သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲအရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စိုးရိမ်ဖွယ်


၂၁ ရာစုပင်လုံညီလာခံ သတင်းဓါတ်ပုံ
၂၁ ရာစုပင်လုံညီလာခံ သတင်းဓါတ်ပုံ

ကချင်၊ ပလောင်၊ ကိုးကန့်၊ ရခိုင်လက်နက်ကိုင်အဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်တာတွေ ပြင်းထန်လာမယ်ဆိုရင်စစ်ပွဲဟာ ရှည်ကြာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှောင့်နှေးကြန့်ကြာသွားနိုင်ကြောင်း မြန်မာနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်သေးတဲ့အဖွဲ့အစည်းတွေ အားလုံးပါဝင်လာရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်းလည်း ထောက်ပြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုတွေနဲ့ ငြိမ်းချမ်းရေးအလားအလာကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က ကချင်၊ ပလောင်၊ ကိုးကန့်၊ရခိုင်လက်နက်ကိုင်အဖွဲ့တွေက ရှမ်းပြည်နယ် မြောက်ပိုင်းက အစိုးရတပ်စခန်းနဲ့ ရဲကင်းစခန်း ၁၁တနေရာကို တရက်တည်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို လမ်းတံတား ၃နေရာလောက်ကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အစိုးရတပ်မတော်ဖက်က စစ်ပွဲဖြစ်ပွားရာဒေသဖက်ကို သံချပ်ကာကားတွေအပါအဝင် တပ်အင်အားတွေ စေလွှတ်နေတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အပြန်အလှန်တိုက်ခိုက်တာတွေ ဆက်ဖြစ်နေမယ်ဆိုရင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ကြန့်ကြာလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“လောလောဆယ်အဲဒါကတော့ ပြဿနာကို ဘယ်လိုကြည့်မြင်သလဲဆိုတာအပေါ်မှာ မူတည်တယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးပြဿနာ ဖြေရှင်းဖို့အတွက် ဆွေးနွေးမယ်ဆိုတဲ့ သဘောထားနဲ့ ဆွေးနွေးမယ်ဆိုရင် ပြဿနာကို မြန်မြန်ဆန်ဆန်ပေါ့ ဖြေရှင်းနိုင်မှာပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအောင်မြင်အောင် ဖြေရှင်းနိုင်မှာပေါ့။ တကယ်တော့ မဟုတ်ဘူး သူတို့လည်းတိုက်တယ်၊ ကိုယ်လည်းတိုက်တယ် အပြန်အလှန်တိုက်ကြမယ်ဆိုရင်တော့ အချိန်ကာလတခုကြာသွားပြီးတော့ တိုက်ပွဲတွေပိုမြင့်လာနိုင်တယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှောင့်နှေးသွားနိုင်တာပေါ့နော်။”

တိုက်ခိုက်တဲ့အဖွဲ့ တွေထဲမှာ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးဖို့ ဖိတ်ခေါ်ထားပြီး ကျန်အဖွဲ့တွေ ကတော့ အစိုးရဖက်က လက်မှတ်ရေးထိုးဖို့ကို လက်ခံမထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအောင်မြင်ဖို့ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ရေးကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်းလည်း ဦးမောင်မောင်စိုးက အခုလို ဆက်လက်ပြောဆိုပါတယ်။

“KIA နဲ့ဟာက UNFC ကတဆင့် ဖြေရှင်းလို့ရပေမယ့် ဟို ၃ ဖွဲ့ကတော့ ဘာနဲ့မှ ချိတ်ထားတာမရှိဘူး။ ဆွေးနွေးပွဲထဲမှာ ပြင်ပရောက်နေတယ်။ ဒါ့အပြင် UWSA ကလည်း ဒီ ၃ ဖွဲ့ပါရေးကို လက်ခံထားတယ်။ အဲဒီတော့ TNLA ကိုးကန့် ၃ ဖွဲ့ရယ် ၊ UWSA၊ မိုင်းလားတို့အဖွဲ့တွေပါလာရေးဆိုတာက ဦးစားပေးလုပ်ရမယ့် လုပ်ငန်းစဉ်လို့ ကျနော်ကမြင်တယ်။ ဆိုလိုတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေခံမူသည် ဒီလက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်နေတဲ့အဖွဲ့အားလုံး ပါဝင်နိုင်ရေးဖြစ်တယ်ဆိုတဲ့မူကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်နေတဲ့လူတိုင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့လူတွေက ခိုင်ခိုင်မာမာလက်ခံ ဆုပ်ကိုင် နိုင်ရင်တော့ ဖြေရှင်းနိုင်လိမ့်မယ်။ အဲဒါကို အဲဒီမူ ကိုမဆုပ်ကိုင်နိုင်ဘူး၊ မလက်ခံနိုင်ဘူးဆိုရင်တော့ စစ်ပွဲက နည်းနည်းရှည်ကြာလိမ့်မယ်။”

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA၊ ပလောင် PSLF နဲ့ ကိုးကန့် MNDAA တပ်ဖွဲ့တွေပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီUNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN ဟာ ဒီလ ၉ရက်နဲ့ ၁၀ရက်နေ့တွေက အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ NCA လက်မှတ်ထိုးရေးအတွက် ဆွေးနွေးခဲ့ပြီး ဒီလကုန်ပိုင်းမှာ ထပ်မံဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီဆွေးနွေးပွဲဖြစ်မြောက်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တစိတ်တဒေသဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ပြည်ထောင်စု institute ရဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောပါတယ်။

“တိုက်ပွဲဖြစ်လင့်နေပေမယ့် ဒီလမကုန်ခင်မှာ သူတို့ ၂ ဖက် တွေ့ဆုံပြီးတော့မှ ဆွေးနွေးသဘောတူညီချက် ထပ်ယူနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်တာပေါ့နော်။ အဲဒီလိုမျိုးဖြစ်မယ်ဆိုရင် ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေလည်း စနိုင်တော့မှာပေါ့။ ကျနော်တို့ ဒီအခု စီစဉ်ထားတာကတော့ ဘာလဲဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ပြန်နယ်မှာရော အမျိုးသားအဆင့် ၊ လူမျိုးရေးအဆင့်ပေါ့။ နောက်ပြီးတော့မှ ခေါင်းစဉ်အလိုက်လုပ်ဖို့ဟာတွေလည်း သူတို့လည်းပိုမိုပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တာပေါ့နော်။”

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၉ဖွဲ့ပါဝင်တဲ့ ဖက်ဒရယ်ကောင်စီUNFC ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN ဟာ တနိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးအတွက် အချက် ၉ချက် တောင်းဆိုထားပြီး အချက်အချို့ကို သဘောတူညီချက် ရထားတာဖြစ်ပါတယ်။

ဒီကနေ့မှာနေ့ခင်းပိုင်းကတော့ KIA ဌာနချုပ်အနီးက ဂီဒွန်စခန်းကို အစိုးရတပ်မတော်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေရှိကြောင်း KIAအဖွဲ့က တာဝန်ရှိသူ တဦးက ပြောဆိုသလို NCA ကို ပါဝင်လက်မှတ်ရေးထိုးမထားတဲ့ UWSA ခေါ် ဝတပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြားမှာ UWSAဝတပ်အကြားမှာ စစ်ရေးတင်းမာတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG