သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ စစ်တပ်က ထိုးစစ်တွေစတင်


ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်တွင် လုံခြုံရေးယူထားသော ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်သားများ။
ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်တွင် လုံခြုံရေးယူထားသော ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်သားများ။

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ဌာနချုပ်လိုင်ဇာအနီးက တပ်စခန်းတွေနဲ့ ဆွမ်ပရာဘွန်၊ မန်စီစတဲ့မြို့နယ်ဘက် KIA တပ်စခန်းအနည်းဆုံး ၄-၅နေရာလောက်ကို အစိုးရတပ်မတော်က လေတပ်ကိုပါအသုံးပြုပြီး ဒီကနေ့ မနက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ ကချင်ပြည်နယ်အတွင်း အခုလို ထိုးစစ်တွေ စတင်လိုက်တာကြောင့် စစ်ပွဲတွေ ပြန်လည်ပြင်းထန်လာမှာနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာကို ပြည်သူတွေနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေက စိုးရိမ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း ရဲ့ သတင်းထောက်က ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကို ဒီကနေ့ မနက် အစောပိုင်းက စတင်လိုက်တာဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာ အခုလို ပြောပါတယ်။

" ဒီမနက် တစ်နာရီကျောက်လောက်ကတည်းက နေပြီးတော့ အဲ့ဒီ့ လိုင်ဇာ အနီးတဝိုက်မှာ တပ်ရင်း(၉)တို့၊ (၂၈) တို့၊ (၁၈) တို့ပေါ့လေ။ အဲ့ဒီ့နေရာတွေမှာ ကျတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ နောက်ပြီး မနက်ပိုင်းမှာတော့ ကျီးထော်နဲ့ လွယ်ခေါင်မှာ ဂျက်လေယာဉ်တွေနဲ့ လာပစ်နေတာ နှစ်ခေါက်လောက်ရှိပြီဗျ ကျနော်တို့ သိတာ။။ ကျနော်တို့ ဒီကနေ တွေ့နေရတယ်။ တက်သွားပြီးတော့မှ သွား ပစ်ပြီးတော့ ပြန် လာတာ။ နောက်ပြီးတော့ တပ်မဟာ(၁)၊ တပ်ရင်း(၄) မှာ သူတို့ အဲ့မှာ လေယာဉ်နဲ့ပစ်တာတို့၊ လက်နက်ကြီး ပစ်တာတို့ ဖြစ်နေတာ ကြားရတယ်ဗျ။ တပ်မဟာ(၁) ဆိုတာ ဆွမ်ပရာဘွမ်ဘက်မှာ ကြီးကြီးကျယ်ကျယ်ပစ်နေတယ်ဗျာ။ ကျနော်တို့လည်း စိတ်မကောင်းဘူး။ ဘယ်လိုလုပ်ရမှန်းလည်းမသိ။"

ဒီတိုက်ခိုက်မှုဟာ၊ KIA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ရှမ်းပြည်နယ် အရှေ့မြောက်ဒေသကို ထိုးစစ်ဆင်ခဲ့ပြီးနောက်၊ ကချင်ပြည်နယ် တွင်းမှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ထိုးစစ်တွေကြောင့် ပဋိပက္ခွတွေ ပိုမိုကြီးထွားလာမှာကို စိုးရိမ်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာက ဆက်ပြောပါတယ်။

" ခါတိုင်းကဆိုရင် စခန်း တခု၊ နှစ်ခုလောက်ပဲ သည်းကြီးမည်းကြီး တိုက်တာ၊ အခုက သုံး၊လေး၊ ငါးနေရာလောက်ကို တောက်လျောက်ပေါ့ တပြိုင်နက်တည်းပေါ့လေ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ကျနော်တို့ ကြားသိနေရတယ်။ အခု ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ရေရှည်အတွက် ကျနော်တို့ အများကြီး စိုးရိမ်စရာ ရှိတာပေါ့လေ။ ဟိုဘက်ကလည်း KIO ဘက်ကလည်း ခုခံစစ်ကနေ တန်ပြန်စစ် ဖြစ်လာနိုင်စရာ အကြောင်းတွေတော့ အများကြီးရှိလာနိုင်တယ်လေ။ ဒါကြောင့် ကျနော်တို့က အများကြီး စိုးရိမ်တယ်ဆိုတာ အဲ့တာတွေပေါ့ဗျာ။"

အခုနောက်ဆုံး ထိုးစစ်တွေနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ဖက် တစုံတရာ သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အရင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာတူးဂျာကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"အစိုးရတပ်ဘက်က ထိုးစစ်တွေ မရပ်သေးသရွေ့တော့ အပြန်အလှန် တိုက်ပွဲတွေကတော့ ဖြစ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့တော့ တိုက်ကြရမှာပဲလေ။ ကျနော်တို့က အဓိက ကတော့ ထိုးစစ်တွေ ရပ်ဖို့က အရေးကြီးတယ်။ စစ်တပ်ကလည်း ထိုးစစ်ဆင်မယ်။ ဟိုဘက်ကလည်း တန်ပြန်ထိုးစစ်ဆင်မယ် အပြန်အလှန်စစ်ဖြစ်လာလို့ရှိရင် တိုက်ပွဲက ပိုပြီး များပြားလာမယ်။ ပိုပြီး ပြင်းထန်လာမယ်။ အဲ့ဒီ့သဘောတော့ ရှိတာပေါ့ဗျ။ အဲ့တာကို ထိုးစစ်မရပ်ရင်တော့ ငြိမ်းချမ်းရေး အလားအလာကတော့ အတော်လေး ရင်လေးစရာဖြစ်နေတယ်လေ။"

ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက်ဆိုရင် အနည်းဆုံး ယာယီ အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့ လိုအပ်မယ်လို့လည်း သုံးသပ်ပြောဆိုပါတယ်။

" ကျနော်တို့ကတော့ အခုလက်ရှိ စစ်ပွဲကို အမြန်ရပ်စေချင်တယ်ဗျ။ ၂၁ရာစုပင်လုံ ဒုတိယ အစည်းအဝေးလည်း နီးလာပြီလေ။ ဒီ၂၀၁၇ မှာ ကျင်းပမှာကိုး။ အဲ့ဒီ့မှာလည်း အားလုံးပါဝင်ရေးက လိုအပ်တယ်။ ဆိုတော့ အားလုံးပါဝင်ရေးဆိုလို့ရှိရင် အခု NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့အစည်းတွေ KIA အပါအဝင်ပေါ့ NCA လက်မှတ်ထိုး လာဖို့ဆိုရင် အနည်းဆုံးအဆင့်က ယာယီ အပစ်အခတ် ရပ်စဲရေးကို ကြေညာ ထားပြီးတော့မှ အဲ့လိုကြေညာထားပြီးတော့ စားပွဲပေါ်မှာ ဆွေးနွေးပြီးတော့မှ အခု NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ NCA လက်မှတ်ထိုးအောင် ဝိုင်းဝန်းလုပ်ရမယ်။ အဲ့လိုလုပ်မှ အခု ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ အားလုံး ပြန်ဆုံနိုင်အောင် လုပ်ဖို့ လိုအပ်တာပေါ့။"

ပြီးခဲ့တဲ့လ ၂၀ရက်နေ့က KIA အပါအဝင် ပလောင်၊ ကိုးကန့်နဲ့ ရခိုင်လက်နက်ကိုင် တပ်ပေါင်းစုတွေက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင် ဒေသမှာ အနည်းဆုံး ၁၁နေရာလောက်ကို တနေ့တည်း တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်တာဟာ အစိုးရတပ်မတော်ဖက်က ကချင်နဲ့ ပလောင်စတဲ့ဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ အတွက် တန်ပြန်တိုက်ခိုက်တာလို့လည်း တိုင်းရင်းသားလက်ကိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ထိခိုက်ဆုံးရှုံးမှုတွေ မြင့်မားခဲ့တဲ့ ဒီတိုက်ပွဲဟာ ဒီကနေ့ထိလည်း ငြိမ်းအေးသွားတာမရှိသေးဘဲ ကြိုးကြား တိုက်ခိုက်တာတွေ ရှိနေဆဲဖြစ်ပြီး ဒီကနေ့မှာတော့ ကချင်ပြည်နယ်အတွင်းကို အစိုးရတပ်မတော်ဖက်က ထိုးစစ်တွေ စတင်လာတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၂ရက်နေ့ကတော့ တရုတ်ပြည်ကို ရောက် ရှိနေတဲ့ မြန်မာ ငြိမ်းချမ်းရေးကော်မရှင် နဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ တွေ့ဆုံဖို့ တရုတ် အစိုးရက စီစဉ်ခဲ့ပေမဲ့ နှစ်ဖက် ညှိနှိုင်းမှု မပြေလည်တာကြောင့် တွေ့ဆုံနိုင်တာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG