သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးရှောင်တွေအတွက် ခရစ်စမတ်ထမင်းတနပ်


စစ်ဘေးရှောင်တွေအတွက် ခရစ်စမတ်ထမင်းတနပ် လှုပ်ရှားမှု (Concern, Care and Contribute to the IDPs NOW)
စစ်ဘေးရှောင်တွေအတွက် ခရစ်စမတ်ထမင်းတနပ် လှုပ်ရှားမှု (Concern, Care and Contribute to the IDPs NOW)

ပြည်တွင်းစစ်ကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အတွင်းက စစ်ပြေးဒုက္ခသည်တွေအတွက် ကချင်ငြိမ်းချမ်းရေး ကွန်ယက်ကနေ ဦးဆောင်ပြီးတော့ လာမယ့် ခရစ်စမတ်နေ့မှာထမင်းတနပ်အလှူ ပြုနိုင်ဖို့ လှုပ်ရှားမှုပြု လုပ်နေတာပါ။ လက်ရှိစစ်ဘေးရှောင်စခမ်းတွေမှာ အကူညီပေးအဖွဲ့တွေ ရိက္ခာလျော့ချနေ တဲ့ အခြေအနေကြောင့် စားသောက်နေထိုင်ရေးမှာအခက်ခဲတွေရှိနေတယ်လို့လဲ စခန်းတာဝန်ရှိသူတွေက ဆိုပါတယ်။ဒီအခြေအနေတွေကိုတော့ VOA ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေအခုလိုသတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်း ဒုက္ခသည်စခန်း မှာရှိတဲ့ ဒုက္ခသည်တွေအတွက် လူတဦးလျှင် ကျပ်တထောင်နှုန်း တန်ဖိုးရှိတဲ့ ခရစ်စမတ်ထမင်းတနပ် အလှူပေး နိုင်ဖို့အတွက် ကချင်ပူးပေါင်းအဖွဲ့တွေကနေ လှုပ်ရှားမှုပြုလုပ်နေတာပါ။

လာမယ့် ခရစ်စမတ်နေ့မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ အတူတကွဝတ်ပြုပြီး တမင်းအတူတကွ စားသောက်နိုင်ဖို့အတွက် လှုပ်ရှားဆောင်ရွက်နေတာဖြစ်တယ် လို့လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ပူးပေါင်းအစီအစဉ် အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဂွမ်ရှာအောင်ကအခုလိုပြောပါတယ်။

"ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်မှာရှိတဲ့ IDPတွေကို ထမင်းတနပ် အစီစဉ်နဲ့ပက်သက်ရင်တော့ ကချင်ငြိမ်းချမ်းရေး ကွန်ရက် အနေနဲ့ ဦးစီးပြီးမှ စတင် လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ပဋိပက္ခကြောင့် သူတို့ထွက်ပြေးတိမ်းရှောင် ရတဲ့ အနေ အထားက (၆)နှစ်ကျော်ထဲကိုဝင်နေပြီဆိုတော့ အခုသူတို့စခန်း မှာနေရတဲ့အချိန်ကာလ ဟာ အတိုင်းအတာတခုရောက်လာ တယ်။ သူတို့အတွက် ခက်ခဲမှုပေါင်းမြောက်များစွာကို ပိုပြီးမှကြုံတွေ့လာရတယ်။ ဘာသာရေး ဘက်ကကြည့်မယ်ဆိုရင် တော့ အခုလိုထွက်ပြေးတိမ်းရှောင်လာရတဲ့အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေလဲဖြစ်တယ်။ ခရစ်စမတ်ကာလမှာ အနည်းဆုံးတရက်တာ သူတို့အတူတကွ ထမင်းနပ်အတူတကွ ဖန်တီးပြီးမှစားရအောင် ဒီခရစ်စမတ်မှာ အတူတကွ ဝတ်ပြုနိုင်တဲ့အနေအထားမျိုးလဲဖြစ်အောင် ဆိုပြီးမှ လှုပ်ရှားနေတဲ့ ကိစ္စဖြစ်ပါတယ်။"

ပူးပေါင်းအဖွဲ့တွေအနေနဲ့ ထမင်းတနပ်လျှင် ကျပ်တထောင်နှုန်း သတ်မှတ်ပြီး အလှူငွေတွေကိုကောက်ခံနေ တာပါ။

ခရစ်စမတ်ထမင်းတနပ်အစီအစဉ်ကို ၂၀၁၅ခုနှစ်က စတင်လုပ်ဆောင် လာတာဖြစ်ဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း မြန်မာ့တပ်မတော် နဲ့ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာ နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်း ၂ သောင်းကျော် ရှိနေတာပါ။

လက်ရှိစစ်ဘေးရှောင်စခန်းတွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကနေ ထောက်ပံ့နေတဲ့ စားနပ်ရိက္ခာတွေ ကို လျှော့ချလိုက်တာကြောင့်ဒုက္ခသည် စခန်းတွေမှာ စားနပ် ရိက္ခာ မလုံလောက်မှုအခက်ခဲတွေနဲ့တွေ့ကြုံနေရတယ်လို့ ဦးဂွမ်ရှာအောင်က အခုလိုပြောပါတယ်။

"သူတို့ကိုအကူညီပေးတဲ့ ကူညီထောက်ပံ့ရေးကိစ္စတွေကလဲ နိုင်ငံတကာအလှူငွေတွေနဲ့ ချိတ်ဆက်နေတော့ အဲဒီဟာတွေ လဲ အားလုံးလျော့ကျလာတယ်။ သူတို့အတွက်တော်တော်လေး ခက်ခဲပင်ပန်းတဲ့အနေအထားမျိုးဖြစ်နေတယ်။"

တချို့စခန်းတွေမှာ လူတဦးလျှင် တလစာ အတွက် ဆန် ၅ ပြည်၊ ဆီနှင့် ဟင်းဖိုး တို့အတွက် ငွေ ၂၅၀၀ ကျပ် ရရှိပြီး တချို့စခန်းတွေမှာ ဆန်ထောက်ပံ့မှု မရတော့တဲ့အခြေအနေမှာရှိနေပါတယ်။

ဒုက္ခသည်ဦးရေ(၂၅၀၀)ကျော်ရှိတဲ့ ဝိုင်းမော်မြို့နယ် ကချင်နှစ်ချင်းခရစ်ယာန်ကျောင်း ဒုက္ခသည်စခမ်းက လက်ရှိအခြေ အနေတွေကို စခမ်းတာဝန်ခံ ဦးဇော်လုံးကအခုလိုပြောပါတယ်။

"အခုလောလောဆယ်တော့ WFPကပံ့ပိုးတဲ့ဟာနဲ့ဘဲလေ။ တယောက်ကို တလကိုတသောင်းခွဲပေါ့။ အဲတာနဲ့ဘဲအသက်ရှင် နေတာ။ ၂၀၁၈အထိဘဲ ဘတ်ဂျက်လျာထားပါတယ်။"

တရုတ်နယ်စပ်အနီးကမဂါးယန်ဒုက္ခသည်စခမ်းမှာတော့ စစ်ရှောင်တွေစားသောက်နေထိုင်ရေးမှာအခက်ခဲမရှိလှဘူးလို့ စခန်း ဒုတာဝန်ခံဦးလာနူးကပြောပါတယ်။

"ဒီက တရုတ်နယ်စပ်နဲ့နီးတယ်။ ချောင်းဘဲခြားတယ်။ အစားအသောက်တွေလဲအဆင်ပြေပါတယ်။ KBCကနဲ့ အစားအ သောက်တွေ သူတို့လာပံ့ပိုးပေးပါတယ်။ လူဦးရေကတော့ (၁၆၅၄) တခြားအခက်ခဲကတော့ ဘာမှမရှိဘူး။"

မြန်မာ့တပ်မတော်နဲ့ KIOတို့အကြား တိုက်ပွဲဖြစ်ပွါးနေတဲ့ လက်ရှိတနိုင်းမြို့ထဲက စစ်ရှောင်တွေရဲ့နေထိုင် စားသောက် ရေး အခြေအနေတွေကိုတော့ KBC အသင်းတော် တာဝန်ရှိသူ ဦးဘရမ်မိုင်ကအခုလိုပြောပါတယ်။

"အခက်ခဲကျတော့ သူတို့ရဲ့ဆောင်းတွင်းဆိုတော့ပေါ့နော်။ အနွေးထည်တို့ စောင်တို့ အဲတာတွေလဲတော်တော်လေးကို ပြီးရင် ကလေးတွေကျောင်းသား ကျောင်းသူအနေနဲ့လဲ သူတို့အတွက်လဲအနွေးထည်တွေဘာတွေလိုတာပေါ့။"

ဒီစစ်ဘေးရှောင်တွေဟာ၂၀၁၇ ခုနှစ် ဇွန်လအတွင်းက တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်အတွင်း ကိုစစ်ဘေးတိမ်းရှောင် လာတာဖြစ်ပြီး ပြည်တွင်းအလှူရှင်တွေကို မှီခိုနေရသလို ရိက္ခာအခက်ခဲတွေနဲ့လဲကြုံတွေနေရပါတယ်။

လက်ရှိကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်းမှာ စစ်ပြေး ဒုက္ခသည်(၁၂၀၀၀၀)ကျော် ရှိနေပြီး ဒေသတွင်းတိုက်ပွဲတွေ ကြောင့်နေရပ်ရင်းကိုပြန်ဖို့ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG