သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုးစစ်ရပ်ဖို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်နိုင်ဖို့ မြောက်ပိုင်းတပ်ပေါင်းစုတောင်းဆို


ရှမ်းပြည်နယ် ဒုက္ခသည်တွေကို ပြည်နယ်အစိုးရကကူညီ MOI
ရှမ်းပြည်နယ် ဒုက္ခသည်တွေကို ပြည်နယ်အစိုးရကကူညီ MOI

မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစု(၄)ဖွဲ့က ရှမ်းပြည်မြောက်ပိုင်း မြန်မာ့တပ်မတော် တပ်စခန်းတွေကို ဝင်တိုက်ရတာဟာ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်း အစိုးရတပ်က ထိုးစစ်ဆင်နေတာတွေ ရပ်ပေးဖို့နဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဖြစ်တယ်လို့ မြောက်ပိုင်း မဟာ မိတ်တပ်ပေါင်းစုက ပြောပါတယ်။ အခုလို ရှမ်းမြောက်ပိုင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ စစ်ရှောင် ဒုက္ခသည်တွေအတွက် စိုးရိမ်မိကြောင်း ပြည်ပရောက် ကချင်တိုင်းရင်းသားအဖွဲ့က ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့(၁၀၅)မိုင်အပါအဝင် မုံးကိုး၊ ပန်ဆိုင်း၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်ဒေသတွေက မြန်မာ့တပ်မတော် တပ်စခန်းတွေကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု(၄)ဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်မတော် AA၊ ကချင်လွတ်လပ်ရေးတပ် KIA ကိုးကန့် တပ်ဖွဲ့ MNDAA တအာင်းပလောင် လွတ်မြောက်ရေးတပ် TNLA တို့က နိုဝင်ဘာ၂၀ မနက်ပိုင်းကစပြီး ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက နိုဝင်ဘာ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တနင်္လာ မနေ့ညအချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အစိုးရတပ်က လေကြောင်း ကနေ တိုက်ခိုက်တာမျိုး ရှိခဲ့ကြောင်း TNLA တပ်ရဲ့ပြောခွင့်ရသူ ဗိုလ်မှူး တာအိုက်ကျော်က VOA ကိုပြောပါတယ်။

“ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ မုံးကိုဖက်မှာ မနက်ကတည်းက ညနေမိုးချုပ် ခါနီးအထိ လေကြောင်းပစ်ကူတွေနဲ့ နှစ်ကြိမ်လာပစ်ခတ် တာတွေရှိတယ်။ ဒီ မူဆယ်မြို့နဲ့ ပြည်ထောင်စုလမ်းမပေါ်မှာလည်း တစ်နေရာ နှစ်နေရာဖြစ်တယ်။ ကွတ်ခိုင်မြို့နယ်ထဲက မုံးစီးဖက်မှာလည်း ဖြစ်တယ်။ ကွတ်ခိုင်နားတဝိုက်လည်း ဖြစ် တယ်။ ညပိုင်းမှာကျတော့ ကွတ်ခိုင်တပ်စခန်းကို ပစ်ခိုက်တိုက်ခိုက်မှုတွေ ဖြစ်တယ် ”

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုက အခုလို တန်ပြန်တိုက်စစ် ဆင်နွှဲရတာဟာ အစိုးရတပ်ရဲ့ထိုးစစ်တွေ ရပ်ပေးဖို့နဲ့ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်နိုင် ဖို့ ဖြစ်တယ်လို့ TNLA ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။

“ သွားတိုက်တယ်ဆိုတာက မြန်မာ့တပ်မတော်က ကျနော်တို့ကို တောက်လျှောက် လာတိုက်တယ်။ မြန်မာ့တပ်မတော်က ဒီအောက်တိုဘာ ကနေ နိုဝင်ဘာလဆန်းထိ ကျနော်တို့ဖက်မှာ ထိုးစစ်ဆင်လာတယ်။ ထိုးစစ်ဆင်ပြီးမှ ကျနော်တို့နေတဲ့ တော တွင်းထဲထိကို လိုက်လံတိုက်ခိုက် တယ်။ ကျနော်တို့ရဲ့ တချို့ယာယီစခန်းတွေ ကိုလည်း သူတို့က တိုက်တာတွေ ရှိတယ်။ နောက် တိုက်ပွဲ မဖြစ်တဲ့အချိန်မျိုး မှာလည်း မြန်မာ့ တပ်မတော်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပြည်သူလူထု ရှိတဲ့နေရာတွေကို - ကျေးရွာအတွင်းရော ကျေးရွာပတ်ဝန်းကျင် လူထု သွားလာ လုပ်ကိုင်စားသောက်တဲ့ လယ်ခင်း ယာခင်းတွေအတွင်းမှာလည်း ပစ်ခတ်တယ်။ ဒီလိုပစ်ခတ်လို့ အသက်ဆုံးရှုံးတာ ရှိတယ်။ လူထုကိုလည်း ဖမ်းဆီးနှိပ်စက်တာ ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့က စစ်မျက်နှာ ပြန်ပြောင်းပြီးတော့မှ ဒီလမ်းမပေါ် ထိ ပြန်ပြီးမှ တက်တိုက် ရတာဖြစ်တယ်။ အဓိကတော့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ဖို့ လိုတယ်။ စစ်ရေးနဲ့ ဖြေရှင်းလို့မပြီးဘူး။ တွေ့ဆုံဆွေးနွေးဖို့တော့ လိုတယ် ”

ရှမ်းပြည်မြောက်ပိုင်းက လက်ရှိတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၂၇၀၀ နီးပါးအတွက် မူဆယ်မြို့တဝိုက်မှာ ဒုက္ခသည်စခန်း ၅ ခု ဖွင့်ထားပြီး ရှမ်းပြည်နယ် အစိုးရက အရေးပေါ်အကူအညီတချို့ပေးနေကြောင်း အစိုးရသတင်းတွေက ရေး ပါတယ်။ ဒီလိုစစ်ဘေးရှောင် ဒုက္ခ သည်တွေ ဆက်ပြီးတိုးပွားလာတာကို စိုးရိမ် မိကြောင်းနဲ့ အစိုးရရော တိုင်းရင်သားတပ်တွေပါ စစ်ပွဲတွေအမြန်ရပ်ပြီး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖို့ လိုလားကြောင်း နိုင်ငံတကာရောက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွမ်ဆမ်က တိုက်တွန်းလိုက်ပါတယ်။

“ ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ တကယ့်ကို စိတ်မသက်မသာ ဖြစ်ရ တယ်။ တသိန်းကျော်ရှိတဲ့ ဒုက္ခသည်တွေကနေပြီးတော့ အခုထပ်ပြီးမှ ဒုက္ခသည် ပိုများလာတဲ့ ဖြစ်စဉ်ကိုတော့ ကျနော်တို့ဝမ်းနည်းမိတယ်။ နောက်တခုက ဒီအဖွဲ့ ၄ဖွဲ့ကနေပြီးတော့ တုန့်ပြန်တဲ့အနေနဲ့ တိုက်နေတာက ၁၀၅ မိုင်ဂိတ်တို့ထိ ရောက် လာတာက အကုန်လုံး ငြိမ်းသင့်တယ်လို့ ကျနော်မြင်ပါတယ်။ အစိုးရကနေပြီး ဦးဆောင်ပြီးမှ ဒီလက်နက်ကိုင် ပဋိပက္ခလမ်းစဉ် ကနေရှောင်ရှားမှ ငြိမ်းချမ်းရေးကို တကယ့်လက်တွေ့ ဖေါ်ဆောင်နိုင်မှာ ကျနော်တို့ ပြည်သူအနေနဲ့ အင်မတန်ကို လိုလားတာပါ။ တိုင်းရင်းသားဒေသမှာ ဒီလိုထိုးစစ် ဆင်နေတဲ့ဟာကို ရပ်တန်းကနေ ရပ်တာကတော့ အကောင်းဆုံးပါပဲလို့ ကျနော်တို့ မြင်ပါတယ် ”

တရုတ်မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ရပ်ဖို့ တရုတ်အစိုးရလဲ တောင်းဆိုထားပါတယ်။ တိုက်ပွဲတွေ အတွင်းအရပ်သားသေဆုံးမှု ရှိပေမယ့် စာရင်းအတိအကျကို မသိရသေးပါဘူး။ စစ်ဘေးရှောင် ဒုက္ခသည်တချို့ ဟာ တရုတ်ပြည်ဖက် ဝင်ပြေး ခဲ့ကြတာကြောင့် ရွှေလီမြို့ကြက်ခြေနီအသင်းက ေ စာင်၊ အနွေးထည်နဲ့ ဆန်တွေကို လိုက်လံ ဝေငှပေးနေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းမှာဖေါ်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG