သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ အကျိုးဆက်ကြောင့် ကချင်ပြည်နယ်တနိုင်းမြို့နယ်က ဘာသာရေးအသင်းမှာ စစ်ဘေးရှောင် တထောင်ခန့်ဟာ နေရပ်ရင်းကိုပြန်နိုင်ဖို့ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ကချင်ငြိမ်းချမ်းရေး အဖွဲ့ တာဝန်ရှိသူတွေကနေ မြန်မာ့တပ်မတော် တာဝန်ရှိသူတွေ နဲ့တွေ့ဆုံကြိုးပမ်းနေကြပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ကတော့ ဒေသရင်းမှာတိုက်ပွဲ မဖြစ်ဖို့ နဲ့လုံခြုံရေးအပိုင်းလုပ်ဆောင်ပေးဖို့ အမြင်သဘောထားပေးခဲ့တယ်လို့လဲကချင်ငြိမ်းချမ်းရေး အကျိုးဆောင်တွေ ကပြောပါတယ်။ လက်ရှိစစ်ရှောင်စခန်းမှာ အစားအသောက် လိုအပ်ချက်အခက်ခဲတွေ ရှိနေသလို တနိုင်းဒေသ တွင်းမှာလဲ စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ဘာသာရေးအသင်းတော်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ဒုက္ခသည် တထောင်ခန့်ကို နေရပ်ရင်း ပြန်ပို့ ပေးနိုင်ရေးအတွက် ကချင်ဘာသာရေးအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေကနေ ဒေသခံမြန်မာ တပ်မ တော်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်နေတာပါ။

နေရပ်ပြန်နိုင်ရေး ညှိနှိုင်းမှုအခြေအနေကိုတော့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက အခုလို ပြောပါတယ်။

"မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ကျွန်တော်တို့ကစခမှူးတို့က မြစ်ကြီးနားမှာရောက် လာစဉ်မှာ ကျွန်တော်တို့ဒီ KBCအသင်း တော်က ဆရာတော်ကြီးတွေ နဲ့တွေ့ဆုံတယ်။ ကက်သလစ်က ဘုန်းတော်ကြီးတွေ နဲ့တွေ့ဆုံတဲ့အချိန်မှာ အခုစစ်ရေးကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေဟာ သူတို့ရဲ့အသင်းသူအသင်းသားတွေဖြစ်တယ်။ သူတို့ရဲ့ဒုက္ခ ဆင်းရဲမှုတွေကို ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆို သူတို့ညှိနှိုင်းကြတယ်။ တနိုင်းမှာ တိမ်းရှောင်နေတဲ့ဒုက္ခသည်တွေကို ကိုယ့်နေရာဒေသကိုပြန်နိုင်ရေး အတွက်ဆိုပြီးမှ သူတို့တင်ပြတဲ့အပေါ်မှာ တိုင်းကလဲဘဲ တပ်မတော်ကလဲ ဘာဘဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ဆန္ဒ သဘောထား ဘယ်လိုရှိတယ်ဆိုတဲ့ဟာကို သွားရောက်တွေ့ဆုံဖို့ အတွက်ဆိုပြီးမှ လွန်ခဲ့တဲ့(၅)ရက်နေ့တုန်းက ကျွန်တော်တို့အဖွဲ့တွေ အားလုံး ဒုက္ခသည်တွေကို သူတို့သဘောထားဆန္ဒဘယ်လိုရှိတာတွေကို ကျွန်တော်တို့ သွားရောက်တွေ့ဆုံတာဖြစ်တယ်။"

တနိုင်းမြို့အခြေစိုက်၊ တပ်မတော်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူး (ဒကစမှူး)ကနေ စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးကိစ္စရပ်တွေမှာ ကူညီ ပေးမယ်လို့ပြောဆိုခဲ့ကြောင်း ဦးလမိုင်ဂွန်ဂျာကပြောပါတယ်။

"တနိုင်းဒကစပေါ့လေ ဒုဒကစမှူးဗိုလ်မှူးကြီးပေါ့လေ။ သူ့အနေနဲ့ ဘာဘဲဖြစ်ဖြစ် သူတို့ပြန်နိုင်ပြန်ဖို့ကိုလဲဘဲ တပ်မတော်က နေပြီးတော့မှ မိုင်းရှင်းလင်းရေး ဘာညာအားလုံး သူတို့ဝိုင်းဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းလဲပြောပါတယ်။ ပြန်မယ် ဆိုရင်တော့ သူတို့အစစအရာရာအားလုံး အကူညီပေးမယ်ဆိုတဲ့ ပြောဆိုသံလေး ကျွန်တော်တို့ကြားသိရပါတယ်ခင်ဗျ။"

တနိုင်းစစ်ဘေးရှောင်တွေ နေရပ်ရင်းပြန်နိုင်ရေးအတွက် စက်တင်ဘာ(၅)ရက်နေ့က ညှိနှိုင်းဆွေးနွေးခဲ့ရာမှာ ရွာသားတွေအနေနဲ့ ဒေသရင်းမှာ တိုက်ပွဲမဖြစ်ဖို့နဲ့ လုံခြုံရေးအပိုင်း လုပ်ဆောင်ပေးဖို့ သဘောထားပေးခဲ့တယ်လို့ ဦးလမိုင်ဂွန်ဂျာကအခုလိုပြောပါတယ်။

"တိုက်ပွဲဖြစ်လို့ နောက်တဖန် ပြန်ထွက်ပြေးတိမ်းရှောင်ရမှုကိုသူတို့မလိုလားဘူး။ သူတို့ပြန်မယ်ဆိုတဲ့အချိန်မှာလဲဘဲ သူတို့နေရပ် ဒေသ အနီးတ၀ိုက်မှာ မိုင်းရှင်းလင်းရေးဘာညာရယ်။ စစ်ကြောင်းထိုးတာတို့ နှစ်ဖက်တပ်တေါပေါ့လေ။ ရွာအနီးအနားမှာမရှိဘဲနဲ့ ဆိုရင်တော့သူတို့ပြန်ရဲတယ်ဆိုတဲ့သဘောပေါ့လေ။ သူတို့အနေနဲ့အဲဒီလိုတင်ပြတယ်ပေါ့လေ။

KBCဘာသာရေးအသင်းတော်နဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တွေအနေနဲ့ စစ်ဘေးရှောင်တွေတင်ပြချက်ကို တပ်မတော် ဘက်ရော KIOဘက်ကိုပါ ဆက်လက်ညျှိနှိုင်းသွားရမယ်လို့ ဦးလမိုင်ဂွန်ဂျာကဆိုပါတယ်။

တနိုင်းမြို့ဘာသာရေးအသင်းတော်(၄)ခုမှာရှိတဲ့ စစ်ဘေးရှောင်(၁၀၀၀)နီးပါးဟာ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းက မြန်မာ့ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၄ တို့ တိုက်ပွဲဖြစ်ပွားရာကနေ ထွက်ပြေးလာကြတာပါ။

လက်ရှိတနိုင်းမြို့အတွင်းမှာ အင်ဂါးဂါးရွာ၊ နမ်ဗျူရွာသားတွေအများစု စစ်ဘေး တိမ်းရှောင်နေကြပါတယ်။ ဒီစစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့မှုတွေ နည်းပါးလာလို့ စားသောက်ရေးမှာလဲ အခက်တွေ့နေတယ်လို့ တနိုင်းနှစ်ခြင်း အသင်းတော်တာဝန်ရှိသူ ဦးမုန်ဒန်ကပြောပါတယ်။

"ဆက်ပြီးတော့ ကျွန်တော်တို့ဒီမှာနေထိုင်ဖို့ဆိုတာကလဲ အစားအသောက် လိုအပ်တာတွေကတော့အင်မတန်မှ အခက်ခဲရှိလာနိုင်မယ်။ အခုလောလော ဆယ်ဆယ်တောင်မှ ကျွန်တော်တို့အသင်းတော်ကနေပြီးမှ တော်တော်လေး ၀ိုင်းပြီးမှ သူတို့ကို တတ်နိုင်သလောက် ပေါ့လေ စောင့်ရှောက်ထားတဲ့သဘောရှိပါတယ်။"

တနိုင်းမြို့ပေါ်ကဘုရားကျောင်းတွေမှာ ခိုလှုံနေသူတွေအတွက် တရားဝင် စစ်ဘေးရှောင်စခန်း ဖွင့်ဖို့ကိုမြို့ဂုဏ်သိက္ခာကျဆင်း စေတယ်ဆိုပြီး မြို့နယ် အာဏာပိုင်တွေက ဖွင့်ခွင့်မပေးခဲ့တာကြောင့် အကူညီတွေအားနည်းလာတယ်လို့ သူကဆိုပါတယ်။

တနိုင်းမြို့နယ်အတွင်းမှာ နှစ်ဖက်တပ်တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေသေးသလို တနိုင်း နမ်ဗျူလမ်းတလျှောက်မှာလဲ မြန်မာ့တပ်မ တော်ကနေ လုံခြုံရေးတင်းကြပ်ထားတယ်လို့ တနိုင်းနှစ်ခြင်းအသင်းတော်တာဝန်ရှိသူ ဦးမုန်ဒန်ကပြောပါတယ်။

"ဒီမနက် နှစ်နာရီလောက်ပေါ့နော်။ တနိုင်းဘက်ကပစ်တာလား ဘယ်ဘက်က ပစ်တာလဲ မသိဘူး။ လက်နက်ကြီးသံ(၇)ချက် လောက်ကြားရတယ်။ အဓိက လမ်းကြောင်းဖြစ်တဲ့ နမ်ဗျူအင်ဂါးဂါး ကျေးရွာတွေကိုသွားတဲ့လမ်းတွေအကုန်လုံး တပ်မတော် စစ်ကြောင်းက အကုန်လုံးပိတ်ထားတယ်။ အဲဒီလမ်းတောက်လျှောက်လဲ စစ်ကြောင်းတွေ အခိုင်အမာစောင့်ကြပ်ထားတယ်ပေါ့။"

ပြီးခဲ့တဲ့ဇွန်လ ပထမပတ်က တနိုင်းမြို့နယ်မှော်တွင်း(၁၀)တွင်းဒေသကနေထိုင်သူတွေကို ထွက်ခွါသွားဖို့ တပ်မတော်ဘက်ကနေ ရဟတ်ယာဉ်နဲ့ စာဖြန့်ဝေပြီးနောက်ပိုင်း ဒေသခံတွေအပါအ၀င်ရွှေပယင်းမှော်လုပ်သားတွေ ထွက်ခွါလာခဲ့ရသလို မြန်မာ့တပ်မ တော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့အကြားတိုက်ပွဲတွေဖြစ်ပွါးလာခဲ့တာပါ။

သြဂုတ်လ ၁၄ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားကိုယ်စားလှယ် ဒုဗိုလ်မှူးကြီး ခင်မောင်ဆွေကနေ KIA ထိန်းချုပ်တဲ့ တနိုင်းမှော်တွင်းဒေသကို နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်သွားမယ်လို့ အဆို တင်သွင်းပြောဆိုမှုတွေရှိနေသလို လက်ရှိတနိုင်းဖါးကန့်ဒေသအတွင်းတပ်မတော်ကနေ လုံခြုံရေးတင်းကြပ်ထားတဲ့အနေအထား မှာရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင်နေရပ်ပြန်ရေး အတွက် အဟန့်အတားတခုလိုဖြစ်နေသေးတယ် လို့အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG