သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကြောင်းကင်းရှင်းသွားတယ်ပြောပေမဲ့ ကချင်ကဆုန့်ရွာသားတွေ အိမ်မပြန်ရဲသေး


ကချင်စစ်ပြေးဒုက္ခသည်များ- သတင်းဓာတ်ပုံ Credit to-Maran Seng Naw
ကချင်စစ်ပြေးဒုက္ခသည်များ- သတင်းဓာတ်ပုံ Credit to-Maran Seng Naw

ပြီးခဲ့တဲ့အပတ်က ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ တဲ့ နမ္မတီးမြို့မှာ ခိုလှုံနေကြတဲ့ ကဆုန့်ရွာသားတွေဟာ အဲဒီဒေသမှာစစ်ကြောင်းတွေ ကင်းရှင်းသွားပြီလို့ ပြောပေမဲ့ မပြန်ရဲဘဲ ဖြစ်နေကြပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့အပါအဝင် ဘာသာရေး၊ နိုင်ငံရေးခေါင်းဆောင်တွေကတော့ အစိုးရတပ်မတော်နဲ့ KIAအကြားမှာ တိုက်ပွဲတွေ ထပ်မဖြစ်ရေးအတွက် ညှိနှိုင်းပေးနေပြီးလာမယ့် တနင်္လာနေ့လောက်ကို ပြန်ပို့နိုင်ဖို့ စီစဉ်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နမ္မတီးမြို့အနီးက ကဆုန့်ရွာမှာ အစိုးရတပ်မတော်ဖက်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ပြီး ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ခဲ့တဲ့နောက် ဒေသခံရွာသား ၁ထောင်ကျော်ဟာ နမ္မတီးမြို့က ဘုရားကျောင်း ၂ခုကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေမှာတော့ ကဆုန့်ရွာဝန်းကျင်မှာ စစ်ကြောင်းတွေရှင်းလင်းသွားတာကြောင့် နေရပ်ပြန်နိုင်ပြီဖြစ်ကြောင်း တပ်မတော်ဖက်က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေ သတင်းပါးခဲ့ပါတယ်။

ဒီလိုအကြောင်းကြားလာပေမဲ့ ဒေသခံရွာသားတွေကတော့ မပြန်ရဲကြဘူးလို့ ကဆုန့် ရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ တနှစ်စာအတွက် စိုက်ပျိုးထားတဲ့ဘာညာတွေတော့ မပျက်ဆီး မဆုံးရှုံးချင်ဘူးပေါ့။ နောက်ဘာပဲဖြစ်ဖြစ်ကိုယ့်ကျေးရွာဆိုတော့ ပြန်သွားနေချင်တာပေါ့နော်။ ဒါပေမဲ့လို့ ဒီတိုင်းတော့ ဘယ်ပြန်ချင်မှာလည်း ခိုင်မာတဲ့ လုံခြုံတဲ့ စိတ်ချရတဲ့ အခြေအနေပေါ့။ ဘေးကင်းလုံခြုံစွာပေါ့။ နောက်ပြီးပြန်သွားပြီးတော့မှ ပြန်ပြီးမှ အစိုးရတပ်မတော်တွေက ကျနော်တို့ကို အမျိုးမျိုး နှောက်ယှက်တာတို့ စစ်ဆေးတာတို့ မေးမြန်းတာတို့ ဘာတို့ညာတို့ အဲဒါဆိုရင်တော့ မပြန်လိုဘူး။ အဲလိုမျိုးမသေချာဘဲနဲ့ မခိုင်လုံဘဲနဲ့ လုံခြုံမှုမရှိဘဲနဲ့တော့ မပြန်ချင်ဘူးပေါ့လေ။”

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCGက ဦးလမိုင်ဂွမ်ဂျာကစစ်ရှောင်စခန်းက ပြည်သူတွေနဲ့ သူတို့ နေရပ်ပြန်ရေးဆွေးနွေးနေကြောင်း အခုလို ပြောပါတယ်။

“အစိုးရနဲ့ တပ်မတော်ဖက်ကနေ စစ်ကြောင်းမရှိတော့ဘူး ပြန်လို့ ရပြီလို့ ပြောတယ်။ ဒါပေမဲ့ သူတို့လည်း ပြန်သွားလို့ ရှိရင် အလားတူနောက်နောင်ပြန်ဖြစ်မှာကို အများကြီး စိုးရိမ်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့ အာမခံချက်တွေ ရဖို့ ပေါ့လေ။ အစိုးရတပ်မတော်နဲ့ KIO ပေါ့လေ။ ကြားမှာ အာမခံချက် ရဖို့ လိုပါတယ်တဲ့။ နောက်တဖန် အဲလို မဖြစ်ရလေအောင် ၂ဖက်စလုံးအာမခံချက်ရှိမှ သူတို့ ပြန်မယ်ဆိုတဲ့ သူတို့ရဲ့အသံပေါ့လေ ကျနော်တို့ပြောလာတာ။”

ညှိနှိုင်းတာတွေ အဆင်ပြေရင် လာမယ်တနင်္လာနေ့လောက်ကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေကြောင်း ဦးလမိုင်ဂွမ်ဂျာကဆက်ပြောပါတယ်။

“ ကျနော်တို့လည်း သက်ဆိုင်ရာကို စာရေးအကြောင်းကြားပြီးတော့မှ ညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ်။ ဒီတနင်္လာ၊ အင်္ဂါနေ့ကတော့ အားလုံး ပြန်နိုင်အောင် ကြိုးစားပြီးတော့မှ စီစဉ်နေကြတယ်။ ”

စစ်ရှောင်ရွာသူရွာသားတွေကတော့ တနင်္ဂနွေနေ့မှာ PCGအပါအဝင် ခရစ်ယာန်အသင်းတော်တွေက ခေါင်းဆောင်တွေနဲ့ နောက်ဆုံးဆွေးနွေးဖို့ ရှိပြီး ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။

လောလောဆည်မှာ နမ္မတီးမြို့ကို ရောက်ရှိနေတဲ့ စစ်ရှောင်ကဆုန့်ရွာသားတွေကို ကချင်ပြည်နယ်အစိုးရ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူတွေက စားနပ်ရိက္ခာ၊ အဝတ်အထည်၊ စောင်ခြင်ထောင်စတာတွေကို ကူညီထောက်ပံ့ပေးထားပါတယ်။

တိုက်ပွဲကြောင့် စစ်ပြေးလာစဉ်မှာ ကိုယ်ဝန်ပျက်ကျသူအမျိုးသမီး၂ဦးရှိသလို ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် လူ၁၀ဦးကျော်ဟာ ဆေးရုံတက်ကုသခံနေရပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ မိုးကောင်းနဲ့ ဖားကန့်ဒေသတွေမှာ အစိုးရတပ်မတော်ဖက်က တပ်အင်အားတွေတိုးချဲ့ချထားတာတွေ ရှိနေတယ်လို့ KIA ရဲ့ အရာရှိတဦးက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက လည်း တနိုင်းဒေသမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် တနိုင်းမြို့နယ်အတွင်းက အင်ဂါးဂါးရွာ၊ နန်ခမ်းရွာနှင့် ကောင်ရာရွာသားတွေ ၊ရွှေနဲ့ ပယင်းမှော်တွေကလုပ်သားတွေဟာ ထောင်နဲ့ချီပြီး တနိုင်းမြို့ကို တိမ်းရှောင်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG