပေါ့ အဓိကတော့ ကျနော်တို့ ၂၁ ပင်လုံ ဒုတိယအခေါက်မှာ ကျနော်တို့ အကုန်လုံးပါဝင်ဆွေးနွေးဖို့ပဲ ကျနော်တို့ကတော့ဖြစ်စေချင်တာပေါ့။ လက်နက်ကိုင်အဖွဲ့တွေလည်း ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပြောသလိုပဲ ၊ စားပွဲဝိုင်းပေါ်ရောက်ဖို့ပဲ အဲဒီကိုရောက်လို့ရှိရင်တော့ တောင်းဆိုချက်တွေပြော အဲဒါမှ အဖြေပေါ်လာမှာပေါ့၊ ဒီအတိုင်းပဲ တိုက်နေရင်တော့ ကျနော်တို့နိုင်ငံတော်ကြီးက ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် ကိုရောက်ဖို့က မလွယ်သေးဘူး ပေါ့နော်။”

ဒီရက်ပိုင်းအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာလည်း အစိုးရတပ်မတော်နဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။မြန်မာပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ဖွဲ့ရှိနေပြီး တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ အဖွဲ့ ၁၅ဖွဲ့ကိုသားဖိတ်ခေါ်ခဲ့ပါတယ်။ ၁၅ဖွဲ့ မှာ ၈ဖွဲ့က သာလက်မှတ်ရေးထိုးခဲ့သလို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ TNLA ခေါ် ပလောင်တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့၊ AA ခေါ် ရခိုင်တပ်ဖွဲ့တွေကို ဖိတ်ခေါ်တာမရှိခဲ့ပါဘူး။ NCA မှာ ပါဝင်လက်မှတ် မရေးထိုးတာကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကိုလည်း တက်ရောက်ခွင့် မရပါဘူး။

ဒီအပေါ်မှာတော့ ဦးကျော်နီနိုင်က အခုလို သုံးသပ်ပါတယ်။

“၂ ဘက်စလုံးကြိုးစားပေးဖို့လိုလိမ့်မယ်လို့ ကျနော်တို့ကတော့ ဒီလိုပဲ သုံးသပ်လို့ရမှာပေါ့။”

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်အဖွဲ့တွေ အားလုံး NCA ကို လက်မှတ်ရေးထိုးပြီး ၂၁ရာစုပင်လုံမှာ ပါဝင်ဖို့ တိုက်တွန်းထားပါတယ်။ ဒီလ ၆ရက်နေ့က ကျင်းပတဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးက ၂၁ရာစုပင်လုံကို ဖေဖော်ဝါရီ ၂၈ရက်နေ့မှာ ကျင်းပဖို့ လျာထားခဲ့ပေမဲ့ အခုအခါ မတ်လ ဒုတိယပတ်အတွင်းကို ရွှေ့ဆိုင်းဖို့ ပြင်ဆင်ထားပါတယ်။

လက်ရှိ ကိုးကန့်ဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့အတွက် တရုတ် အစိုးရ ကိုယ်စားလှယ်က ဇန်နဝါရီလအတွင်း ကြားဝင်ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့နောက်မှာ ဖြစ်ပွားလာခဲ့တာဖြစ်ပြီး တွေ့ဆုံဆွေးနွေးဖို့ကိုတော့ အခုချိန်ထိ ညှိနှိုင်းနိုင်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG