သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဒေသတိုက်ပွဲ ချက်ချင်းရပ်ဖို့ တရုတ်တောင်းဆို


တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang (the ministary of foreign affair)
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang (the ministary of foreign affair)

တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးရစေဖို့ ၂ နိုင်ငံ နယ်စပ်ဒေသမှာ တိုက်ခိုက်နေတဲ့ အဖွဲ့အားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်စဲကြဖို့ တရုတ်အစိုးရက ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ အခု သီတင်းပတ်အတွင်း ထပ်မံ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် ဒေသခံ ၂ သောင်းကျော် တရုတ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက်လာတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang ကပြောပါတယ်။ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာတာအတွက်လည်း တရုတ်နိုင်ငံက အပြစ်တင် ရှုံ့ချပါတယ်။ ဒါ့အပြင် ဒီဒုက္ခသည်တွေကို တရုတ်အစိုးရက အကူညီတွေ ပေးနေ သလို နယ်စပ်ဒေသ တည်ငြိမ်မှု ရစေရေးအတွက် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။

လားရှိုးဘက်ကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေး နေသူတွေကတော့ တရုတ်ဘက်ခြမ်းကို ထွက်ပြေးကြသူတွေဟာ တရုတ်ဘာသာ စကား ပြောတတ်သူတွေ ဖြစ်ပြီး တိုက်ပွဲတွေ စတင်ကတည်းက တံတားအားလုံးကို တရုတ်ဘက်က ပိတ်ထားလိုက်ပြီး မြန်မာ ဒုက္ခသည်တွေကို ပေးမဝင်ပဲ တရုတ်တွေကိုပဲ ပေးဝင်တယ်လို့ VOA ကိုပြောပါတယ်။

လောက်ကိုင်ဝန်းကျင်မှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေ ကြောင့် ဒေသခံတွေနဲ့ အဲဒီဒေသတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း လုပ်သား ထောင်နဲ့ ချီပြီး ထွက်ပြေးတိမ်းရှောင် နေကြ သလို မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်က ထောက်ခံကြောင်းနဲ့ မပြေလည်မှုတွေကို ဆွေးနွေးအဖြေရှာပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်း ကြောင်းလည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

မတ်လ ၆ ရက် တနင်္လာနေ့က ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြား ပြန်လည် ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် တရုတ် နယ်နိမိတ်ထဲ လက်နက်ကြီးနဲ့ တခြား ကျည်ဆံတွေ ကျရောက်ထိမှန်ခဲ့ပြီး နယ်စပ်ဒေသခံတဦး ထိခိုက်ဒဏ်ရာရခဲ့သလို ပိုင်ဆိုင်မှု တချို့ ပျက်စီးတာလည်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ကြာသပတေးနေ့မှာတော့ လောက်ကိုင်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ မြောက်ပိုင်း စစ်ရေးမဟာမိတ်အဖွဲ့က VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG