သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တနိုင်းစစ်ပြေးဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်


တနိုင်စစ်ပြေးဒုက္ခသည်များ
တနိုင်စစ်ပြေးဒုက္ခသည်များ

ပြီးခဲ့တဲ့ ဇွန်လက မြန်မာ့ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် တနိုင်းမြို့မှာ လာရောက် စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက်ရိက္ခာပြတ်လပ်နေပြီး ဆောင်းကာလအတွက် အဝတ်အထည်နဲ့ စောင်တွေ အရေးတကြီး လိုအပ်နေ တယ်လို့ တနိုင်းစစ်ဘေးရှောင် ဒုက္ခသည်များ စောင့်ရှောက်ရေး ကော်မတီက ပြောပါတယ်။ အဲဒီဒုက္ခသည်တွေအတွက် အစိုးရကရော။ တခြားအကူအညီပေးတဲ့ အဖွဲ့တွေကရော အကူညီထောက်ပံ့မှုတွေ မရရှိတဲ့အတွက် အခက်အခဲရှိနေတဲ့အကြောင်း သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင် က ပြောပြပေးပါမယ်။

အခုနှစ် ဇွန်လတုန်းက မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့ကြား စစ်ရေးတင်း မာမှုတွေကြောင့် တနိုင်းမြို့ပေါ်ကို အိုးအိမ် စွန့်ခွာ ထွက်ပြေးလာကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် တ ထောင်နီးပါး လက်ရှိမှာ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီ လိုအပ်နေတာပါ။ ဆောင်းရာသီဝင်လာပြီဖြစ်တာနဲ့အတူ စားရေးသောက်ရေးအပြင် အနွေးထည် စောင်စတဲ့ပစ္စည်းတွေ အလွန်အမင်းလိုအပ်နေတယ်လို့ တနိုင်းစစ်ဘေးရှောင်ဒုက္ခသည်များ စောင့်ရှောက်ရေး ကော်မတီ ဥက္ကဌ သင်းအုပ်ဆရာ ဂျေဒီးက အခုလိုပြောပါတယ်။

"အခုကျနော်တို့ အခုအချိန်အထိတော့ ရိက္ခာပြတ်နေတယ် အလှူရှင်ကလည်းမလာတော့ဘူး ကြာသွားပြီ ၂ ပတ်စာလောက်ပဲ ဆန်ရှိတော့တယ်။ ကျနေ်ာတို့အများစုက ရိက္ခာပြတ်သွားရင်တော့ ဒုက္ခရောက်မှာပဲ ဒါက အဓိကအချက်ပဲ။ ကျနော်တို့အသင်းတော်လည်း အသင်းတော်ဖြစ်နေတော့ နေရာပေးထားသလောက်ပဲ ကျနော်တို့ တတ်နိုင်တယ်။"

တနိုင်းမှာရောက်နေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အိုးအိမ်ပစ်ထွက်ပြေးတိမ်းရှောင်နေရတာ ၅ လကျော်ရှိနေပြီဖြစ်ပေမဲ့ ခုချိန်ထိ အစိုးရဖက်ကရော။ KIO ကရော တနိုင်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် အကူညီပေးတာမရှိဘူးလို့လည်း သူက ဆိုပါတယ်။

"အစိုးရကတော့ ကျနော်တို့ကို လာကိုမကြည့်သေးဘူး။ ကူညီဖို့တော့မပြောနဲ့ လာကိုမကြည့်တာ။ သူတို့လာကြည့်ရင် IDP စခန်းဖြစ်တာကို မြင်မှာပါ၊ အခုတော့ ကျနော်တို့ကို IDP camp လို့ သတ်မှတ်ထားတာလည်းမရှိဘူး။ ဒုက္ခသည် တော့ ဒုက္ခသည်ပဲ အစိုးရအနေနဲ့ကတော့ အသိအမှတ်မပြုဘူး။ မပြုလည်း ကျနော်တို့ နေရပ်ကို ပြန်လို့မှ မရတာ။"

တနိုင်းမြို့ပေါ်မှာ လာရောက်တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအနေနဲ့ အစိုးရမဟုတ်တဲ့ လူမှု ကူညီ ရေးအဖွဲ့အစည်းတွေက ပေးတဲ့ အထောက်အပံ့တွေအပေါ် အဓိက မှီခိုနေရတာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေဆီကလည်း ကူညီထောက်ပံ့မှုတွေ မရကြပါဘူး။

တနိုင်း နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ စစ်ရှောင်စခန်း တာဝန်ခံ မလန် ဘရန်ရှောင်ကတော့ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

"အခက်အခဲကတော့ အစုံပါပဲ လောလောဆည်ကတော့ စားစရာသောက်စရာက အခုလဝက် ၁၅ ရက်လောက်ပဲ ကျန်တော့တယ်။ နောက်ပြီးတော့ အခုက ဆောင်းတွင်းလည်းရောက်လာပြီဆိုတော့ တော်တော်အေးတဲ့ ဒဏ်ကို ခံနေရတယ်။ သူတို့အတွက် ဆောင်တွင်းအဝတ်အစား အနွေးထည်ကတော့ တော်တော်လေး လက်တလောလိုအပ်မယ့် အခြေအနေရှိတယ်။ အဲဒါကိုလည်း ကျနော်တို့ လွန်ခဲ့တဲ့အပတ်တုန်းက KBC မှာသွားပြီးတော့ တင်ပြထားပြီးပြီ။ ဘယ်လောက်အကူအညီပေးလာမလဲတော့ မသိတော့ဘူး ဆရာမရေ။ "

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက တနိုင်း စစ်ဘေးရှောင် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီး ကချင်ဘာသာရေးအဖွဲ့တွေ၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ အစိုးရ၊ တပ်မတော်တို့ ညှိနှိုင်းခဲ့ကြပေမယ့်လည်း ပြေလည်မှုမရခဲ့ပါဘူး။ တပ်မတော်အနေနဲ့ မြေပြင်အခြေအနေအရ ဒေသခံ တွေရဲ့ ရွာအနီးမှာရှိနေတဲ့ တပ်တွေကို ဖယ်ရှားပေးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုတာကြောင့် ဒေသခံတွေအနေနဲ့ နေရပ်မပြန်ရဲကြဘူးလို့ ဆရာဂျေဒီးက ပြောပါတယ်။
"အခက်အခဲကတော့ ကျနော်တို့ ဟိုတခေါက်ကတော့ PCG နဲ့ KBC တို့ RC အားလုံးပေါင်းပြီးမှ အစိုးရနဲ့ အားလုံးတခေါက်တိုင်ပင်ကြည့်တယ်။ ဒါပေမယ့် ကျနော်တို့ အခွင့်မရဘူး။ သူတို့စစ်တပ်က နေရာတခါယူရင် ပြန်ဆုတ်ဖို့တော့ လုံးဝမလုပ်ဘူးတဲ့။ အဲဒါဆိုတော့ ကျနော်တို့က ပြန်ဖို့ခက်တယ်။ စစ်တပ်နဲ့ KIA ညှိနှိုင်းပြီးတော့မှ သူတို့အချင်းချင်း နေရာဖယ်ကြ သတ်မှတ်ထားတဲ့နေရာမှာ စောင့်ကြဆိုရင်တော့ ကောင်းတာပေါ့။"

လက်ရှိ တနိုင်းမြို့ပေါ်မှာ စစ်ဘေးရှောင်ဒုက္ခသည် ၉၀၀နီးပါး ကျန်ရှိနေသေးပြီး စစ်ဘေးရှောင် တွေကို ကချင်ခရစ်ယာန် အသင်းတော် KBC က စောင့်ရှောက်ပေးထားတာပါ။ အာဏာပိုင်တွေ ဘက် က စစ်ဘေးရှောင်စခန်းအဖြစ် ဆောက်လုပ်နေထိုင် ခွင့်မပြုတာကြောင့် ဒုက္ခသည်တွေအနေနဲ့ လတ်တ လောမှာ အမိုးအကာ လုံခြုံမှု မရှိဘဲ နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG