သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်တိုက်ပွဲ အရပ်သား ထိခိုက်သေဆုံးမှုရှိ


ရှမ်းမြောက်တိုက်ပွဲရှောင် အရပ်သား
ရှမ်းမြောက်တိုက်ပွဲရှောင် အရပ်သား

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းအကြားနဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့စစ်ရေးပဋိပက္ခကြောင့် ဒီရက်ပိုင်းမှာ ဒေသခံကျေးရွာ သားတွေ စစ်ဘေးတိမ်းရှောင်နေရမှု များပြားလာသလို စစ်ပွဲအတွင်းအရပ်သားတွေလဲ ထိခိုက်မှုတွေရှိ လာနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်းပြီး အခုလိုသတင်းပေးပို့ ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းက ပန်လုံရွာတစ်ဝိုက်မှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တွေ အကြား ဒီနေ့မနက်အထိ တိုက်ပွဲ ပြင်းထန်တာကြောင့် ဒေသခံတွေဟာ သီပေါ နမ္မတူ စတဲ့မြို့တွေထွက်ပြေး နေသူတွေရှိသလို ပိတ်မိနေသူတွေလည်းရှိနေပါတယ်။

လက်ရှိရွာတွင်းပိတ်မိနေတဲ့သူတွေနဲ့ ထိခိုက်မှုရှိတဲ့ရွာသားတွေကိုကယ်ထုတ်လာခဲ့တယ်လို့ ကူညီရေးအဖွဲ့ဝင် စိုင်းလိန်ခမ်းကပြောပါတယ်။

“ဒီမနက်က မနက် ၆ နာရီလောက်တောင်မှ ပြန်ပြီးတော့ သေနတ်သံတွေပြန်ကြားရတာပေါ့နော်၊ မနက်ပိုင်းကျမှ သူတို့ ထိမိခိုက်မိတဲ့သူတွေရယ် ၊ မနေ့က ပစ်ခတ်မိလို့ သေဆုံးသွားတဲ့ ကလေးမလေး ၁ ယောက် ကိုလည်း ကူညီပေးမယ်လို့ပြောတယ်ခင်ဗျ။ ခုနက ၉ နာရီ ၁၀ နာရီလောက်မှာ ကားတန်းနဲ့ ၃ ၊ ၄ ၊ ၅ စီးနဲ့ သယ်လာတယ်ခင်ဗျ။ မနေ့တုန်းကတော့ အမျိုးသမီး ၂ ယောက် အနောက်မှာ နည်းနည်းဒဏ်ရာရတယ်၊ (၁၃)နှစ်အရွယ် နန်းမွှေးအောင်ကတော့ သေနတ်ထိပြီး သေသွားတယ်။ ဒီမနက်တော့ ၁ ယောက်ထပ်ပြီးသယ်လာတာတွေ့တယ်၊ အမျိုးသမီး၁ယောက် ဒဏ်ရာရတာလေ။”

မနေ့ကဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း ပန်လုံကျေးရွာသားအနည်းဆုံး(၃)ဦးဒဏ်ရာရာပြီး (၁၃)နှစ်အရွယ်မိန်းကလေးငယ်တဦး သေဆုံးသွားတယ်လို့ စိုင်းလိန်ခမ်းကပြောပါတယ်။

မနေ့က တောင်ပိုင်းရှမ်းပြည်တပ်မတော်တပ်ဖွဲ့ကနေ နေရာယူထားတဲ့ ပန်လုံစခမ်းကို တအာင်းပလောင်တပ်ဖွဲ့ တွေကနေ လာရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးနေတယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲဖြစ်ပွါးမှုကြောင့် ပန်လုံနဲ့အနီးဝန်းကျင်ကျေးရွာကရွာသားတွေဟာ စစ်ဘေးလွတ်ရာဒေသဘက်ကို တိမ်းရှောင် နေရပါတယ်။

နမ္မတူမြို့နယ် မန်စံကျေးရွာအတွင်းမှာတော့ စစ်ရှောင်ရွာသား(၈၀၀)ကျော်ရောက်ရှိနေတယ်လို့ ကူညီရေးအဖွဲ့ဝင် စိုင်းလိန်ခမ်း ကပြောပါတယ်။

“မနေ့တုန်းက သတင်းအရဆိုရင် မန်စံဘက်ကိုပြေးလာတာများတယ်။ ၈၄၈ ယောက်လို့ပြောတယ် ပုံသေတော့မရှိသေးဘူးပေါ့နော် ဒီနေ့ထပ်ဝင်ရင် ဝင်လာမှာပေါ့နော်။”

အလားတူ သီပေါမြို့နယ်က စစ်ရှောင်စခမ်းတွေမှာ ပန်လုံနဲ့အနီးဝန်းကျင်ကျေးရွာကစစ်ရှောင်ရွာသား(၉၀၀)ကျော် ရောက်ရှိနေတယ်လို့ဝမ်းမောလူမှုအကူညီပေးရေးအဖွဲ့ခေါင်းဆောင် ကိုမျိုးကပြောပါတယ်။

“ပန်လုံကနေပြီးတော့ ကျနော်တို့ထွက်လာခါစက ဒီ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းမှာက လူဦးရေ ၂၂၀၊ တာပေါ့ ဘုန်းကြီးကျောင်းမှာက လူဦးရေ ၃၂၀၊ အခု လန်လွင်၊ ပန်ခါးရွာဘက်မှာက လူဦးရေ ၃၆၇ ဦး သီပေါမှာလည်း များတယ်ခင်ဗျ။”

စစ်ဘေးရှောင်ရွာသားတွေအနေနဲ့ ဆက်လက်ရောက်ရှိလာဖို့ရှိနေသေးတယ်လို့ ကိုမျိုးကပြောပါတယ်။

TNLAတပ်ဖွဲ့အနေနဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်အပါအဝင် မြန်မာ့တပ်မတော်နဲ့ပါ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲဖြစ် ပွါးနေတာပါ။

မနေ့ကလဲ နမ္မတူမြို့နယ် ပန်ဟကျေးရွာအနီးမှာတနေရာ နမ့်ဆန်မြို့နယ်၊ မန်ကန်ရွာနှင့် စခန်းသာရွာကြားမှာ တနေ ရာနဲ့ ဘုရားကြီးရွာ ဇယ်တုံဟုန်းရွာကြားမှာ တအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လဲ TNLA ဘက်ကထုတ်ပြန်ထားပါတယ်။

အလားတူ ကချင်ပြည်နယ်ဒေသဘက်မှာလဲ မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့တို့အကြား စစ်ရေး တင်းမာနေတဲ့အခြေအနေမှာရှိနေပါတယ်။

ဒီကနေ့မှာ ဝိုင်းမော်မြို့နယ် KIO အခြေပြုရာလွယ်ဖေါင်တောင်နဲ့ အင်ဂျာယန်ဒေသဘက်မှာ တိုက်ပွဲဖြစ်နေဆဲလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ်အောင်ကပြောပါတယ်။

“တိုက်လေယာဉ် တွေ ခေါက်တုန့်ခေါက်ပြန်သွားနေတာကတော့ တွေ့တယ်ခင်ဗျ။ အထူးသဖြင့်ကတော့ အဲဒီ လွယ်ဖောင်းနဲ့ တပ်ရင်း ၃ ပေါ့နော် နောက်ပြီးရင် တပ်မဟာ ၁ ရဲ့ ဧရိယာထဲက တပ်ရင်း ၄ နေရာရယ်၊ အဲဒီဘက်ကို လေယာဉ်ရော၊ ခြေလျင်ရော အကုန် ထိုးစစ်ဆင်နေတယ်လို့ သိရတယ်။ ဝိုင်းမော်မြို့နယ်နဲ့ အင်ဂျာယန် မြို့နယ်ပေါ့။”

ဒီလိုဖြစ်ပွါးနေတဲ့တိုက်ပွဲမှာ တပ်မတော်ဘက်ကလေကြောင်းအကူနဲ့တိုက်ခိုက်တာကြောင့် အရပ်သားတွေထိခိုက်မှုရှိ နေခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ်အောင်က ဆက်ပြောပါတယ်။

“ဒေသခံတွေကတော့ အဲဒီ လွယ်ဖေါင်ဘက်ကတော့ အစောကြီးပြေးကြပြီကော ၊ တပ်မဟာ ၁ အင်ဂျာယန်မြို့နယ်မှာကတော့ ၁၉ ရက်နေ့ကစပြီးမှ လေယာဉ် နဲ့ ပစ်တယ်။ ပစ်တော့ အရပ်သားအိမ်တွေထိပြီးမီးလောင်သွားတဲ့ အိမ်ခြေ ၄၀ လောက် မီးလောင်သွားတယ်လို့ ပြောတယ်။ အဲဒီကဒေသခံတွေကတော့ ဝိုင်းမောင်ဘက်က ဒုက္ခသည်စခန်းမှာ ဝင်လာတယ်လို့ သိရတယ်ခင်ဗျ။”

မြန်မာ့တပ်မတော်ကနေ (၄)လကြာ ု လေကြောင်းနဲ့ရော လက်နက်ကြီးတွေနဲ့ပါ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက် နေတဲ့ ဂီဒွန်တောင်ကုန်းကို KIAဘက်ကတပ်နောက်ဆုတ်ခွါပေးခဲ့ရပေမဲ့ လက်ရှိထိုးစစ်အရှိန်မရပ်တန့်သေးဘူးလို့ သူကဆိုပါတယ်။

လက်ရှိကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ဝင်KIOကချင်လွတ်လပ်ရေးအဖွဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ရက်ဆက်ဆိုသလို ဖြစ်ပွါးနေခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံကျေးရွာသားတွေကလဲ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG