သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ထိန်းချုပ်တဲ့ရွှေပယင်းထွက် တနိုင်းဒေသ မြန်မာစစ်တပ်နယ်မြေရှင်းလင်းရေးဆောင်ရွက်


Photo Credit- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Photo Credit- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်မှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြတဲ့ ကချင် စစ်ဘေးဒုက္ခသည်တွေအရေး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီရဖို့ ဆောင်ရွက်နေကြောင်း ပြည်ပရောက် ကချင်အဖွဲ့အစည်းတွေကပြောပါတယ်။

တန်ဖိုးကြီး ရွှေပယင်း ထွက်ရှိတဲ့ ကချင်ပြည်နယ် တနိုင်းဒေသကို KIA ကချင်လွတ်လပ်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့အတွက် မြန်မာတပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး ဆက်ပြီးဆောင်ရွက်မှာဖြစ်ကြောင်း မနေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တပ်မတော်ကိုယ်စားလှယ်တွေက အတိအလင်း ကြေညာသွားပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီး တင်ပြမှာပါ။

လက်ရှိ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်နေရတဲ့ အကြောင်းအရင်းတွေထဲ KIA အနေနဲ့ တနိုင်းဒေသလိုမျိုး တရားမဝင် ရွှေပယင်းတူးဖော်မှုလုပ်ငန်းတွေကနေ ရတဲ့ ပိုက်ဆံတွေနဲ့ လက်နက်တွေ ဝယ်ယူပြီး NCA အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးခြင်း မပြုတာဟာ အချက်တချက်ဖြစ်ကြောင်း မနေ့က နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း တပ်မတော်ကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ခင်မောင်ဆွေက ပြောပါတယ်။

ဒါကြောင့် တနိုင်းဒေသတဝိုက် နယ်မြေရှင်းလင်းရေးကို အစိုးရက အမိန့်ပေးထားခြင်းမရှိပေမယ့် တပ်မတော်ဘက်က တာဝန်သိသိ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး ခင်မောင်ဆွေက အခုလိုပြောပါတယ်။

“တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များအရ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို မထိခိုက်စေပဲ KIA အကြမ်းဖက်သောင်းကျန်းသူများရဲ့ ဥပဒေမဲ့လုပ်ရက်များ ရပ်တန့်စေရန်အတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို အမိန့်ရမှ ၊ အမိန့်ပေးမှ လုပ်ဆောင်ခြင်းမျိုးမဟုတ်ပဲ ဥပဒေနဲ့အညီ တာဝန်သိသိဖြင့် ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။”

ဒါအပြင် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးကို ဆက်ပြီး လုပ်သွားမှာဖြစ်တယ်လို့ ဒုဗိုလ်မှူးကြီး ခင်မောင်ဆွေက ဆိုပါတယ်။

“တပ်မတော်အနေနဲ့ကတော့ ဥပဒေနဲ့အညီ လုပ်ဆောင်ချက်များကို ဟန့်တားနှောက်ယှက်သူ ၊ ဥပဒေမဲ့လုပ်ရက်များကို ကျူးလွန်နေသူ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို ဖျက်ဆီးနေသူ ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးစေသူ၊ ငြိမ်းချမ်းရေးကို မလိုလားသူများကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ရှင်းလင်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးရင် နိဂုံးချုပ်အပ်ပါတယ်။”

မကြာသေးခင်ရက်ပိုင်းအတွင်း မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုဟာ အတော်လေးပြင်းထန်လာပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ အစုလိုက်အပြုံလိုက် ဘေးလွတ်ရာကိုပြေးကြရတဲ့အခြေအနေဟာ ဆိုးရွားနေကြောင်း ကချင်သတင်းမီဒီယာတွေမှာ အကျယ်တဝန့် ဖေါ်ပြခဲ့ကြပါတယ်။

ကချင်စစ်ဘေးဒုက္ခသည်များ
ကချင်စစ်ဘေးဒုက္ခသည်များ

နိုင်ငံတကာရောက် ကချင်တိုင်းရင်းသားတွေကတော့ စစ်ဘေးဒုက္ခသည်တွေ အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းသိအောင်တင်ပြနိုင်ဖို့ ဆောင်ရွက်နေကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang ကပြောပါတယ်။

“ဟုတ်ကဲ့ အင်မတန်စိုးရိမ်ပါတယ်။ တချို့တွေကတော့ ဘုရားကျောင်းကနေ အလှူငွေကောက်ပြီးမှ ပို့တာတို့လုပ်နေပြီ။ နောက်တခုကတော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ နိုင်ငံအသီးသီးကို ဒီအချက်တွေကို ရှင်းပြဖို့အတွက် ကျနော်တို့က စလုပ်နေပါပြီခင်ဗျ။ နောက် ကုလသမဂ္ဂကိုရော ဖြစ်စဉ်တွေကို ရှင်းပြဖို့အတွက် ကျနော်တို့ လုပ်နေပါပြီခင်ဗျ။

မေး။ ။ ဆိုတော့ အခုအဲဒီမှာ အခြေအနေတွေ ဘယ်လောက်ထိဆိုးနေသလဲ။

ဖြေ။ ။လူကို ဗုံးနဲ့ ကပ်ပြီးဖောက်တာတို့ ကျနော်မကြားဖူးဘူး။ တခြားနည်းနဲ့ ရက်စက်တာတော့ကြားပါတယ် ဒါပေမယ့် ကိုယ်ခန္ဓာမှာ ကပ်ပြီး ဗုံးနဲ့ဖောက်လိုက်တာတို့ ။ နောက်ပြီးထွက်ပြေးနေတဲ့ ရွာသားမျက်နှာချင်းဆိုင်မှာ တွေ့တဲ့အချိန်မှာ လိုက်ပစ်တာတို့။ နောက်လူတွေ အုံပြီးထွက်ပြေးတာတွေက ထူးခြားပါတယ်။ နောက်တခုကတော့ မိုးရာသီမှာ ဒီလိုထွက်ပြေးရတာက နည်းနည်းပိုပြီးမှ အခက်အခဲပိုရှိပါတယ်။”

လက်ရှိ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတာကို ရပ်တန့်ဖို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။ အဓိက ပဋိပက္ခဖြစ်နေတဲ့ တနိုင်းဒေသက ထွက်တဲ့ ရွှေပယင်း တူးဖေါ်ရေးလုပ်ငန်းတွေကို ဥပဒေနဲ့ အညီ တရားဝင်လုပ်ကိုင်ခွင့်ပေးဖို့ တနိုင်းလွှတ်တော်အမတ် ဦးလင်းလင်းဦးရဲ့ အဆိုပြုချက်ကို တက်ရောက်လာတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီးက ထောက်ခံဆွေးနွေးခဲ့ပြီးနောက်ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အခုလို ရွှေပယင်းတူးဖေါ်ရေးလုပ်ငန်းတွေ ဥပဒေနဲ့အညီလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေ စတင်မြင်လာရပေမယ့် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေး တွေကို ဆက်လက် ဆောင်ရွက်မယ်လို့ ဆိုလာတဲ့အတွက် KIA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမယ့် အခြေအနေတွေကို အလွန်စိုးရိမ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG