သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင် စစ်ပြေးဒုက္ခသည်များ အစိုးရ အကူအညီပေး


လောက်ကိုင် စစ်ပြေးဒုက္ခသည်များ
လောက်ကိုင် စစ်ပြေးဒုက္ခသည်များ

လောက်ကိုင်စစ်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို အစိုးရနဲ့ ပုဂ္ဂလိက ပရဟိတအဖွဲ့အစည်းတွေ ပေါင်းပြီး အကူအညီပေးနေပြီး ၊ ပြန်လည် တည်ငြိမ်လာတဲ့အခါမှာ သူတို့ဆန္ဒနဲ့နေရပ်ကို ပြန်ပို့ပေးမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုလို လက်နက်ကိုပဋိပက္ခတွေ မြို့ပေါ် အထိ ရောက်လာတဲ့အတွက် ဒေသခံအရပ်သားပြည်သူတွေကိုပဲ ထိခိုက် မှုဖြစ်စေ တယ်လို့ အစိုးရဘက်ကပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအိသန့်စင်က ပြောပြမှာပါ။

လောက်ကိုင်စစ်ပွဲကြောင့် လောက်ကိုင်ဒေသခံတွေအပြင် လောက်ကိုင်ဒေသမှာ သွားရောက်အလုပ်လုပ်နေကြသူတွေဟာလည်း မတည်ငြိမ်မှုတွေကြောင့် ရှမ်းပြည်နယ်အတွင်း နီးစပ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။ ဒီ ဒုက္ခသည်တွေကိုတော့ မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး (လူကယ်ပြန်ဌာန) နဲ့ အခြားပုဂ္ဂလိက ပရဟိတအဖွဲ့တွေက အကူအညီပေးနေရပါတယ်။

လက်ရှိအကူအညီပေးနေတဲ့အခြေအနေနဲ့ပတ်သက်လို့ လူကယ်ပြန်ဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“လောက်ကိုင်မှာ သွားပြီးတော့ အလုပ်လုပ်ကိုင်နေတဲ့အဖွဲ့တွေရှိတယ်လေ။ ကျနော်တို့ အောက်ပြည်အောက်ရွာက၊ တချို့က လူဦးရေ ၁၀၀၀ ကျော်လောက်က လားရှိုးကိုရောက်လာတာပေါ့ မန်ဆူဘုန်းကြီးကျောင်းမှာလေ။ ကျနော်တို့တွေရယ် လူကယ်ပြန်အဖွဲ့တွေရယ် ၊ နောက်ကျန်တဲ့ ပရဟိတတွေ ဒေသခံအဖွဲ့တွေနဲ့ ကျနော်တို့ ချက်ပြုတ်ကျွေးမွေး အဲဒီမှာ စောင့်ရှောက်ထားတယ်ပေါ့။ ကျနော်တို့ ဆန်ရိက္ခာတွေပေး တာတို့ ငါးသတ္တာတွေပေးတာတို့ အဲဒါတွေပေးပြီး လူ ၁၀၀၀ ကျော်လောက်ကတော့ မန္တလေးဘက်ကို ပြန်ဆင်းသွားမိတာပေါ့။ အဲဒီတော့ လားရှိုးမှာတော့ ၃၀၀ လောက်တော့ ကျန်သေးတာပေါ့။”

ပဋိပက္ခတွေ ငြိမ်းသွားတဲ့အခါ နေရပ်ရင်းကို ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ရှိတဲ့အစီအစဉ်ကိုလည်း သူက ဆက်ပြောပါတယ်

“သူတို့ဆွေမျိုးသားချင်းတွေမှာနေတယ်။ တချို့တွေက အောက်ပြည်ကိုပြန်ချင်တယ်ဆိုရင် ကျနော်တို့ အောက်ပြည်ကို ပြန်သွားတယ်။ အားလုံးအေးချမ်းသွားပြီ ငြိမ်းချမ်းသွားပြီဆိုရင် ကျနော်တို့က လောက်ကိုင်ကို ပြန်ပြီးတော့ ပို့ပေးတာပေါ့။ အဲဒီလို ပို့တဲ့အခါမှာလည်း ကျနော်တို့က အဲဒီလို ဦးဆောင်ပြီး ပို့ပေးသလို ဟိုမှာ နေတဲ့ထိုင်တဲ့အခါမှာလည်း စားဖို့ရိက္ခာ၊ နေစရာ တဲ ကအစပေါ့ ။ အလုပ်ကိုင်က ဟိုမှာ ကောင်းတော့ ပြီးခဲ့တဲ့အခေါက်မှာလည်း ပြန်လာကြတာပဲ၊ ပြန်လာတာဖြစ်တဲ့အတွက် အဲဒီပြန်လာတဲ့အခါဆိုရင်လည်း ပြန်ပို့တာတို့ ဟိုဘက်မှာလိုအပ်တာတွေ ရိက္ခာတွေထောက်ပံ့တာတို့ ဆက်လုပ်ပေးပါတယ်။”

လောက်ကိုင်ဒေသတစ်ခုတည်းမှာသာမက ပဋိပက္ခတွေ ရှိနေတဲ့တခြား ရှမ်း၊ ကချင်၊ တိုင်းရင်းဒေသတွေမှာ လက်တလော အထောက်အပံ့တွေပေးတာသာမက သူတို့စခန်း မှာနေပြီး နေရပ်ရင်းကို ပြန်တဲ့အခါ အဆင်ပြေအောင် ဖွံ့ဖြိုးရေးသင်တန်းတွေကိုလည်း သင်ကြားပေးတဲ့အစီအစဉ်တွေအကြောင်းကို ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပြပါတယ်။

“ထောက်ပံ့ရေးပစ္စည်းပေးတာနဲ့အတူတူကျနော်တို့က Development ကို ဦးတည် သွားတာပေါ့နော် ဒီမှာ camp ထဲမှာနေတုန်းမှာ အသက်မွေးဝမ်းကျောင်း တတ်သွားအောင်လို့ ကျနော်တို့ အခုလုပ်နေတယ်။ ရှမ်းတွေမှာရော၊ ကချင်မှာရော၊ ရခိုင်မှာရော အသက်မွေးဝမ်းကျောင်း ပညာတွေအဓိကပေါ့နော် ၊ သူတို့ဒီမှာနေရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေရသွားမယ် ။ သူတို့က တောက်လျောက်ဒီမှာနေမှာမဟုတ်ဘူး ပြန်ကြမယ်လေ။ ပြန်တာကတော့ ကိုယ့်အိမ်ကို ကိုယ်ပြန်တာပေါ့၊ ကိုယ့်အိမ်ကိုပြန်လို့မရရင် ကျနော်တို့ နေရာ ပြန်ချထားတဲ့နေရာကို သူတို့သွားရမှာပေါ့နော် ၊ ဒီလိုရေရှည်ကျတော့ မဖြစ်နိုင်ဘူးဆိုတော့ အဲဒီတော့ ကျနော်က ဒီမှာနေတုန်း အချိန်မကုန် သွားအောင် ဆိုပြီးတော့ အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးဖို့လုပ်တယ်။ နောက်ပြီးတော့ သူတို့ စိတ်ပါသလိုပေါ့နော်၊ တချို့အမျိုးသမီးတွေက စက်ချုပ်သင်ချင်တယ်ပြောတယ်၊ တချို့အမျိုးသားတွေတော့ ကားမောင်းသင်ချင်တယ်လို့ပြောတယ် အဲဒါမျိုးတွေမေးပြီးတော့ ကျနော်တို့ လုပ်လေ့ရှိတယ်။”

လောက်ကိုင်ဒေသမှာ တပ်မတော်တပ်ဖွဲ့တွေက လက်ရှိမှာ လုံခြုံရေး တည်ငြိမ်ရေး အတွက် ဆက်လက်ဆောင်ရွက်နေ ပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင်စခန်း စုစုပေါင်း ၁၁ နေရာ ရှိပါတယ်။ လားရှိုး၊ သီပေါ၊ နမ်ပတူမှာ ၆နေရာ၊ မူဆယ် ၂ နေရာ၊ ကွတ်ခိုင်မှာ ၁ နေရာ ရှိပြီးတော့ ဒီညနေအထိ စာရင်းအရ အိမ်ထောင်စုပေါင်း ၅၉၃ စု လူပေါင်း ၂၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာပါတယ်။ ဒီလိုပဋိပက္ခတွေ ဖြစ်တဲ့အခါ တကယ်စစ်ဘေးဒဏ် တိုက်ခိုက်ဒဏ်တွေကို ခံစားရတာက ပြည်သူတွေဖြစ်တဲ့အတွက် အမြန်ဆုံးငြိမ်းချမ်းစေချင်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါ တယ်။

“ဒီမှာ ဖြစ်တဲ့အခါမှာ အကြောင်းပြချက်တွေ အမျိုးမျိုးပြောကြတယ်ပေါ့နော် ၊ တကယ့် မြို့ပေါ်တွေမှာ ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ တကယ်စစ်ဘေးဒဏ်ခံစားရတာကတော့ ဌာနေ မျိုးနွယ်စုတွေ။ ဌာနေဆိုတာက အဲဒီဒေသမှာရှိတဲ့ ကိုးကန့်တွေ နေတဲ့ဒေသ အဲလိုမျိုး ဒုက္ခရောက်ကြတာဖြစ်တယ်။ အဲဒါအပြင် အဲဒီဒေသမှာရောက်နေတဲ့ ကျန်တဲ့တိုင်းရင်းသား ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ ဒုက္ခရောက်ကြတယ်ပေါ့နော် ၊ အဲဒီတော့ ဟိုဘက်မှာ တချို့အဖွဲ့တွေပြောနေတဲ့ စကားတွေရှိပါတယ်။ တောထဲမှာ စစ်ဆင်ရေးဆောင်ရွက်နေတဲ့ အတွက် ဒီမြို့ပေါ်မှာလာတိုက်တယ်ဆိုတဲ့ အကြောင်းပြချက်။ ဒါက ကျနော်တို့ ‘ကြွက်မနိုင် ကျီမီးနဲ့ရှို့’ဆိုတဲ့သဘောမျိုး။”

လောက်ကိုင်စစ်ပွဲကြောင့် ဒေသခံတွေနဲ့ အလုပ်သမားတွေဟာ မြန်မာနိုင်ငံပြည်တွင်းကို ဝင်ရောက်ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို၊ တရုတ်နိုင်ငံထဲကို ဝင်ရောက် ခိုလှုံသူတွေရှိတယ်လို့ သိရပါတယ်။ လောက်ကိုင်မြို့ပေါ်မှာတော့ တိုက်ပွဲတွေ မရှိတော့ပဲ၊ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက မြို့ကို ထိန်းချုပ်ထားတာမို့ ပုံမှန်နီးပါး အခြေအနေပြန်ရောက်နေပြီ လို့ ဆိုရမှာပါ။ ဒါပေမယ့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေ ကို မြန်မာစစ်တပ်က အနီးအနားတဝိုက် လိုက်လံ ရှင်းလင်းနေတာကြောင့် လောက်ကိုင်မြို့အနီး တရုတ်နယ်စပ်တဝိုက်မှာတော့ ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG