ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးခရစ်ယာန်အသင်းတော်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကဆုန့်ရွာသားထောင်ကျော်အနေ နဲ့ နေရပ်ပြန်ရေးအတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကနေ ဒီကနေ့မှာ လာရောက်တွေ့ဆုံ တိုက်တွန်းခဲ့ပါတယ်။ ကဆုန့်ရွာဘက်မှာတပ်မတော်ကနေ စစ်အင်အားရုပ်သိမ်းခဲ့တဲ့အခြေအနေကြောင့် နေရပ်ပြန်နိုင်ပြီး လို့တပ်မတော်ဘက်ကပြောဆိုခဲ့ သလို ဒေသခံတွေအနေနဲ့ နေရပ်ပြန်ဖို့ခက်ခဲနေတဲ့ အခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။
လက်ရှိ မိုးကောင်းမြို့နယ် ကဆုန့်ရွာသားစစ်ရှောင်တွေ ကိုအကူညီပေးရင်းနဲ့ နေရပ်ရင်းကိုပြန်နိုင်ရေးအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကနေ ဒီကနေ့မနက်မှာလာရောက်တွေ့ဆုံခဲ့တယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ကချင်ငြိမ်းချမ်း ရေးအ ကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက VOAကိုပြောပါတယ်။
"စစ်ရှောင်တဲ့ပြည်သူလူထုတွေကိုအားပေးစကားပြောတယ်။ ဆန်ဆီဆား အစရှိသည်တို့သူတို့ကူညီလှူဒါန်းပြီးတော့မှ အမြန်ဆုံး ပြန်နိုင်အောင် စီစဉ်ပေးပါ့မယ်ဆိုတဲ့အကြောင်းတွေကိုသူတို့ပြောသွားတာရှိပါတယ်။ ဒီတပါတ်တောအတွင်းကတော့ သူတို့ နေရပ်ပြန်နိုင်အောင် အားလုံးဘဲဝိုင်းစီစဉ်နေတယ်ဗျ။"
အထူးသဖြင့် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းတိုင်းမှူးကိုစား မိုးကောင်းနယ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူးဗိုလ်မှူးကြီး ကျော်ခိုင်ထွန်းကနေ ကဆုန့်ဒေသအတွင်းတပ်မတော်စစ်ကြောင်းမရှိတော့တဲ့အတွက် နေရပ်ပြန်ဖို့တိုက်တွန်းခဲ့တယ်လို့ ဦးလမိုင် ဂွမ်ဂျာက ဆက်ပြောပါတယ်။
"စကခမှူးကတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးရဲ့ညွှန်ကြားချက်အရ ဘာဘဲဖြစ်ဖြစ် အဲဒီကဆုန့်ဒေသမှာ စစ်ကြောင်း မရှိတော့ဘူး။ အားလုံးထွက်သွားပြီးဖြစ်တယ်။ ဒါကြောင့်မို့အေးအေးချမ်းချမ်းနဲ့ အေးအေးဆေးဆေးနဲ့ ပြန်လည် နေထိုင် နိုင်ပါပြီးပြန်နိုင်ပါပြီးဆိုတဲ့အကြောင်းသူတို့ပြောသွားတာရှိတယ်ဗျ။"
စစ်ဘေးရှောင်တွေအနေနဲ့ဒေသရင်းကို အေးချမ်းစွာပြန်နိုင်ပြီးဆိုပေမဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ကင်းကင်းရှင်းနေဖို့ စကခ မှူးကနေထပ်လောင်းပြောဆိုခဲ့ကြောင်း နမ္မတီးကက်သလစ်အသင်းတော်တာဝန်ခံ ဆရာအိုင်ဇက်ကပြောပါတယ်။
"KIAအနေနဲ့ရောနှောပြီးမနေရဘူးပေါ့ရွာထဲမှာ သူတို့နဲ့ကင်းကင်းရှင်းရှင်းနေရမယ်ပေါ့။ သူတို့အဲဒီရွာထဲမှာရှိမယ်ဆိုရင်တော့ သူတို့အနေနဲ့နယ်မြေရှင်းလင်းရေးကိုလုပ်ရလိမ့်မယ်ပေ့ါလေ အဲဒီလိုပြောသွားတာ။"
ရွာသားတွေအနေနဲ့ ဘေးကင်းလုံခြုံမှုမရှိသေးတဲ့ခြေအနေကြောင့် နေရပ်ပြန်ဖို့မဖြစ်နိုင်သေးဘူးလို့ ကဆုန့်ရွာသားတဦးက ဆိုပါတယ်။
"ဒါပေမဲ့လို့ကျွန်တော်တို့ပြန်တဲ့အခါမှာပေါ့နော် ဒီအတိုင်းဘဲမဟုတ်ဘဲနဲ့ တကယ်ဘဲဘေးကင်းလုံခြုံစိတ်ချစွာ နေထိုင်လို့ ရတဲ့အခြေအနေဖြစ်အောင်ပေါ့လေ။ လူကြီးမင်းများညှိနှိုင်းဆောင်ရွက်ပေးကြပါလို့။ ဒီအတိုင်းဆိုပြန်လို့ရပြီးဆိုပြီးမှ အဲဒီတော့ပြန်လို့ မဖြစ်ဘူးပေါ့နော်။"
စစ်ရှောင်ရွာသားတွေနေရပ်ပြန်လည်အခြေချနိုင်ရေးအတွက် ပြည်နယ်အစိုးရအနေနဲ့ဘယ်လိုစီမံဆောင်ရွက်သွားမလဲဆိုတာသိရှိဖို့ ပြည်နယ်အစိုးရအဖွဲ့ကိုမေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့သြဂုတ်(၁၁)ရက်နေ့က မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအတွင်းကို တပ်မတော်ကနေထိုးစစ်ဆင်လာပြီး ပစ်ခတ်တိုက် ခိုက်မှုဖြစ်စဉ်ကြောင့် ဒေသခံရွာသားတထောင်ကျော်ဟာ နမ္မတီမြို့ ကချင်နှစ်ခြင်းအသင်းတော်ကျောင်းနဲ့ ကက်သလစ်ကျောင်း တွေမှာ စစ်ဘေးတိမ်းရှောင်လာကြတာပါ။
ပဋိပက္ခဖြစ်ပွါးရာကဆုန့်ရွာအတွင်းပိတ်မိနေတဲ့ရွာသားတွေကိုလဲ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တွေ ဘာသာရေးအသင်း ခေါင်း ဆောင်တွေကနေ ဒေသခံမြန်မာ့တပ်မတော်စကခမှူးတွေနဲ့ညှိနှိုင်းပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာပြန်လွှတ်ပေးခဲ့ပါတယ်။
လက်ရှိနမ၁မတီးစစ်ရှောင်စခမ်းမှာ ဖျားနာသူတွေရှိနေသလို ထွက်ပြေးတိမ်းရှောင်နေရမှုဒဏ်ကြောင့် ကိုယ်ဝန်ပျက်ကျမှုတွေရှိနေ တယ်လို့ ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။
"တချို့ကဖျားနာတဲ့သူတွေရှိတယ်။ အခုလောလောဆယ်ဆယ် (၁၃)ဦးဆေးရုံမှာတက်ရောက်နေတာရှိတယ်ဗျ။ အဲဒီမှာ အဘော ကိုယ်ဝန်ပျက်ကျ abortionsဖြစ်နေတဲ့လူနှစ်ယောက်လဲရှိတယ်။"
လက်ရှိကချင်ပြည်နယ်တနိုင်းဖါးကန့်ဒေသတွေမှာKIOကချင်လွတ်လပ်ရေးအဖွဲ့အပေါ် မြန်မာ့တပ်မတော်ကနေထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေ ဆဲအခြေအနေကြောင့် စစ်ရေးတင်းမာမှုတွေဆက်လက်ဖြစ်ပွါးနေပါတယ်။
ဒီလိုဖြစ်ပွါးနေတဲ့စစ်ရေးပဋိပက္ခတွေကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းအဖြေရှာသွားဖို့လိုတယ်လို့ ကချင်ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်ခဲ့သူ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။
"ဒီNCAမှာမပြည့်စုံသေးတာရှိနေတဲ့အချိန်မှာညှိနှိုင်းဆွေးနွေးနေတဲ့အချိန်မှာဘဲ တဖက်နဲ့တဖက်ယုံကြည်မှုက နဲနဲအားလျော့သွားတဲ့ ပုံစံထင်တယ်။ အဲတာနဲ့တိုက်ပွဲတွေလဲပိုပိုပြီးများလာတဲ့အပေါ်မှာ အမြန်ဆုံးနှစ်ဦးနှစ်ဖက်က သဘောထားကြီးကြီးနဲ့ ညှိနှိုင်းပြီး တော့မှ လုပ်ဆောင်သွားရင်တော့ ပိုပြီးတော့ကောင်းမယ်လို့ ကျွန်တော်တို့ကတော့ဒီလိုဘဲမြင်တယ်။"
KIOကချင်လွတ်လပ်ရေးအဖွဲ့ဟာ အစိုးရနဲ့NCAအပစ်ရပ် လက်မှတ်မရေးထိုးနိုင်သေးသလို UWSAဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ဦးဆောင်တဲ့ မြောက်ပိုင်းဒေသတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC မှာပူးပေါင်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့တွေအနေနဲ့ NCAလမ်းကြောင်းကို လက်မခံဘဲ ငြိမ်းချမ်းရေး လမ်းကြောင်းသစ်တခုကို ဖော် ဆောင်သွားဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။