သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရတဲ့ ကချင်ဒေသခံတွေ ပြန်လွတ်မြောက်


ကချင်စစ်ရှောင်များ
ကချင်စစ်ရှောင်များ

ကချင်ပြည်နယ် ကဆုန့်ကျေးရွာက တိုက်ပွဲဖြစ်ပွားစဉ် တပ်မတော်က ကချင်ဒေသခံတချို့ကို ထိန်းသိမ်းထားခဲ့မှာ တနင်္ဂနွေနေ့က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ သွားရောက်ညှိနှိုင်းခဲ့တဲ့နောက် အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အထိန်းသိမ်းခံရသူ ၁၁ဦးကို တနင်္ဂနွေနေ့ ညနေပိုင်းက နမ္မတီးမြို့နယ် ခိုလှုံရေးစခန်းတွေကို ခေါ်ဆောင်နိုင်ခဲ့သလို တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ဇွပ်မိုင်ရွာသား ၃၀၀လောက်ကိုလည်း ခေါ်ဆောင်နိုင်ခဲ့တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ပြောပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်မနေပေမဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် အချိန်မရွေးပြန်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ပြောပါတယ်။

သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်က နမ္မတီးမြို့နဲ့ ၁၀မိုင်ကျော်အကွာမှာရှိတဲ့ ကဆုန့်ရွာအနီးမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက် တပ်မတော်က ရွာသား ၁၁ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုအားလုံးကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်မနေပေမဲ့ စစ်ရေးပြင်ဆင်မှုတွေကြောင့် အချိန်မရွေးပြန်ဖြစ်နိုင်တဲ့ အခြေအနေရှိနေတယ်လို့ မိုးကောင်းနဲ့ ဖားကန့်ဒေသမှာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၂ တပ်ရင်း ၁၂က တပ်ရင်းမှုးက ပြောပါတယ်။

“မနေ့ညနေပိုင်းက စပြီးမှတော့ တိုက်တာခိုက်တာတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျနော်ဧရိယာ ဖားကန့်လမ်းတလျှောက်မှာလည်း တပ်အလုံးအရင်းနဲ့ နေရာချထားတာတွေ ရှိပါတယ်။ နောက်ပြီးတော့ အခု တလော ရာသီဥတုအတော်လေး ဆိုးဝါးတဲ့အတွက်ကြောင့်မို့ ငြိမ်နေတယ်လို့ သဘောရပါတယ်။ ဘာဖြစ် လို့လည်းဆိုတော့ သူတို့ရဲ့ တပ်ချထားမှုအခြေအနေကို ကြည့်လိုက်ရင်တော့ စီမံချက် တခုခု စစ်ဆင်ရေး မိုးတွင်းစစ်ဆင်ရေးကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေတဲ့ အနေအထားမှာ ကျနော်တို့ မြင်ရပါတယ်ခင်ဗျ။ ဒီတိုင်းပဲ ဆက်ပြီးမှ တပ်တိုးချဲ့နေမယ်ဆိုရင်တော့ တိုက်ပွဲကတော့ မလွဲမသွေပြန်ဖြစ်ပွားဖို့ အခြေ အနေရှိပါတယ်ခင်ဗျ။”

ကဆုန့်ရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲကတော့ KIA တပ်ရင်း ၁၁နဲ့ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နောက်မှာ ကဆုန့်ရွာသားတွေဟာ နမ္မတီးမြို့ဖက်ကို တိမ်းရှောင်လာခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ကဆုန့်ရွာသားအချို့ကို တပ်မတော်က ထိန်းသိမ်းခဲ့တာရှိသလို ကဆုန့်ရွာအနီးက ဇွပ်မိုင်ရွာသားတချို့ဟာလည်း တိုက်ပွဲဖြစ်ပွားရာဒေသက တိမ်းရှောင် မသွားနိုင်ဘဲ ကျန်ရှိနေခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းကတော့ ထိန်းသိမ်းခံထားရသူတွေနဲ့ ကျန်ရှိနေသူတွေကို ကချင်ဘာသာရေး၊ လူမှုအရေးအဖွဲ့တွေနဲ့အတူ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က သွားရောက် ခေါ်ဆောင်ခဲ့တယ်လို့ PCGက ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ကျနေ်ာတို့ မနေ့က ကျန်ရှိနေသေးတဲ့ ရွာသားတွေ ၃၀၀နီးပါးပေါ့လေ၊ အဲဒါကို ကျနော်တို့ သွားခေါ်ယူတဲ့အချိန်မှာပဲ ညနေပိုင်း ၄နာရီခွဲ ၅နာရီလောက်မှ တပ်ဖက်ကနေ ခေါ်သွားတယ်ဆိုတဲ့ ဆရာမ ဝယ်ဆိုင်းနဲ့ အတူ အမျိုးသား ၁၀ဦး ။ ၁၁ဦးပေါ့ ပြန်လွှတ်ပေးပါပြီ သူတို့ အားလုံး။ လွှတ်ပြီးမှ အခု IDP camp သတ်မှတ်ထားတဲ့ နမ္မတီး နှစ်ခြင်းကျောင်းမှာ ရောက်ရှိနေပြီဗျာ။ မနေ့ကပဲ။”

နမ္မတီးမြို့က ကက်သလစ်အသင်းတော်နဲ့ လမ်းခွ နှစ်ခြင်းအသင်းတော်၂ခုမှာ ကဆုန့်နဲ့ ဇွပ်မိုင်ရွာသား စုစုပေါင်း ၁၁၄၄ဦးရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို သူတို့ကိုကူညီဆောင်ရွက်ပေးနေတဲ့ ဘာသာရေးဆရာ တဦးက အခုလို ပြောပါတယ်။

“အခက်အခဲကတော့ အားလုံးပဲ။ နေရေး၊ ထိုင်ရေး၊ စားရေး၊ ဝတ်ရေးပေါ့။ တချို့ အဝတ်တထည်ကိုယ်တခုနဲ့ပဲ ထွက်ပြေးလာကြတာပါ။ ကလေးငယ်တွေ၊ နို့တိုက်ကလေးငယ်တွေ ပါတယ်။ ဒီမှာရောက်လာတာကတော့ နှစ်ခြင်းအသင်းတော်မှာရော၊ ဟောလ်ခန်းတွေမှာ ဓမ္မာရုံတွေမှာ ထားတယ်ဆိုတော့ အောက်ခံအခင်းတွေက သံမံတလင်းတွေဖြစ်နေတာ။ သံမံတလင်းတွေဖြစ်နေတဲ့အခါကျတော့ ဖြစ်သလိုအိပ်နေကြတာ။ ကျန်းမာရေး အတွက် တော်တော်ကို စိုးရိမ်ရပါတယ်။ မိုးတွင်းဆိုတော့ အကုန်လုံး ဒုက္ခဖြစ်နေတယ်။ ”

စစ်ရှောင်ပြည်သူတွေကို ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံ ပြည်သူတွေက ကူညီထောက်ပံ့ပေး နေကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လပိုင်းက လည်း တနိုင်း၊ ဖားကန့်နဲ့ မိုးကောင်း ဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး တနိုင်မြို့နယ်အတွင်းက ရွှေနဲ့ ပယင်းမှော်တွေကလုပ်သားတွေနဲ့အတူအင်ဂါးဂါးရွာ၊ နန်ခမ်းရွာနှင့် ကောင်ရာရွာသားတွေ ထောင်နဲ့ချီပြီး တနိုင်မြို့ကို တိမ်းရှောင်ခဲ့ကြရပါတယ်။

၂၀၁၁ခုနှစ်က ပြန်လည်စတင်ခဲ့တဲ့ ကချင်ပြည်နယ်စစ်ပွဲကြောင့် ဒေသခံ ပြည်သူ တသိန်းကျော်ဟာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပြီး အစိုးရနဲ့ KIA အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေဟာလည်း သောင်မတင် ရေမကျ အခြေအနေမှာ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG