သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ်အနီး ရှမ်းပြည်ဘက် တိုက်ပွဲများရှိဆဲ


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့နယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းမှာ ဒီကနေ့အထိ တိုက်ပွဲတချို့ ဆက်လက်ဖြစ်ပွားခဲ့သလို၊ ကုန်စည်စီးဆင်းမှုတွေလည်း ရပ်ဆိုင်းထားရပါတယ်။ အရပ်သားတွေပါ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမဲ့လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့ ငြင်းဆန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်အတွင်းက မြန်မာတပ်မတော်နဲ့ ရဲကင်းစခန်းတွေ အပါအဝင် နေရာ ၁၀ ခုလောက်ကို တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး နောက်တနေ့အထိ တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေနဲ့ မတည်မငြိမ် အခြေအနေတွေကြောင့် တရုတ်မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ကုန်စည်စီးဆင်းမူတွေ ရပ်နားထားရတဲ့အကြောင်း ကုန်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီနေ့က လမ်းတွေပိတ်ပြီးတော့ ကားတွေမရောက်ဘူးပေါ့။ အခုတော့ ကားမဝင်ဘူး ကျနော်တို့ လုပ်ငန်းကတော့ ရပ်မထားဘူး။ ကားမဝင်တော့ ဘာမှ လုပ်လို့မရဘူး။”

ရှမ်းပြည်နယ် အတွင်းက မူဆယ် (၁၀၅) မိုင်၊ မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်း၊ ကွတ်ခိုင် ဒေသတွေက အစိုးရတပ်စခန်းတွေကို တိုက်ခိုက်မှုမှာတော့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအောင်းပလောင်တပ်ဖွဲ့ (TNLA) ပူးပေါင်းပြီး စစ်ဆင်ခဲ့ကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ တိုက်ပွဲတွေဟာ ဒီကနေ့ အထိလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ စစ်ဆင်ရေးတွေ ဆက်လုပ်သွားဖို့ ရှိနေတယ်လို့လည်း TNLA တပ်ဖွဲ့က ဗိုလ်မှူး တာ့အိုက်ကျော် ကပြောပါတယ်။

“ကွတ်ခိုင်ဘက်မှာလည်းဖြစ်သေးတယ်။ မုံးကိုးဘက်မှာလည်းဖြစ်တယ် ဘယ်လောက်ရှိလာသလဲဆိုတာတော့ ကျနော်တို့ကတော့ ပြောဖို့ ခန့်မှန်းဖို့ ခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒေသမှာ မြန်မာ့တပ်မတော်ကထိုးတာပေါ့နော်။ အဓိက ဒီတိုက်ပွဲဖြစ်လာတာကြောင့် မြန်မာ့တပ်မတော်က ကျနော်တို့ ဒေသကို အဓိက ထိုးစစ်တွေထိုးလာတယ်။ ဒါကြောင့်ပြည်သူလူထုတွေ ထွက်ပြေးရတာရှိတယ်။ တချို့ကျတော့ ဖြစ်နေတဲ့အချိန်မှာထွက်ပြေးရာရှိတယ်။ တချို့ကျတော့ တိုက်ပွဲလည်းမဖြစ်ဘူး မြန်မာ့တပ်မတော်ကလာပြီးတော့ ချိန်းခြောက်တာမျိုး ၊အကြောင်းမဲ့လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် အဲလိုမျိုးထွက်ပြေးရတာတွေလည်းရှိတယ်။ အဲလိုမျိုး ကျတော့ ပြန်ငြိမ်သွားရင် အိမ်ကို ပြန်တာတွေလည်းရှိတယ်။ တချို့ကျတော့ အခုအထိမပြန်နိုင်တာတွေလည်းရှိတယ်။ ဘယ်အချိန်အတိုင်းအတာအထိလဲဆိုတော့ ၂၀၁၂ ကတည်းက အခုအထိပါပဲ။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြေညာချက်မှာတော့ မြန်မာအစိုးရတပ်တွေရဲ့ စစ်ရေးအရ ဖိအားပေးမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာသာ ဖြစ်တယ်လို့လည်း စီးနင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဖြေရှင်းချက်ပေးခဲ့တာပါ။ ဒီကနေ့ ညနေပိုင်းက ပိတ်မိနေတဲ့လူတွေကို သွားကယ်ထုတ်တဲ့ ပရဟိတအဖွဲ့ကကားတစီးကို သေနတ်နဲ့ ဝိုင်းပစ်တဲ့အတွက် ရွှေလီ-ကြယ်ခေါင်-မူဆယ်ဒေသမှာ ပရဟိတလုပ်ငန်းတွေလုပ်နေတဲ့ ကိုရဲမင်းအောင်ဆိုသူကို သေနတ်တချက်မှန်တဲ့အတွက် ဆေးရုံ တင်ပြီး ကုသပေးနေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကိုပြောပါတယ်။

“ဒီပစ်ခတ်မှုက ဘာလဲဆိုတော့ စစ်ဘက်လုံခြုံရေးစခန်း ပစ်မှတ်တွေတောင်မဟုတ်တော့ဘူး။ အပြစ်မဲ့ပြည်သူတွေသေတယ်။ သေတဲ့အပြင် အခုနောက်ဆုံး ညနေပိုင်းအခြေအနေ ၃ နာရီပေါ့နော် အဲဒီမှာ ပစ်တာဆိုရင် တိုက်ပွဲတွေကြောင့် ဒုက္ခတွေရောက်နေတဲ့ ပြည်သူကိုကူညီတဲ့ လူမှုရေးအသင်း ပရဟိတအသင်းကိုပါတိုက်ခိုက်တာတွေကတော့ ကျနော်တို့က အရှက်အမောက် လုပ်ရပ်တွေမကတော့ဘူးပေါ့နော်။ ပြည်သူလူထုကိုပါ ပစ်တဲ့အနေအထားမျိုးတွေဖြစ်လာနေတာ ကျနော်တို့တွေ့ရပါတယ်။ အခုလောလောဆယ် အဲဒီဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးကိုဆောက်ရွက်နေပါတယ်။ နောက်တချက်ကတော့ ခုနပြောတဲ့ လုံခြုံရေးစခန်းတွေအပြင် ပြည်သူလူထုကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့နေရာတွေလုပ်နေပါတယ်။ ဒါလည်းတပ်မတော်တွေ၊ ရဲတွေရယ်ပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။”

တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာ ရသူတွေ ရှိထားပြီး အခုအခါ တိုက်ပွဲတွေကနေ ဘေးလွတ်ရာ တိမ်းရှောင်သူတွေလည်း ရှိနေသလို တချို့ကတော့ အိမ်နီးချင်း တရုတ်နိုင်ငံတွင်း ဝင်ရောက်ခိုလှုံသူတွေလည်း ရှိပါတယ်။ TNLAတပ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ စစ်ဆင်ရေးဟာ လူထုကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ ပြည်သူလူထုကို တိုက်ခိုက်ခဲ့တာမရှိဘူး။ ပြည်သူတွေနေတဲ့နေရာလည်း တိုက်တာမရှိဘူး။ ကျနော်တို့ကတော့ အဲဒီမှာနေတဲ့ တပ်စခန်း ၊ ရဲစခန်းတွေကိုတော့ တိုက်တာတွေတော့ရှိတယ်။ ဒါပေမယ့် အဲဒီမှာတိုက်ပွဲဖြစ်နေတဲ့အချိန်လူထုက ကြားမှာရှိနေတဲ့အချိန် ဆိုတော့ ဘယ်သူ့လက်ချက်လဲဆိုတာတော့ ဘယ်သူမှ အတည်ပြုနိုင်တာမဟုတ်ဘူးလေနော်။”

အခုချိန်ထိတော့ အဲဒီမှာတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား အခြေအနေကို ပြန်ထိန်းသိမ်းနိုင်ဖို့ ဆွေးနွေးပြောဆိုမယ့် အရိပ်လက္ခဏာမျိုး မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG