သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ KIA တိုက်ပွဲများ အရှိန်မြင့်လာ


KIA စစ်သားများ
KIA စစ်သားများ

ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ တနိုင်းမြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကချင် လွတ် လပ်ရေး တပ်ဖွဲ့အကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေပါတယ်။ မန်စီမြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်ဒုက္ခသည်တွေ မန်ဝိန်းကြီးဒေသဖက်ကို ထွက်ပြေးနေရပါတယ်။ အရင်ထဲကရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ နေအိမ် မပြန်နိုင်သေးချိန်မှာ နောက်ထပ် ဒုက္ခသည်တွေထွက်ပြေးနေရတဲ့ အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမြန်မာပြည် ငြိမ်းချမ်းရေးအတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကချင်၊ ၀ စတဲ့ လက်နက်ကိုင်အဖွဲ့တွေ တရုတ်ပြည်မှာတွေ့ဆုံခဲ့သလို တရုတ် အထူး သံတမန်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ညှိနှိုင်း ဆွေးနွေးနေချိန်မှာ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေတာ ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဟို တပ်ရင်း ၂၇ ဖက်မှာ မန်စီမြို့နယ် ရှမ်းပြည်နဲ့ ကချင်ပြည်နယ်နယ်စပ်ဒေသမှာ။ မနေ့ ကလည်း ညနေ ၃ နာရီ ကနေ ၆ နာရီကျော်အထိ တိုက်ပွဲတွေဖြစ်ပါတယ်။ နေ့တိုင်း လိုလို ဖြစ်ပါတယ်။ အဲဒီမန်စီဖက်မှာ မန်ဝိန်းပေါ့နော။ နောက်ပြီးတော့ တနိုင်းမြို့နယ်က KIA တပ်ရင်း ၁၄ နေရာမှာလည်း ဆက်ဖြစ်ပါတယ်။ တိုက်ပွဲတွေ။ ၃ ရက်လောက်ရှိပြီ ဆက် တိုက် ဆက်တိုက်ဖြစ်တာ။ ”

ပြီးခဲ့တဲ့အပတ် အတွင်းကတော့ မန်စီမြို့နယ် မန်ဝိန်းဒေသဖက်မှ လေကြောင်းကပါ တိုက် ခိုက်တာရှိကြောင်းနဲ့ ထိခိုက်ဒဏ်ရရှိမှုအခြေအနေကို အသေးစိတ် မသိရသေးကြောင်း လည်း ပြောပါတယ်။

မန်ဝိန်းဒေသခံတဦးကတော့ ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင် ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနေကြောင်း ပြောပါတယ်။

“မန်ဝိန်းကြီးမှာကျတော့ ရွာမှာကျတော့ မဖြစ်ပါဘူး။ မန်ဝိန်းကြီးနယ်မြေ ခုံလုံရမ်ဘက်မှာ ဖြစ်ကြတယ်။ ရွာနဲ့ကျတော့ ၁၀ မိုင်လောက်အကွာမှာဖြစ်ချင် ဖြစ်မယ်။ အဲလောက် အကွာ မှာ ဖြစ်နေကြတယ်။ ဒါပေမဲ့ ဗုံးသံတွေ၊ လက်နက်ကြီးသံတွေ တခါတလေ ဘုံကျောင်း ဘက် ကမှ လေယာဉ်ပျံနဲ့ ဗုံးတွေ ပစ်ချတဲ့အသံကျတော့ ကြားပါတယ်။ တောင်ပေါ်မှာ ရှိတဲ့လူတွေကျတော့ အားလုံးဆင်းလာကြပြီ။ ရွာ ၅ ရွာ၊ ၆ ရွာလောက်တော့ ရှိပါတယ်။ စာရင်းကျတော့ အတိအကျတော့ မသိပါဘူး။ လောလောဆယ် ဆင်းလာတဲ့ သူတွေ ကျတော့ ကိုယ့်အမျိုးဆီမှာ ကိုယ့်မိသားစုဆီမှာ စားနေကြတယ်။”

၂၀၁၁ ခု တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နောက် မန်ဝိန်းကြီးရွာမှာ စစ်ရှောင်စခန်း ၅ ခုလောက် ဖွင့်လှစ်ထားတာပြီး စစ်ရှောင်ဒုက္ခသည် ၄ထောင်ကျော်လောက် ခိုလှုံနေတာဖြစ်ပါတယ်။

တနိုင်းမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲတွေကတော့ တနိုင်းမြို့နဲ့ မိုင်၂၀ လောက်အကွာ မှာ ဖြစ်ပွားနေပြီး တနိုင်းမြို့ပေါ်ကို စစ်ရှောင်တွေ ထွက်ပြေးလာတာ မရှိကြောင်း တနိုင်းမြို့ က ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။ လောလောဆယ် မှာ တော့ ဇွန်လက ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် တနိုင်းမြိ့ပေါ်မှာ စစ်ရှောင်ဒုက္ခသည် ၈၀၀ လောက် ရောက်ရှိနေသလို ရိက္ခာအခက်အခဲနဲ့လည်း တွေ့ကြုံနေရပါတယ်။ တနိုင်းဒေသ မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာရင်တော့ စစ်ရှောင်တွေ ထပ်မံရောက်လာ နိုင်ကြောင်းလည်း သုံးသပ်ပါတယ်။

“အကြီးအကျယ်တိုက်ပွဲဖြစ်လာရင်တော့ ထပ်တိုးရင် တိုးလာမယ်။”

၂၁ ရာစုပင်လုံ တတိယအကြိမ်ကျင်းပဖို့ပြင်ဆင်နေချိန်မှာ KIO အဖွဲ့ကို NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ ဖိအားပေးတဲ့အနေနဲ့ ခုလို တပ်မတော်ဖက်က ထိုးစစ်ဆင် တိုက်ခိုက် နေတာ လို့ လေ့လာသူတချို့က သုံးသပ်နေပါတယ်။ KIA ကချင်လက်နက်ကိုင်အဖွဲ့ အပါ အဝင် တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့ ၇ ဖွဲ့ ပါဝင်တဲ့ FPNCC ခေါ် နိုင်ငံရေး ဆွေးနွေး ရေး ကော်မတီက အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ကော်မတီအနေနဲ့ တစုတစည်း တည်း ဆွေးနွေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရဘက် ကတော့ FPNCC အနေနဲ့ ဆွေးနွေးဖို့ကို ငြင်းပယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG