သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်အပစ်ရပ်ရင် တိုင်းရင်းလက်နက်ကိုင်ကလည်း ချက်ချင်းအပစ်ရပ်မယ်ဟု TNLA ပြော


TNLA တအာင်း ပလောင်တပ်(PSLF -TNLA News & Information Department)
TNLA တအာင်း ပလောင်တပ်(PSLF -TNLA News & Information Department)

မြန်မာပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ အရှိန်မြင့်ပြီးဆက်ဖြစ်နေပါတယ်။ တိုက်ပွဲတွေ ရပ်တန့်ဖို့ အတွက်အပစ်အခတ်ရပ်စဲနိုင်ဖို့ က တာဝန်ရှိတဲ့ မြန်မာအစိုးရဘက်ကရော မြန်မာ တပ်မတော်ဘက်က လုပ်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်က တိုက်ပွဲတွေကို ချက်ချင်းရပ်တန့်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်မြောက်ပိုင်းတရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ် မူဆယ်မြိုအနီးကားလမ်းမပေါ်နဲ့ ကွတ်ခိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့ပေါင်းထားတဲ့ မဟာမိတ်တပ်တွေက အပြန်အလှန်ပစ်ခတ်မူတွေလည်း ရှိနေတာပါ။ နိုဝင်ဘာလ ၂၂ရက်နေ့ အထိတိုက်ပွဲတွေဆက်ဖြစ်တဲ့အကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲဖြစ်တဲ့ တအာင်း ပလောင်တပ်က ဗိုလ်မူးကြီးတာဖုန်းကျော်က အခုလိုပြောပါတယ်။

“ဟုတ်ကဲ့တိုက်ပွဲက ဆက်ဖြစ်နေတယ်။ မိုးကိုးဘက်မှာလည်းဆက်ဖြစ်နေတယ်။ ဒီအခု ကားလမ်းမဘေးမှာလည်း ဆက်ဖြစ်နေတယ် ၊ ပြည်ထောင်စုကားလမ်းမကြီးဘေး မူဆယ်နဲ့ ကွတ်ခိုင်ကြား။ ပြီးတော့ မူဆယ် မှာလည်း တိုက်ပွဲဖြစ်နေတယ်။”

အခုလိုတိုက်ပွဲတွေဖြစ်နေတဲ့အတွက် အရပ်သားပြည်သူတွေလည်း ထိခိုက်မူတွေရှိသလို နယ်စပ် ဖြစ်တာကြောင့် တရုတ်ပြည်ဘက်ကိုလည်း ထွက်ပြေးတိမ်းရှောင်မူတွေလည်းဖြစ်နေတာပါ။

အရပ်သားတွေပစ်ခတ်ခံနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ဗိုလ်မူးကြီးတာဖုန်းကျော်ကတော့အခုလို ပြန်လည်ရှင်းလင်းပြောဆိုပါတယ်။

“ကျနော်တို့ကတော့ အခုတပ်မတော်က စစ်ကူတက်လာတဲ့ဟာတွေကို မတက်လာနိုင်ဖို့အတွက် ကျနော်တို့က ပိတ်ဆို့တာတွေ လုပ်နေပါတယ်။ ကျနော်တို့ ပစ်တဲ့အချိန်မှာလည်း တပ်မတော်က တင်လာတဲ့ ကားတွေကိုပဲ ကျနော်တို့ ပစ်တာဖြစ်ပါတယ်။ ဆိုတော့ အဲဒီလို အပြန်အလှန်ပစ်တဲ့အချိန်မှာ ကျနော်တို့ကတော့ အတတ်နိုင်ဆုံးအရပ်သားတွေကိုရှောင်ရှားဖို့ ကျနော်တို့ပြောပါတယ်။ ဒါပေမယ့် တခါတလေကျရင်တပ်မတော်က အရပ်သားကားတွေနဲ့တက်လာတာတွေရှိပါတယ်။ အဲလိုမျိုးအချိန်ကျရင် ရှုပ်ထွေးမှုတွေတော်တော်ရှိပါတယ်။ တခါတလေ အပြန်အလှန်ပစ်တဲ့အချိန်မှာ တချို့ကားတွေ ပိတ်ထားတာကို လွတ်လာတဲ့ဟာတွေရှိတယ် အဲဒီအချိန်ကျရင်တော့ တိုက်ပွဲဖြစ်တဲ့ကြားထဲမှာ အရပ်သားကားတွေဝင်လာတာတွေရှိတယ်။ ဒါကြောင့်မို့ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ တချို့အရပ်သားတွေတကယ်သေတာ၊ ထိခိုက်တာတွေလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဘယ်က ပစ်လိုက်တဲ့ ကျည်ဆံလည်းဆိုတာကတော့ တော်တော် ဝေခွဲရခက်ပါတယ်။ ၂ ဘက်စလုံးကတော့ ပစ်နေကြတာပါ။”

နှစ်ဘက် ငြိမ်းချမ်းရေးလမ်းစအတွက် အဖြေရှာနိုင်ရေးအတွက် အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ဆွေးနွေးညှိနှိုင်းမယ့် အလားအလာတွေတော့ မတွေ့ရသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ဖွဲ့ ကတော့ သူတို့ ရဲ့စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ကတော့ အစိုးရနဲ့ တပ်မတော်ပေါ်မှာ မူတည်တဲ့အကြောင်း ဆက်ပြောသွားပါတယ်။

“တပ်ချုပ်ကြီး မင်းအောင်လှိုင်ပေါ်မှာမူတည်ပါတယ်။ သူက ဒီစစ်ပွဲရပ်ဖို့လိုတယ် စကားပြောကြရအောင် လို့ပြောရင် ဒါက တော်တော် အဖြေရှင်းပါတယ်။ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ အစိုးရက ဒီဟာကို လမ်းကြောင်းမှန်တည့်ပေးနိုင်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့လိုတယ်၊ အပစ်ရပ်ဖို့လိုတယ်ဆိုရင် အခုလို တိုက်ပွဲတွေဘာမှ ဖြစ်စရာမရှိဘူး ။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေလည်း ကျနော်တို့ ရပ်လို့ရပါတယ်။ အဓိက ကျနော်တို့ တိုက်ပွဲတွေဖြစ်ပွားရတာကလည်း ငြိမ်းချမ်းရေးလမ်းစဉ်ကို တပ်မတော်က သူလိုသလိုစွဲနေလို့ ကျနော်တို့ကိုလည်း ပါဝင်ခွင့်တွေမပေးလို့ ဒါမျိုးတိုက်ပွဲတွေဖြစ်တာပါ။”


မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်းစစ်ဖြစ်နေပြီး ငြိမ်းချမ်းရေးအရ ပစ်ခတ်တိုက်ခတ်မူ ရပ်စဲရေး သဘောတူစာချုပ်တွေကို အစိုးရနဲ့တိုင်းရင်းသားတချို့ကြား လက်မှတ်ရေးထိုးခဲ့သလို ၂၁ရာစုပင်လုံညီလာခံကြီးခေါ်ယူပြီး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးခဲ့ကြပေမယ့်တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေကဖြစ်ပွားနေပြီး စစ်ပွဲတွေကြောင့်တိမ်းရှောင်နေရတဲ့ အိုးအိမ်မဲ့ ဒုက္ခသည်တွေ ကတော့ ပိုပြီးများပြားလာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG