သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ကချင်သင်းထောက်ဆရာနှစ်ဦး ချက်ချင်းပြန်လွှတ်ပေးဖို့ HRW တောင်းဆို


ဖမ်းဆီးခံ ကချင်သင်းထောက်ဆရာ နှစ်ဦး။
ဖမ်းဆီးခံ ကချင်သင်းထောက်ဆရာ နှစ်ဦး။

မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၇/၁ နဲ့ ၁၇/၂ တို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကချင်သင်းထောက် ဆရာတော် နှစ်ပါးဖြစ်တဲ့ ဦးဒွမ်ဒေါ့နောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ ၂ ဦးကို မြန်မာအစိုးရအနေနဲ့ ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။ သူတို့ ၂ ဦးကို လားရှိုးမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ် စစ်ဆေးမှု မပြုခင်မှာ အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုန်းကိုးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ကချင်သင်းထောက် ဆရာတော် နှစ်ပါးဖြစ်တဲ့ ဦးဒွမ်ဒေါ့နောင်လတ် နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ ၂ ဦးဟာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၇/၁ နဲ့ ၁၇/၂ တို့နဲ့ စွဲချက် တင်ခံထားကြရတာ ဖြစ်ပါတယ်။

Phil Robertson ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ လက်ထောက် ညွန်ကြားရေးမှူး ဖြစ်ပါတယ်။ သူက ကချင် သင်းထောက် ဆရာတော် ၂ ဦးကို မြန်မာအာဏာပိုင်တွေဘက်က စွဲချက်တွေ တမင်ဖန်တီးပြီး ဖမ်းဆီးထားတာဖြစ်တဲ့အတွက် ပြန်လွတ်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။

“သူတို့ ၂ ဦးစလုံးကို ပြန်လွတ်ပေးသင့်သလို စွဲချက်တွေကို ပြန်ရုပ်သိမ်းပေးသင့်ပါတယ်။ သူတို့အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ အတုအယောင်တွေဖြစ်ပြီး တမင် လုပ်ကြံ ဖန်တီးထားတဲ့ စွဲချက်တွေ ဖြစ်ပါတယ်။ စစ်တပ်ကို ဆန့်ကျင် ပြောဆိုတဲ့သူတိုင်းဟာ လက်ကိုင်ဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆိုပြီး စွဲချက်တင်ခံနေကြရတာပါ။ မတရားအသင်းဆက်သွယ်မှု ဥပဒေကို လုံး၀ ဖျက်သိမ်းသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ၁၉၀၈ ခုနှစ်၊ ဗြိတိသျှကိုလိုနီထက်က ပြဌာန်းခဲ့တဲ့ ဒီ ဥပဒေကို ဘာကြောင့် ဆက်ပြီး အသုံးပြုနေသလဲဆိုတာ ကျနော်တို့လည်း နားမလည်နိုင်ဘူး ဖြစ်နေတယ်။”

သူတို့အပေါ် ဝေဖန် ပြောဆိုတာကို မလိုလားတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို သတင်းမီဒီယာတွေကို ခေါ်ပြခဲ့တဲ့အတွက် ဒီ ကချင်သင်းထောက် ဆရာတော် ၂ ဦး အခုလို ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း Phil Robertson က ပြောပါတယ်။

“တကယ်တော့ မြန်မာစစ်တပ်က သူတို့ကို ဝေဖန် ပြောဆိုတာကို လုံး၀ မလိုလားပါဘူး။ ဒီ သတ္တိပြောင်မြောက်လှတဲ့ သင်းထောက် ဆရာတော် ၂ ဦးက စစ်တပ်ရဲ့ ဖျက်ဆီးခြင်းခံလိုက်ရတဲ့ သူတို့ ဘုရားကျောင်းကို သတင်းထောက်တွေကို လိုက်ပြခဲ့တယ်၊ သူတို့ မြင်တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ကြတယ်။ ပြီးတော့ ဒီကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူရမယ်ဆိုတာကို ထောက်ပြခဲ့ကြတယ်လေ။ ပြဿနာက ဘာလဲဆိုတော့ မြန်မာ စစ်တပ်ဟာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာပါဘဲ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရကလည်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို အရေးယူနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်ဟာ လုပ်ချင်တာ လုပ်ခွင့်ရှိနေပါတယ်။ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပေါ်တိုင်း ဘာမှ အပြစ်ပေး အရေးယူခြင်း မလုပ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း တဖြည်းဖြည်းနဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ်လို ဖြစ်လာနေပါတယ်။”

Fortify Rights လို့ခေါ်တဲ့ လူ့အခွင့်အရေး အဖွဲ့ကလည်း HRW နဲ့အတူ ပူးတွဲ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး ကချင် သင်းထောက် ဆရာတော် ၂ ဦး ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွတ်ပေးရေးအတွက် တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC တို့ ဇူလိုင်လ ၂၄ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် သင်းအုပ်ဆရာ ၂ ဦး လွတ်မြောက်ရေးအတွက် အကူအညီပေးဖို့ တင်ပြ တောင်းဆိုခဲ့ကြောင်း KBC ရဲ့အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။

“ ဓမ္မဆရာ ၂ ဦးရဲ့အကြောင်းမဲ့ ဖမ်းဆီးပြီးမှ ဒီလို တရားစွဲဆို ခံနေရတဲ့ အကြောင်းကိုတော့ ထည့်သွင်းပြောခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖေါက်တဲ့ အမှုတွေ အခြေခံမှာ အများကြီးရှိနေတယ် ဆိုတဲ့ အကြောင်းကို တင်ပြရင်း ကျနော်တို့က ဒီတပ်မတော်ရဲ့ ထိုးစစ်နဲ့ မလိုလားအပ်တဲ့ ဒီလို အရေးယူမှုတွေဟာ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်ဆိုပြီး တင်ပြတဲ့အချိန်မှာ သူ့အနေနဲ့က ဘာပြန်ပြောလည်းဆိုတော့ ဒီတပ်ပိုင်းဆိုင်ရာ စစ်တပ်ပိုင်းကို သူတို့အစိုးအနေနဲ့ ဒါရိုက် ကိုင်တွယ်နိုင်ဖို့တော့ မဖြစ်နိုင်ဘူးပေါ့။ ဟိုဟာပေါ့ အခြေအနေမရှိဘူးပေါ့။ ဥပဒေအရ ဒါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရသာ သွားနိုင်တယ်ဆိုတာ ဖြစ်တဲ့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ဖို့အတွက် သူတို့ ကြိုးစားနေရပါတယ် ဆိုတာကို ရှင်းပြပါတယ်။ ”

ကချင်းသင်းထောက် ဆရာတော် ၂ ဦးကို အစောပိုင်းတုန်းက မူဆယ်မြို့ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဖေဖော်ဝါရီလတုန်းက ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေ ဖြစ်နေတဲ့ မုန်းကိုးမြို့ကိုရောက်လာတဲ့ သတင်းထောက်တွေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့အတွက် အခုလိုမျိုး ဖမ်းစီးခံရတာဖြစ်တယ်လို့ ကချင်အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG