သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်အရေး ဒေါ်စုထုတ်ပြန်ချက် လက်တွေ့ဘဝနဲ့ ကင်းကွာဟု TNLA ဆို


TNLA တပ်ဖွဲ့ (နိုဝင်ဘာ ၂၂၊ ၂၀၁၆)။ သတင်းဓာတ်ပုံ- သတင်းနှင့်ပြန်ကြားရေးဌာန -PSLF/TNLA။
TNLA တပ်ဖွဲ့ (နိုဝင်ဘာ ၂၂၊ ၂၀၁၆)။ သတင်းဓာတ်ပုံ- သတင်းနှင့်ပြန်ကြားရေးဌာန -PSLF/TNLA။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထုတ်ပြန်ချက်ဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာနေကြောင်း ပလောင်လက်နက်ကိုင်အဖွဲ့ဘက်က တုံ့ပြန်လိုက်ပါတယ်။ လက်ရှိ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသပဋိပက္ခမှာ ပါဝင်နေတဲ့ ပလောင်နဲ့ ကချင်တပ်ဖွဲ့တွေကတော့ အစိုးရနဲ့ တပ်မတော်ဖက်က UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီရဲ့ တင်ပြချက်အတိုင်း တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာနိုင်ရေးကို လိုလားနေကြပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက တိုက်ပွဲတွေဟာ ဒီကနေ့ အထိဆက်လက်ဖြစ်ပွားနေပြီး ဗုဒ္ဓဟူးနေ့ကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဋိပက္ခနဲ့ပတ်သက်ပြီး ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တခုတည်းသော လမ်းကြောင်းဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သင့်သူတွေအားလုံးပါဝင်ရေးအတွက် တံခါးဖွင့်ထားပြီး တန်းတူပါဝင်ရေးအတွက် ကြိုဆိုကြောင်း နဲ့ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၂၁ရာစုပင်လုံဒုတိယအစည်းအဝေးမှာ ပါဝင်ပြီး ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်းဖို့ကို တိုက်တွန်းထားတာဖြစ်ပါတယ်။

လက်ရှိ ရှမ်းအရှေ့မြောက်ဒေသပဋိပက္ခမှာ ပါဝင်နေတဲ့ PSLF/TNLA ခေါ် ပလောင်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာဖုန်းကျော်က သူတို့အဖွဲ့ရဲ့ အမြင်သဘောထားကို အခုလို ပြောဆိုပါတယ်။

" အခုဖြစ်နေတဲ့တိုက်ပွဲအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှု့မြင်သုံးသပ်မှု က ပြသနာဖြေရှင်းနိုင်ဖို့ အားအရမ်းနည်းတယ်လို့ ကျနော်တို့မြင်ပါတယ်။ အခုတိုက်ပွဲတွေပြင်းထန်နေတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ရှု့မြင်တာတွေက အစိုးရတရပ်အနေနဲ့ မြန်မာ့တပ်မတော်က ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ရွံ့ရွံ့ချွန်ချွန် စွမ်းစွမ်းတမံ ခြေမှုန်းနေတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်း စုကြည် က လက်ခံသဘောတူ တဲ့ပုံစံမျိုး ထုတ်ပြန် ထားတာကို ကျနော်တို့တွေ့ရ ပါတယ်။ ကျနော်တို့ အနေနဲ့လည်း ဒီဖြစ်စဉ်မှာ NCA ကို လက်မှတ် ထိုးပြီးတော့ ၂၁ရာစုပင်လုံကို လာပါလို့ ဒီလိုရေးထားတာက တကယ့် လက်တွေ့မကျဘူးလို့ ကျနော်တို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က NCA ကို ထိုးဖို့အသင့်ရှိတယ် ပြောတယ်။ မြန်မာ့ တပ်မတော်က ပေးမထိုးဘူး။ ၂၁ ရာစုပင်လုံညီလာခံ ကျနော်တို့တက်နိုင် တယ်ပြောတယ် မြန်မာ့တပ်မတော် က ပေးမတက်ဘူး။ Statement လေးထုတ်ရုံ၊ လာပါ ပြောရုံနဲ့ ကျနော်တို့ လက်တွေ့ လာလို့မရတဲ့အခက်အခဲတွေ အများကြီးရှိပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ရှမ်းအရှေ့မြောက်ဒေသပဋိပက္ခမှာ ကချင်၊ ပလောင်၊ ကိုးကန့်နဲ့ AAခေါ် ရခိုင်တပ်ဖွဲ့တွေ ပူးပေါင်း ပါဝင်နေပြီး တိုင်းရင်းသားမဟာမိတ် ၄ဖွဲ့ရဲ့ ၂၁ရက်နေ့ ထုတ်ပြန်ချက်မှာ အစိုးရတပ်မတော်ရဲ့ စစ်ရေးဖိအားကြောင့် အခုလို ပူးပေါင်းတိုက်ခိုက်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့တွေကို အစိုးရတပ်မတော်က ပြန်လှန်တိုက်ခိုက်နေပြီး နယ်မြေဒေသတချို့မှာ တိုက်ပွဲတွေဟာ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေဆဲ ရှိနေပါတယ်။ ဒီတိုက်ပွဲတွေရပ်ဆိုင်းဖို့အတွက် သူတို့ရဲ့လိုလားချက်ကို ပလောင်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာဖုန်းကျော်က အခုလို ဆက်ပြောပါတယ်။

" တိုက်ပွဲတွေ ရပ်ဖို့ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာ့ တပ်မတော်ကို ပြောပြီးတော့မှ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ပြန်လုပ်ဖို့လိုတယ်။ အခုထိုးနေတဲ့ ထိုးစစ်တွေ ရပ်ဖို့ လိုပါတယ်။ အဲ့တာဆိုရင် ကျနော်တို့ တိုက်ပွဲတွေရပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေး ပွဲတွေ ရောက်နိုင်တယ်ဆိုရင်တော့ ဒါက တိုက်ပွဲတွေ ငြိမ်းသွားမှာပါ။ အဲ့လိုမဟုတ်ပဲနဲ့ ဒီလို ထိုးစစ်တွေပဲ ဆက်တိုက် ဆက်လုပ်လာမယ်ဆိုရင် ကျနော်တို့ကတော့ အပြန်အလှန် ခုခံတဲ့တိုက်ပွဲတွေကတော့ ထပ်ပြီးတော့ ကြာမယ့်သဘောရှိပါတယ်။"

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO က တရားဝင် သဘောထား ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFC ရဲ့ တင်ပြချက် ၉ချက်ကို အစိုးရဘက်က လက်ခံရင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပါတယ်။

" အစိုးရအနေနဲ့၊ တပ်မတော်အနေနဲ့ UNFC ထုတ်ထားတဲ့အချက်(၉)ချက်ကို သဘောတူတယ်ဆိုရင် NCA ထိုးဖို့ ဖြစ်နိုင်တယ်။ တတိုင်းပြည်လုံး ဆိုင်းထိုးဖို့ ပြောတဲ့ အထဲမှာ UNFC ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လှပြောတဲ့ အထဲမှာ ပြောတယ်။ အဲ့တာ အစိုးရဘက် ကလည်း ကြေညာလိုက်၊ UNFC အနေနဲ့လည်း ကြေညာမယ်။ Nationwide အဆင့်ကို ကြေညာလိုက်ကြရအောင်။ အဲ့တာကို ပြောပြီးပြီ။ ကြေညာချက်လည်း ပို့ပြီးပြီ နော်။ အဲ့ဒီ့(၉)ချက်ကို အစိုးရက လက်ခံသဘောတူတယ်ဆိုရင် အားလုံးက အေးဆေးဖြစ်သွားမယ်လို့။ "

UNFC ရဲ့ တင်ပြချက် ၉ချက်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်က ကြေညာဖို့အချက်တချက်အနေနဲ့ တောင်းဆိုထားတာဖြစ်ပါတယ်။

UNFCရဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ DPN ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင် Peace commission နဲ့ တွေ့ဆုံဆွေးနွေးနေရာမှာ အချက်အချို့ကို သဘောတူညီချက် ရထားပြီးဖြစ်ပါတယ်။ ဒီလအကုန်ပိုင်းမှာ ထပ်မံတွေ့ဆုံဆွေးနွေး ဖို့လည်း နောက်ဆုံး အကြိမ်ဆွေးနွေးပွဲမှာ သဘောတူထားပါတယ်။

ဒီကနေ့မှာတော့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက မုန်းကိုး၊ နမ့်ခမ်း၊ မန်တုံနဲ့ ကွတ်ခိုင်ဒေသတွေမှာ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မနက်ပိုင်းက တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အခြာကျတဲ့ မူဆယ် ၁၀၅မိုင်မှာလည်း တိုက်ပွဲတနာရီကျော်လောက်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG