သုံးရလွယ်ကူစေသည့် Link များ

ကချင်နှစ်ခြင်းဆရာနှစ်ဦး ပျောက်ဆုံးမှု လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်


Photo - Citizen Journalist

မုံးကိုးဒေသမှာ ပျောက်ဆုံးနေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ဘာသာရေးဆရာ (၂) ဦးနဲ့ပတ်သက်လို့ အမြန်ဆုံး စုံစမ်းအရေးယူ ဖော်ထုတ်ပေးဖို့ မြန်မာအစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ တက်လာတယ်ဆိုပေမဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စိုးရိမ်စရာ အခြေအနေ ရောက်နေတယ်လို့လည်း ဆိုပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေဖြစ်နေတဲ့ မုံးကိုးမှာ သီတင်းပတ် ၃ ပတ်ကြာ ပျောက်ဆုံးနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ် (၆၅) နှစ်နဲ့ ဓမ္မဆရာ ဦးလန်းဂျော်ဂမ်ဆိုင်း (၃၅) နှစ်တို့ကို ဘယ်မှာထိန်းသိမ်းထားသလဲ၊ သူတို့ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲ ဆိုတာတွေကို မြန်မာအစိုးရဘက်က အမြန်ဆုံး သတင်းထုတ်ပြန်ပေးဖို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ နဲ့ Fortify Rights-လူ့အခွင့်အရေးအဖွဲ့တို့ ပူးပေါင်းပြီး မနေ့ အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သူတို့နှစ်ဦးကို မြန်မာတပ်မတော်ဘက်က ဖမ်းဆီးထားတာ မဟုတ်ကြောင်းနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်က ခေါ်ဆောင်သွားတာဖြစ်ကြောင်း သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဇန်န၀ါရီလ (၁၀) ရက်နေ့က တုံ့ပြန်ပြောကြားခဲ့ပေမဲ့ ဒီတုံ့ပြန်ချက်မှာ ခိုင်လုံတဲ့ အထောက်အထားတွေ ဖော်ပြမထားဘူးလို့လည်း ဆိုပါတယ်။

အခုလို အရပ်သား ဘာသာရေးဆရာနှစ်ဦး ပျောက်ဆုံးနေတဲ့ဖြစ်ရပ်မှာ မြန်မာစစ်တပ်က ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတဲ့အပေါ် အစိုးရဘက်က အလေးအနက်ထား ကိုင်တွယ် စုံစမ်းပြီး မှန်မှန်ကန်ကန် သတင်းထုတ်ပြန်ဖို့ လိုအပ်နေကြောင်း HRW အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။

“သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးရဲ့ ငြင်းဆိုချက်ဟာ ကျနော်တို့အတွက် ယုတ္တိမရှိပါဘူး။ သူက အဲဒီဒေသကလာတဲ့ သတင်းတွေအရလို့ ဆိုပေမဲ့ တပ်မတော် တဘက်တည်းကိုပဲ မေးထားတာဖြစ် ပါတယ်။ တပ်မတော်က သူတို့ မဖမ်းထားဘူးဆိုတဲ့ ငြင်းဆိုတဲ့ အဖြေကိုပဲ ယူပြီး ဦးဇော်ဌေးက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အရပ်သားနှစ်ဦး ပျောက်ဆုံးနေပြီး စိုးရိမ်ရတဲ့ အခြေအနေကို အစိုးရဘက်က အလေးနက်ထား စုံစမ်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောရမှာပါ။”

မြန်မာစစ်တပ်ဟာ ဒေသခံတွေ ပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ် အပါအ၀င် လူတွေ သတ်ဖြတ်တာ၊ မတရားဖမ်းဆီး နှိပ်စက်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ မှတ်တမ်း နှစ်ပေါင်း (၆၀) ကြာ ရှိနေခဲ့တာဖြစ်တာကြောင့် အခုလို အစိုးရရဲ့ တုံ့ပြန်ချက်မှာ ခိုင်လုံသေချာတဲ့ အထောက်အထားတွေ မပါဝင်ဘူးလို့ သူတို့ဘက်က ပြောနေရတာဖြစ်ကြောင်း Brad Adams က ဆိုပါတယ်။

အခုလို အသင်းတော်က ဘာသာရေးဆရာနှစ်ဦး ပျောက်ဆုံးနေဆဲ အမှုနဲ့ပတ်သက်လို့ အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က နိုင်ငံတော်သမ္မတထံ ဇန်န၀ါရီလ (၉)ရက်နေ့ ရက်စွဲနဲ့ တင်ပြထားပါတယ်။

ပြည်တွင်းစစ်ဖြစ်နေဆဲ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေနဲ့ပတ်သက်ပြီး အခု အရပ်အသားအစိုးရလက်ထက်မှာလည်း စုံစမ်းဖြေရှင်း အရေးယူ နိုင်ခြင်းမရှိသေးတဲ့အတွက် အခြေအနေတွေဟာ ပိုပြီး စိုးရိမ်စရာဖြစ်နေကြောင်း ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦး ကပြောပါတယ်။

“အခု သင်းထောက်ဆရာနှစ်ဦး ပျောက်သွားတဲ့ကိစ္စမှာလည်း တပ်မတော်ဘက်ကသော်လည်းကောင်း၊ ဒါမှမဟုတ်လို့ရှိရင် KIA ဘက်ကသော်လည်းကောင်း ဘယ်ဘက်က ဖမ်းမှန်းတော့ မသိဘူးပေါ့လေ၊ အများဆုံးဖြစ်နိုင်ချေရှိတာကတော့ ယခင်ကလည်း လုပ်ခဲ့ဖူးတဲ့ အစဉ်အလာတွေရှိလေတော့ တပ်မတော်စစ်ကြောင်းကနေ ခေါ်ယူဖမ်းဆီးပြီးတော့ ပျောက်ဆုံးသွားတယ်ဆိုပြီး အခု အပြောများနေကြတာပေါ့လေ။ အဲတော့ ဒီလိုဖြစ်တဲ့ကိစ္စတွေက အခုမှ မဟုတ်ပါဘူး။ တော်တော်များများလည်း ကြာပါပြီ။ တော်တော်များများလည်း ဖြစ်ခဲ့ဖူးပါတယ်။ အဲတော့ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တော်တော်များများကို စစ်တပ်ကနေ ကျူးလွန်နေတယ်။ ကျူးလွန်နေတဲ့လူတွေကို တိုင်ရင်လည်း တိုင်တဲ့သူတွေ ဖမ်းဆီးအရေးယူခံရတယ်။ ဒါ အရင်တုန်းကပေါ့နော်။ အခုကျတော့ တိုင်ဖို့တောင်မှ အမှုဖွင့်ဖို့တောင်မှ နေရာမရှိတဲ့ အခြေအနေမျိုးဖြစ်နေတယ်ဆိုတာကို ကျနော်တို့ မြင်ရတယ်။ ဒါကတော့ အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။”

ပျောက်ဆုံးနေတဲ့ ကချင် ဘာသာရေးဆရာနှစ်ဦးလုံးဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဖြစ်ပွားခဲ့တဲ့ မုံးကိုးဒေသက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေကို လိုက်လံ ပြသ ပြောပြခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ ဗျူဟာမှူးက ဆင့်ခေါ်တဲ့အတွက် စစ်တပ်ရှိရာ ဗျူဟာကုန်းကို သွားခဲ့ပြီးနောက် ပျောက်ဆုံးနေကြောင်း သမ္မတ ဆီကိုပေးပို့တဲ့ KBC ရဲ့စာမှာ ဖော်ပြထားပါတယ်။ သူတို့နှစ်ဦးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြား တိုင်ကြားခဲ့ပေမယ့် အခုချိန်ထိ ဘာမှ အကြောင်းမထူးဘူးလို့ KBC က ပြောပါတယ်။

XS
SM
MD
LG