သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သင်းထောက်ဆရာ ၂ ဦး ပျောက်ဆုံး


ပျောက်ဆုံးနေတဲ့ ဦး ဒွမ်ဒေါ့ နောင်လတ် နှင့် ဦးလန်ဂျေန်ဂမ်ဆိုင်း (ဓါတ်ပုံ-ဒေါ်ခွန်ဂျာ)
ပျောက်ဆုံးနေတဲ့ ဦး ဒွမ်ဒေါ့ နောင်လတ် နှင့် ဦးလန်ဂျေန်ဂမ်ဆိုင်း (ဓါတ်ပုံ-ဒေါ်ခွန်ဂျာ)

ကချင်နှစ်ခြင်းခရစ်ယာန် KBC ရဲ့ သင်းထောက်ဆရာ ၂ ဦး ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ ခရစ္စမတ်နေ့ မတိုင်ခင် ပျောက်ဆုံးသွားပြီး အခုအချိန်ထိ ပြန်ရှာမတွေ့သေးဘူးလို့ ကချင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ စစ်ဘေးသင့် မုံးကိုးဒေသကို ရောက်လာကြတဲ့ သတင်း ထောက်တွေနဲ့ ဒေသခံ ဒုက္ခသည်တွေကို အကူအညီပေးခဲ့တဲ့ ခရစ်ယာန်ဓမ္မဆရာ နှစ်ဦး ရုတ်တရက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဆက်သွယ်မေမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းက ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း သင်းထောက် ဆရာ ၂ ဦးတို့ ဒီဇင်ဘာ ၂၄ ရက်နေ့ကစပြီး ခုချိန်ထိပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ သူတို့ဘယ်လို ပျောက်သွားသလဲ၊ ဖမ်းဆီးခေါ်ဆောင် ခံသွားရတာလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ သူတို့ပျောက်ဆုံးမှု မတိုင်ခင် အခြေအနေကိုတော့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပြပါတယ်။

“ကျမတို့ သိရသလောက်ကတော့ ဒီသင်းထောက်ဆရာ ဦးဒွမ်ဒေါ့ကတော့ ခါတိုင်းဆိုရင် ဒီတပ်ကပဲဖြစ်ဖြစ်၊ ဒီအုပ်ချုပ်ရေးကပဲဖြစ်ဖြစ် အကြောင်းကိစ္စတခုခု ဖိတ်ကြားတဲ့အခါမျိုးမှာ သူ့ကိုခေါ်လေ့ရှိတယ်။ ဖမ်းတာမျိုးကတော့မဟုတ်ဘူးပေါ့နော်။ အဲလိုမျိုးသွားတဲ့အချိန်မှာ သူကအသက်ကြီးတာဖြစ်တဲ့အတွက်ကြောင့် သူ့တူဖြစ်တဲ့ ဆရာဂမ်ဆိုင်း ကို ခေါ်သွားလေ့ရှိတယ်။ ဒီတခေါက်မှာတော့ စစ်တပ်ဗျူဟာကုန်းနားမှာ နောက်ဆုံးတွေ့လိုက်တယ်ပေါ့၊ အဲဒီနောက်ဆုံးတွေ့လိုက်တဲ့နောက်ပိုင်းမှာ သူတို့ကို ထပ်မတွေ့ဘူး၊ ဒီခရစ်စမတ်ကာလမှာလည်း ပျောက်ဆုံးနေတယ်။ တကယ်တမ်းတော့ သူတို့ ၂ ယောက်စလုံးက အသင်းတော်ရဲ့ဆရာဖြစ်တဲ့အတွက်ကြောင့် ဒီခရစ်စမတ်ကာလမှာ သူတို့ဦးဆောင်ဖို့အတွက် သူတို့မှာ တာဝန်ရှိတယ်ပေါ့နော် ။ ဒါပေမယ့် သူတို့ ၂ ယောက်မပေါ်လာတဲ့အတွက်ကြောင့် ရွာသားတွေလိုက်ရှာတဲ့အခါမှာ သူတို့ ၂ ယောက်ဖုန်းကတော့ မိတ်ဆွေတယောက်ရဲ့ အိမ်မှာကျန်ခဲ့တယ်လို့ သိရတယ်။ ပြီးတော့ သူတို့ ၂ ယောက်က လုံးဝပျောက်ကွယ်နေတာ ဖြစ်တဲ့အတွက် သူတို့ကို ရှာဖွေနေတာဖြစ်ပါတယ်ရှင့်။”

ဦးဒွမ်ဒေါ့နောင်လတ်ဟာ အသက် ၇၀ ဝန်းကျင်အရွယ်ရှိပြီး ဦးလန်ဂျော်ဂမ်ဆိုင်းကတော့ အသက် ၃၀ ကျော်လောက်ရှိပါတယ်။ သူတို့ဟာ မုံးကိုး စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူအညီပေးနေသလို၊ မုံးကိုး စစ်ပွဲသတင်းလာယူတဲ့ DVB ၊ ဧရာဝတ၊ီ ကုမုဒြာ စတဲ့ သတင်းထောက် တွေကိုလည်း အကူအညီပေးခဲ့တယ်လို့ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“DVB ကိုတော့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မန်ဟိုင်းကို ရောက်ရှိပြီးတော့ နောက်တရက်မှာတော့ မုံးကိုးကိုလိုက်ပို့တယ်လို့ သိရပါတယ်။ ကုမုဒြာ ၊ ဧရာဝတီ သတင်းထောက် ၂ ယောက်ကိုတော့ ဒီ မုံးကိုးမြို့ထဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ လိုက်ပို့တယ်လို့ သိရပါတယ်။ နောက်တခြား တယောက်ကတော့ ကချင် ကနေဒီယန် တယောက်၊ သူကတော့ Human Rights Violations တွေကို မှတ်တမ်းတင်နေတာဖြစ်တယ် သူ့ကိုလည်း လိုက်ပို့ခဲ့တယ်လို့ သိရပါတယ်။”

မစတယ်လာခေါင်နောဟာ ကချင်လူမျိုး ကနေဒါနိုင်ငံသူဖြစ်ပြီး မုံးကိုးစစ်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် IDP တွေ အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းမှာ အခုပျောက်ဆုံးနေတယ်ဆိုတဲ့ ခရစ်ယာန် သင်းထောက်ဆရာ ၂ ဦး နဲ့ဆုံခဲ့ပြီး အကူအညီရခဲ့သူလည်း ဖြစ်ပါတယ်။

“အဲဒီ အသက်ပိုငယ်တဲ့ ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်းက ကျမကိုခေါ်သွားတယ်။ IDP နေရာ ၄ နေရာလောက် အစအဆုံး ကျမကို ခေါ်သွားတယ်။ ကျမက IDP အကြောင်းသိချင်တာဆိုတော့ အသက်ပိုကြီးတဲ့ ဆရာ ဦးဒွမ်ဒေါ့နောင်လတ် က ကျမကို မုံးကိုးရဲ့အနေအထားက ဘယ်လိုလဲ ၊ သမိုင်းနဲ့ ကိုးကားပြီးပြောပြတာပေါ့နော်။ သူတို့ ၂ ယောက်စလုံးက အကုန်လုံးနဲ့ ဆက်ဆံတာကြည့်ရင် ၂ ယောက်စလုံးကက KBC ဘာသာရေးဆရာမို့လို့ အဲဒီလိုမဟုတ်ဘူး၊ အားလုံးက သူတို့ကို ရပ်မိရပ်ဖ ဆိုပြီးတော့ လေးစားတယ်။ အဲဒါကို ကျမနဲ့ အဲဒီ ဆရာ ၂ ယောက်နဲ့ နိုဝင်ဘာလကုန်မှာတွေ့ခဲ့တဲ့ အတွေ့အကြုံပေါ့နော်။”

ခရစ်ယာန်သင်းထောက်ဆရာ ၂ ဦးပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ သူတို့အဖွဲ့က စိုးရိမ်မကင်းဖြစ်ရကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက် တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“ဒီသင်းထောက်ဆရာ ၂ ယောက်ရဲ့ နောက်ဆုံးလုပ်သွားတာက ဘာလဲဆိုရင် ဒီ သတင်းထောက်များကို လိုက်လံပို့ဆောင်ပေးခြင်းဖြစ်နေပါတယ်။ ဒီသတင်းဓါတ်ပုံတွေကိုလည်း မသုံးပေးပါနဲ့လို့ တောင်းဆို ထားတယ်လို့ သိရပါတယ်ရှင့်။ ဒါကြောင့်မို့ ဒီလိုတားဆီးနေတဲ့ကြားထဲမှာ သတင်းအရင်းအမြစ်လို့ယူဆတဲ့ သတင်းထောက်တွေကို ပို့ဆောင်ပေးခြင်းဖြင့် အန္တရာယ်ဖြစ်လာသလားလို့ဆိုတဲ့ သံသယများဖြစ်လာပါတယ်ရှင့်။ အကယ်၍ သတင်းထောက်တွေကို လိုက်လံပို့ဆောင်တဲ့အတွက်ကြောင့်မို့လို့ သူတို့က ဖမ်းဆီးခံရတာဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံအတွက် အလားအလာ မကောင်းပါဘူးရှင့်။ အဓိကတော့ ကျမတို့စိုးရိမ်တာကတော့ ဒီ၂ ယောက်ကို အသက်ရှင်လျက်နဲ့ ကျန်းမာလျက်နဲ့ပဲ ပြန်ပြီးလိုချင်ပါတယ်။”

ရှမ်းပြည်မြောက်ပိုင်း မူဆယ်နဲ့ မုံးကိုးဒေသတွေမှာ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဒီလိုအခြေအနေမှာ ခရစ်ယာန်သင်းထောက်ဆရာ ၂ ဦး ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ကချင်သင်းထောက်ဆရာ ၂ ဦးပျောက်ဆုံး
please wait

No media source currently available

0:00 0:04:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG