သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ဘေးရှောင်တွေပိုင် အိုးအိမ်မြေယာ အသိမ်းခံရမှုစိုးရိမ်


ကချင်ပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်သွားတဲ့ ကချင်ဒေသခံတွေ စွန့်ခွာသွားတဲ့ စိုက်ခင်းနဲ့ ခြံမြေ အဆောက်အဦ နေရာတွေကို မူလပိုင်ရှင် တွေထံ ပြန်လည်ပေးအပ်နိုင်ရေး အတွက် ကချင်ပြည်နယ် အစိုးရက စီမံဆောင်ရွက်နေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေရဲ့ နေရာကို ကိုယ်ကျိုးရှာတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ပုဂ္ဂိလိက ကုမ္ပဏီတွေက ဝင်ရောက် သိမ်းပိုက်/ဖျက်ဆီးတာတွေ မလုပ်ဖို့ KIO ကချင်လွတ်လပ်ရေးအဖွဲ့က နိုဝင်ဘာ (၂၅) ရက်နေ့မှာ သတိပေးတားမြစ်တဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင် က တင်ပြပါမယ်။

၂၀၁၁ ခုနှစ် ဇွန်လနောက်ပိုင်း တပ်မတော်ထိုးစစ်ကြောင့် ကချင်ပြည်နယ်တွင်း ဒေသခံတွေဟာ သူတို့ရဲ့ အိမ်ယာ အဆောက်အအုံ၊ တောင်ယာ နဲ့ စိုက်ခင်းမြေတွေကို စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခဲ့ တာကြောင့် အဲဒီနေရာတွေကို ဝင်ရောက်သိမ်းပိုက်ကာ လုပ်ငန်းတွေ လုပ်နေကြောင်း ဒေသခံတွေ က ပြောပါတယ်။

ဒါကြောင့် အဲဒီနေရာတွေကို ကိုယ်ကျိုးရှာတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ဝင်ရောက် သိမ်းပိုက် ထားတာမျိုး ဖျက်ဆီးတာမျိုး မလုပ်ကြဖို့ KIO က သတိပေးတားမြစ်ရတာ ဖြစ်ကြောင်း KIA ကချင်တပ်မဟာ(၆)က ဗိုလ်မှူးကြီးဇော်ဂေါင်က ပြောပါတယ်။

“ အခု ကျနော်ကြားရတာက ဝိုင်းမော်မြို့ကိုသွားတဲ့ မြစ်ကြီးနား ဗန်းမော် ကားလမ်း မှာရှိတဲ့ စစ်ဘေးရှာင်တွေရဲ့ရွာတွေပေါ့ ကုမ္ပဏီတွေသိမ်းပြီးမှ အဲဒီတဝိုက်မှာ ငှက်ပျောစိုက်တဲ့ ကုမ္ပဏီတွေ ဝင်နေတယ်လို့ သတင်း အဲဒီလိုကြားရတယ်။”

အခုလို စစ်ဘေးရှောင် ဒေသခံတွေရဲ့ မြေနေရာ အသိမ်းခံရတဲ့အမှုနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် လွှတ်တော်မှာ တိုင်ကြားမှုတွေ အများအပြား ရှိကြောင်း ဗန်းမော်မြို့က ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက ပြောပါတယ်။

“ ဒီ ၂၀၁၀ နောက်ပိုင်းမှာလည်း စစ်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာလည်း တချို့ကလည်း ပြေးကြလွှားကြ အဲလိုဆိုတဲ့အခါကြတော့ တချို့ ရော်ဘာခင်းတွေ ရှိတယ်။ တချို့ကကြတော့ ဥယျာဉ်တွေ လုပ်ခဲ့တာတွေရှိတယ်။ မနေနိုင်တော့ ပြေးတဲ့အခါကြတော့ အခုဟာက တချို့လုပ်ငန်းရှင်ကြီးတွေ ပုဂ္ဂလိကတွေ ကုမ္ပဏီကြီးတွေက တခါသိမ်းယူတာတွေရှိတယ်။ ကချင်ပြည်နယ်မှာ အများဆုံးဖြစ်ပွားနေတာ အဲဒီကိစ္စပဲ။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေများ မှာလည်း ဒီကိစ္စကိုရှင်းနေရတယ်။”

စီးပွားရေး ကုမ္ပဏီ တချို့က စစ်ဘေးတိမ်းရှောင်တွေ ထွက်ပြေးသွားတဲ့ နေရာတွေမှာ စိုက်ခင်းတွေ ဝင်လုပ်နေတာရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက် တာဝန်ခံ ဒေါ်ခွန်ဂျာက ရှင်းပြပါတယ်။

“ ဟိုကျမတို့ မြစ်ကြီးနားနဲ့ ဗန်းမော်နဲ့ကြားက ရွှေတူးတဲ့ရွာတွေဆို ရွှေတူးလိုက်ပြီပေါ့။ ရွှေတူးလိုက်တဲ့အခါကြတော့ ရွာရဲ့ အရိပ်အရောင်တောင် မကျန်တော့ဘူးရှင့်။ နောက်တချို့ကတော့ ငှက်ပျောစိုက်ခင်းတွေ ပုံစံမျိုး ရော်ဘာစိုက်ခင်းတွေပုံစံမျိုး နောက်တခုကတော့ ဒီဝိုင်းမော်မြို့နယ် ငွေစာရင်းရုံးက ထွက်လာတဲ့စာရွက် အဲဒီစာရွက်အရ ဆိုလို့ရှိရင် ဒီဒုက္ခသည်တွေရဲ့ မြေတွေပါနေတယ်။ ၂၀၁၂- ၁၃- ၁၄ တွေမှာ အဲမှာ အဲဒီမြေကွက်တွေကို တွေ့နေရတယ်ရှင့်။”

ငြိမ်းချမ်းရေးရပြီးတဲ့အခါ ကချင်ဒေသခံတွေ မိမိတို့မူရင်းနေရာကို ပြန်လာကြမှာဖြစ်တဲ့အတွက် ဒါကို KIO အဖွဲ့က အကာအကွယ်ပေးသွား လိုတဲ့ ဆန္ဒရှိတယ်လို့ ဗိုလ်မှူးကြီး ဇော်ဂေါင်က ပြောပါတယ်။

“ တကယ်လို့များ ငြိမ်းချမ်းရေးတွေ ဘာတွေရလာရင် ပြည်သူလူထုတွေက ကိုယ်နေရပ် ကိုယ်နေရာမှာ ပြန်လုပ်စားရမယ်လေ။ ဒါပေမယ့် သူတို့ပြန်လာတဲ့ အချိန်ကြ လယ်မြေတွေက ပျောက်သွားမှာ စိုးလို့လေ။ ပြောမယ်ဆိုလည်း ပြည်သူလူထုရဲ့ လုပ်စားတဲ့နယ်မြေကို ကုမ္ပဏီတို့ ဘာတို့ တခြားလူတွေက မသိမ်းအောင် ကာကွယ်ပြော ဆိုပေးတဲ့ သဘောပဲ။”

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ရလာတဲ့အခါ မူလမြေနေရာ ပိုင်ရှင်တွေကို သူတို့နေခဲ့တဲ့ နေရာတွေမှာ ပြန်လည် နေရာချထားပေးနိုင်ရေး အတွက် ကချင်ပြည်နယ် အစိုးရက စီမံလုပ်ဆောင်နေတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက ပြောပါတယ်။

“ အခု လောလောဆယ်အားဖြင့် ကျနော်တို့ ရေရှည်ငြိမ်းချမ်းရေး အတွက်လည်း အခုတော့ အဆင်ပြေမယ့် သဘောရှိတော့ ပြန်ကြမှာ။ ကိုယ့်ဒေသ သူ့ဒေသကော။ ပြန်ကြမယ်ဆိုတော့ ယခင်မူလနေရာမှာ ပြန်နေထိုင်ရေး အတွက်ကို ကျနော်တို့ ဆောင်ရွက်နေတာရှိပါတယ်။ ဒါတွေကတော့ ပြန်ရသွားမယ့် သဘောရှိပါတယ်။ တချို့က အဲဒီဒေသတွေမှာ သိမ်းထားပစ္စည်းနဲ့ ဘာမှ မလုပ်မကိုင်ဘဲနဲ့ ကုမ္ပဏီတွေကလည်း သွားရောက် မလုပ်ကိုင်နိုင်တာလည်း ရှိပါတယ်။ အဲဒါတွေကြောင့် ဒါတွေတော့ ပြန်ပြီးမှ စီစစ်ပြီး ပြည်နယ်အစိုးရ အနေနဲ့ကော ကျနော်တို့ လွှတ်တော်အပိုင်းကကော၊ ဒါတွေကို ပြန်ဆောင်ရွက်ပေးပါလိမ့်မယ်။”

၂၀၁၂ မြေယာဥပဒေအရ လူပုဂ္ဂိုလ်တဦးဟာ မိမိတို့ လုပ်ကိုင်နေတဲ့ လယ်ယာခြံမြေကို ၃ နှစ်နဲ့ အထက် ကင်းကွာသွားခဲ့ရင် အစိုးရက ပြန်လည် သိမ်းယူခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ကချင်ပြည်နယ်မှာ အခုအချိန်အထိ ၆ နှစ်ကျော်ကြာလာတဲ့ ကြိုကြားကြိုကြား စစ်ပွဲတွေ ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ အိမ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းတွေမှာ နေနေရပါတယ်။

ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင် စခန်း (၉)ခုရှိပြီး ဒုက္ခသည်ပေါင်း ၁ သိန်းကျော်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG