သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးတင်းမာဆဲ


ရှမ်းမြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ ( ပြန်ကြားရေးဝန်ကြီးဌာန MOI)
ရှမ်းမြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ ( ပြန်ကြားရေးဝန်ကြီးဌာန MOI)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်အဖွဲ့လေးဖွဲ့နဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။ မူဆယ်မြို့ဘက်မှာ အခြေအနေတည်ငြိမ်လာလို့ စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်း စပြန်နေကြပါပြီ။ ဒါပေမဲ့ မုန်းကိုး ဒေသဘက်မှာတော့ တရုတ်နယ်စပ်ရောက် ဒုက္ခသည်တွေ နေရပ်ရင်းမပြန်နိုင်သေးဘဲ စစ်ရေးအခြေအနေလည်း ပြင်းထန်ဆဲပါ။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ အတွင်း မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားတပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ်မတော် တို့အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ မူဆယ်မြို့နဲ့ တရုတ်နယ်စပ်ဒေသတွေမှာ စစ်ဘေး တိမ်းရှောင်နေကြရာကနေ မူဆယ်မြို့နယ်ဘက်မှာအခြေအနေအေးချမ်းသွားခဲ့လို့ နေရပ်ရင်းကို စတင်ပြန် နေကြပြီးလို့ ဒုက္ခသည်အကူညီပေးရေးအဖွဲ့ ဂရုဏာပရဟိတအသင်း ဥက္ကဋ္ဌဦးသောင်းထွန်းအခုလိုပြောပါတယ်။

"တချို့ရှမ်းတွေကတော့ တော်တော်များများ ပြန်ကုန်ကြပါပြီ။ တချို့ရှမ်းပဲ ကျန်တော့တယ်။ ကယ်ဆယ်ရေးစခန်းက တရားဝင်က ငါးခုရှိတယ်။ ကျန်တာက နီးစပ်ရာ တည်းကြတော့ ဘုန်းကြီးကျောင်းတွေအပါအဝင် အားလုံး ကိုးခုရှိတယ်။ အဲ့အထဲမှာ ၈၀၀ကျော်ရှိတဲ့ စခန်းဆိုရင် အခုဆိုရင် အယောက်(၃၀) လောက်ပဲ ကျန်ပါတော့တယ်။ နောက် တချို့ဘုန်းကြီးကျောင်းတွေကနေလည်း ဒီနေ့ပြန်ဖို့ ကျနော်တို့ စီစဉ်နေပါတယ်။ အခုကတော့ လေးထောင်ကျော် ငါးထောင်နီးပါးရှိတဲ့စခန်းတွေမှာ အခုတော့ နှစ်ထောင်ကျော်ကျော်ပဲ ကျန်ပါတော့တယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းကတော့ ပြန်လည်လှုပ်ရှားဖွင့်လှစ်နေပြီဖြစ်ပါတယ်။မုန်းကိုး၊ မုန်းပေါ်၊ပန်ဆိုင်းကတော့ တိုက်ပွဲဖြစ်နေပါတယ်။"

လက်ရှိမူဆယ်မြို့အတွင်းမှာ အခြေအနေငြိမ်သက်သွားတာကြောင့် ကုန်သွယ်ရေးဇုံကိုပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပေမဲ့ မုန်းကိုး ဒေသဘက်မှာတော့ စစ်ရေးအခြေအနေတင်းမာနေဆဲလို့ ဂရုဏာပရဟိတအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်း ပြောပါတယ်။

တရုတ် – မြန်မာ နယ်စပ် ကြူကုတ်-ပန်ဆိုင်း မုန်းကိုးဒေသအတွင်း တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွါးနေသေးသလို ဒေသခံ (၄၀၀၀) ကျော်ဟာ တရုတ်နိုင်ငံ ဝမ်တိန်မြို့မှာ စစ်ဘေး တိမ်းရှောင်နေရဆဲလို့ ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့ တဲ့ တိုင်းရင်း သတင်းလွှာ သတင်းထောက် အားမီက အခုလိုပြောပါတယ်။

"တရုတ်ဘက်မှာက အခုလေးထောင်ကျော်သွားပြီ။ တရုတ်ဘက်မှာဆိုတာက အခု ဝမ်စိန်ပေါ့နော် ပန်ဆိုင်းရဲ့ ဒီဘက်ကမ်း ကျမတို့ရောက်ခဲ့တဲ့ နေရာပေါ့။ အဲ့ဒီ့ဝမ်စိန်မှာပဲ လေးထောင်ကျော်က။ မုန်ကိုးရဲ့ ဒီဘက်ခြမ်းကတော့ မန်ချိုင်းလေ။ အဲ့ဒီ့ဘက်က အခြေအနေက အတိအကျလိုက်လို့မရဘူးဖြစ်နေတာ။ အဲ့ဘက်မှာ ခန့်မှန်းခြေက နှစ်ထောင်ကျော်နေပြီ။"

တရုတ်နိုင်ငံ ဝမ်တိန်မြို့က စစ်ဘေးတိမ်းရှောင်တွေကို တရုတ်အာဏာပိုင်တွေအပြင် မူဆယ်မြို့လူမှုကူညီရေးအဖွဲ့တွေ ကနေ အကူညီပေးဆောင်နေပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၀ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင် ဒုက္ခသည်တွေဟာ တရုတ်နိုင်ငံ နယ်စပ်မြို့ ဝမ်တိန်မြို့ကို ထွက်ပြေးလာခဲ့တာဖြစ်ပြီး ၎င်းတို့နေရပ်ရင်းပြန်ရေးမှာ မရေရာသေးတဲ့အခြေအနေမှာရှိနေ ပါတယ်။

လက်ရှိမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့် တပ်မတော် (AA)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) စတဲ့ မြောက်ပိုင်း မဟာ မိတ်တပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ်မတော် တို့အကြားတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ မုန်းကိုးဒေသမှာ စစ်ရေးအရအခရာကျတဲ့ ဗျုဟာကုန်းကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်း စုအဖွဲ့ကနေ ထိမ်းချုပ်ထားသလို မြန်မာ့တပ်မတော်ဘက်ကလဲ အပြင်းအထန်ထိုးစစ်ဆင်နေဆဲလို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ တာပန်းလှကပြောပါတယ်။

"(မုန်းကိုးဒေသ) အဲ့ဒီ့မှာတော့ တောက်လျှောက် ထပ်ဆက်ဖြစ်နေဆဲဘဲ။ ခုဒီမနက်ပိုင်းမှာလဲ လေယာဉ်နဲ့သွားရောက် ဆက်ပစ်တာမျိုးတွေ။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ကတည်းကကျွန်တော်တို့ထိန်းချုပ်လိုက်ပြီး။ ခုဟာက မြန်မာ့တပ်မတော်ကနေပြီးတော့ သူတို့ရဲ့ဗျူဟာကုန်း စခန်းကို ပြန်လည်ရယူဖို့သူတို့ကြိုးပမ်းတာပေါ့လေ။ ကြိုးပမ်းတဲ့အခါမှာ လက်နက်ကြီးတွေနဲ့ရော လေယာဉ်တွေ ဟယ်လီကော့ ပတာတွေနဲ့ရော လာရောက်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲကတော့နေ့တိုင်းလိုလိုပြင်းထန်နေတာပေါ့။

ဒါ့အပြင် ဒီကနေ့မှာလဲမန်တုံမြို့နယ်၊ ပန်ဝါကျေးရွာအနီးမှာ TNLA တပ်ဖွဲ့နဲ့မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် KIOကချင်လွတ်လပ်ရေးအဖွဲ့ရဲ့လိုင်ဇာမြို့အဝင်ဝမှာလဲ ဒီကနေ့မှာမြန်မာ့တပ်မတော်နဲ့KIOတပ်တို့ အကြား တိုက်ပွဲဖြစ်ပွါးနေတယ်လို့လဲ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့နိူဝင်ဘာ(၂၀)ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါင်းပြီး ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ စခန်းတွေအပြင် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကိုပါ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

ဒီလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရတဲ့အကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့စပ်လျဉ်းပြီး လက်နက်ကိုင်နည်းလမ်းနဲ့ပြဿနာကိုဖြေရှင်းခဲ့ကြလို့ပြည်တွင်းစစ် အဓွန့်ရှည်ကာ နိုင်ငံနှင့်ပြည်သူတွေ ဆိုးကျိုးခံစားခဲ့ရသလို ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစုပင်လုံဟာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း၊ အဲဒီ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် (NCA) အပစ်ရပ် စာချုပ်ကို လက်မှတ်ထိုးဖို့ လိုအပ်တယ်လို့နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသား မဟာမိတ်တွေအနေနဲ့ကတော့ မြန်မာတပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေကို အဆက်မပြတ်ပြုလုပ်နေတဲ့အတွက် တန်ပြန်တိုက်ခိုက်ရတာဖြစ်ကြောင်းနဲ့ အစိုးရအနေနဲ့ ထိုးစစ်တွေရပ်မယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့ကလည်း သူတို့ရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းရပ် မှာဖြစ်တယ်လို့နိုဝင်ဘာလ (၂၅)ရက်နေ့ ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG