သုံးရလွယ်ကူစေသည့် Link များ

အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲစဖို့ လက်နက်ကိုင် ၈ဖွဲ့ အဆင်သင့်ဖြစ်


ငြိမ်းချမ်းရေးကော်မရှင် နှင့် EAO UPDJC တို့၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Peace Commission)

နိုင်ငံလုံးဆိုင်ရာ NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားတဲ့ တပြိုင်နက်ထဲမှာပဲ NCA မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒီဖြစ်စဉ်တွေမှာ ပါဝင်နိုင်အောင် အစိုးရအနေနဲ့ အမြန်ဆုံး ကြိုးပမ်းသင့်တယ်လို့ နိုင်ငံရေးခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ပါတယ်။ မြေပြင်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် အစိုးရနဲ့ လက်နက်ကိုင် ၈ ဖွဲ့ကြား နိုင်ငံရေးဆွေးနွေးပွဲတွေ စဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင် က တင်ပြပါမယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ ဒီဇင်ဘာလ ၁၂ ရက် မနေ့က ရန်ကုန်မြို့ရွှေလီလမ်းက NRPC ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ကြိုတင် ညှိနှိုင်း ကြတာဖြစ်ပါတယ်။ အဲဒီ ညှိနှိုင်းအစည်းအဝေးမှာ အဓိက ဆွေးနွေးတဲ့ အကြောင်းနဲ့ပတ်သက်လို့ NCA လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ခုလိုရှင်းပြပါတယ်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုတဲ့ ကိစ္စက NCA လက်မှတ်ထိုးတဲ့ စာချုပ်ထဲမှာပါတဲ့ လမ်းပြမြေပုံရဲ့ အဆင့် ၃ ဖြစ်ပါတယ်။ ဒါကြောင့် NCA ကို အကောင်အထည်ဖော်မယ်ဆိုရင် ဒီအမျိုးသားအဆင့် နိုင်ငံေ၇း ဆွေးနွေးပွဲတွေကျင်းပဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျနော်တို့ လာမယ့် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမတိုင်ခင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လူမျိုးအလိုက် ကျင်းပနိုင်တဲ့နေရာတွေမှာ ကျင်းပဖို့ဆိုပြီးတော့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလထဲမှာတော့ တော်တော်များများနေရာတွေမှာ ကျင်းပဖြစ်မယ်လို့ ယူဆပါတယ်။”

ပြည်နယ်အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေမှာ စတင်နိုင်ဖို့မှန်းထားပြီး ကရင်ပြည်နယ်မှာ အရင်ဆုံးစတင်မှာ ဖြစ်ပါတယ်။ တကယ်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံး ဝင်ရောက် ဆွေးနွေးနိုင်ခွင့် ရှိတယ်လို့ အစိုးရနဲ့ တပ်မတော်ဖက်က အခြေခံမူအားဖြင့် လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ချင်ရင် NCA အပစ်ရပ်စာချုပ်ကို အရင် လက်မှတ်ထိုးရလိမ့်မယ်လို့ ကန့်သတ်ထားတာပါ။ တဖက်မှာ ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင်ပြည်အစပ်မှာ ခုထိတိုက်ပွဲတွေဖြစ်နေဆဲပါ။ ဒီလိုဆိုရင် လက်နက်ကိုင်တွေအားလုံးပါဝင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဆိုတာ အလှမ်းကွာဝေးနေဦးမှာလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အပစ်ရပ်ထားတဲ့ အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးနေချိန်မှာ NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေ အပစ်ရပ် ဆွေးနွေးလာနိုင်အောင် တပြိုင်နက် လုပ်ဆောင်သွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“ငြိမ်းချမ်းရေးတည်ဆောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတာကလည်း ရှေ့တိုးနေတဲ့ နိုင်ငံရေးလှုပ်ရှားမှု ဖြစ်နေတော့ ဒီမြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့လည်း အားလုံး ရန်လိုမှုတွေကို ရပ်ပြီးတော့ တွေ့ဆုံဆွေးနွေးကြဖို့ ညှိနှိုင်းကြဖို့ ကျနော်တို့ ငြိမ်းချမ်းရေးလှုပ်ငန်းစဉ်ထဲမှာ အတူတကွပါလာကြဖို့ ဒါကိုလည်း ကျနော်တို့ ဆက်လက်တိုက်တွန်းနေတယ်၊ ဆက်လက် ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒါကလည်း တပြိုက်နက်ထဲလုပ်ရမယ့် ကိစ္စဖြစ်တဲ့အတွက် တခုကိုတခု စောင့်နေတာတို့ အချိန်ဆွဲနေတာတို့ လုပ်လို့မရဘူး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တာလည်း ၁ ရက်စောရင်လည်း စောသလို၊ ၁ လ စောရင်လည်း စောသလို ကျနော်တို့ လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ ရှမ်းပြည်နယ် မန်တုံ၊ ကျောက်မဲနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဒီဇင်ဘာလ ၁၂ ရက်က မြောက်ပိုင်းမဟာမိတ်မှာပါတဲ့ TNLA တအာင်းပလောင်တပ်နဲ့ မြန်မာ့ တပ်မတော်တို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်သလို ရာနဲ့ချီတဲ့ဒေသခံအရပ်သား စစ်ဘေးရှောင်လူဦးရေတိုးလာနေပါတယ်။ ဒီလိုစစ်ပွဲတွေကို အမြန်ရပ်ပြီး အစိုးရ ဖက်နဲ့ မြောက်ပိုင်းမဟာမိတ်တပ် တွေကြား ငြိမ်းချမ်းရေးအတွက် တက်သုတ်ရိုက် ဆွေးနွေးညှိနှိုင်း နိုင်မှသာ အားလုံးပါဝင်နိုင်မယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ပေါ်ပေါက်လာနိုင်မယ်လို့ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်က သုံးသပ်ပါတယ်။

“အားလုံးပါတဲ့ ဖြစ်စဉ်ဖြစ်တာ အကောင်းဆုံးပဲ ကျနော်တို့ ဖက်ဒရယ်ကိုသွားမယ်ဆိုတဲ့အခါကျတော့ နေရာဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားတွေအသံ အစုံပါမလာဘူးဆိုရင် တခုလုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေချဖို့က အခက်အခဲဖြစ်မယ် အဲဒီတော့ ထိုင်စောင့်နေရမလားလို့လည်း မပြောချင်ပေမယ့်လို့ တပြိုက်နက်ထဲမှာပဲ လက်ဦးမှုယူပြီးတော့ ဆုံးဖြတ်နေတဲ့ ဟာမျိုးလုပ်ပြမှာလား ဆိုတဲ့ ခံစားချက်မျိုးကလည်း ပေါ်နိုင်တဲ့အခါကျတော့ အခုလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ က ဒီအထဲမှာပါလာအောင် စေ့စပ်ဆွေးနွေးတာတွေအားလုံးကို အလွတ်သဘောရော တရားဝင်သဘောရော မြန်မြန်ဆန်ဆန် လွန်းပြန်လုပ်သင့်တယ်လို့ ကျနော်ထင်ပါတယ်။”

ဒီအတောတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲက KIA ကချင်/ TNLA တအာင်းပလောင်/ MNDAA ကိုးကန့်စတဲ့လက်နက်ကိုင်တွေကို အကြမ်း ဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ရှမ်းပြည်နယ်လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တဦးတင်သွင်းတဲ့ အဆို ကို အတည်ပြုခဲ့ပြီးနောက် အခြေအနေပိုတင်းမာလာပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ ခေါင်းဆောင်တွေကို အခုလို အကြမ်းဖက် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တွေအဖြစ် သတ်မှတ်တာမျိုးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေတာကြောင့် ကန့်ကွက် ကြောင်း NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား ၈ ဖွဲ့က ဒီဇင်ဘာ ၁၀/ ၁၁ ရန်ကုန် ချက်ထရီယမ်ဟိုတယ်က ဆွေးနွေးပွဲအပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG