သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်က KIO ဌာနချုပ်အနီး လက်နက်ကြီးတွေနဲ့ တိုက်ခိုက်


KIA ရှေ့တန်းစစ်သားများ
KIA ရှေ့တန်းစစ်သားများ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာအနီးက တပ်စခန်းတွေကို ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်ဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့ တရက်တည်းမှာ ကချင်ပြည်နယ်အတွင်း အနည်းဆုံး ပစ်ခတ်တိုက်ခိုက်တာတွေ ၄နေရာလောက်ဖြစ်ပွားခဲ့တယ်လို့ KIO ဖက်က ပြောပါတယ်။ဒီလို တိုက်ခိုက်တာဟာ၂၁ရာစုပင်လုံကျင်းပဖို့ နီးကပ်လာတာကြောင့် စစ်ရေးအရဖိအားပေးတာဖြစ်နိုင်ကြောင်းလည်း သုံးသပ်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ပွင့်လင်းရာသီစတင်ချိန်ကစလို့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ပြန်လည်ဖြစ်ပွားလာခဲ့ရာက ဒီရက်ပိုင်းတွေအတွင်းမှာတော့ တိုက်ခိုက်မှုသတင်းတွေဟာ ပိုမိုထွက်ပေါ်လာနေပါတယ်။

ဒီရက်ပိုင်းမှာ အစိုးရတပ်မတော်ဖက် KIO ဌာနချုပ်လိုင်ဇာအနီးကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိကြောင်း KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဒီကနေ့က ၈နာရီနည်းနည်းကျော်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ပစ်လို့ ဒီ လိုင်ဇာအနီး ဝေကြိုင်ရွာနားမှာ ကျသွားတာ အဲဒါကြောင့် ပြည်သူလူထုတွေက လန့်ပြီးမှ ထွက်ပြေးတာပါ။ ခုကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ။ လေး။ ငါးချက်လောက် ပစ်ပါတယ်။ မနေ့ကတော့ KIO ဌာနချုပ် လိုင်ဇာအနီးအနားလောက်မှာ တပ်မတော်ဖက်က လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ ဒါပေမဲ့ ပြန်ပြီးတုံ့ပြန်တဲ့ တိုက်ပွဲတွေကမရှိပါဘူး။ နောက် ဌာနချုပ်ရဲ့ လုံခြုံရေးနေရာလည်းဖြစ်တဲ့ KIA တပ်ရင်း ၂၅၅ လှုပ်ရှားတပ်ရင်း နေရာဖြစ်တဲ့ ဒီ ဆမားအုံးလူဆိုတဲ့နေရာမှာ လက်နက်ကြီးနဲ့လည်းပစ်တယ်။ နောက် မြေပြင်တိုက်ပွဲလည်းဖြစ်ပါတယ်။”

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဖက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ကြာသပတေးနေ့က မန်စီမြို့နယ်အတွင်းမှာ လေကြောင်းကနေပါ တိုက်ခိုက်တာရှိကြောင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ကြောင်းအခုလို ဆက်ပြောပါတယ်။

“ KIA တပ်မဟာ၃ရဲ့ တပ်ရင်း ၂၇ဖြစ်တဲ့ ဟိုမန်ဝိန်းကြီးဖက်မှာ တပ်မတော်ဖက်က jet fighterနဲ့လာပြီးမှ ဗုံးတွေချနဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ နောက် KIA တပ်မဟာ၂ တပ်ရင်း ၁၄နယ်မြေဖြစ်တဲ့ တနိုင်းဖက်မှာ မြေပြင်တိုက်ပွဲလည်းဖြစ်ပါတယ်။ နောက်ပြီးတော့ လက်နက်ကြီးနဲ့ပစ်တဲ့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ရှမ်းမြောက်ဖက်မှာလည်း ကြိုကြားကြိုကြားဖြစ်ပါတယ်။ ဒီKIA တပ်ရင်း ၈နယ်မြေဖြစ်တဲ့ အဲဒီဖက်မှာလည်း တိုက်ပွဲတွေဖြစ်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ ဘယ်လောက် ပြင်းပြင်းထန်ထန်ကြီးကြီးကျယ်ကျယ်ဖြစ်တယ် မဖြစ်ဘူးဆိုတာ ဒါတော့ သဲသဲကွဲကွဲ မကြားသိရပါဘူး။ ”

ဒီကနေ့မနက်ပိုင်းက လိုင်ဇာအနီးကို လက်နက်ကြီးနဲ့ပစ်ခတ်တာရှိပေမဲ့ အခြားဒေသမှာ တိုက်ပွဲဖြစ်တဲ့အခြေအနေကို မသိရသေးကြောင်းလည်း ပြောပါတယ်။

လက်ရှိဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဗိုလ်မှုးကြီးနော်ဘူက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ဒီတနိုင်းဖက်မှာပေါ့။ အဲဒီဖက်မှာတော့ သူတို့ကတော့ ဒီတပ်မဟာ ၂ နယ်မြေအားလုံးကိုတော့ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတဲ့ စစ်ဆင်ရေးထုတ်ထားတာရှိတယ်။ ဒီမန်စီမြို့နယ်ပေါ့ အဲဒီဖက်မှာလည်း သူတို့က ဒီရွှေလီချိုင့်ဝှမ်းစစ်ဆင်ရေးဆိုတဲ့ စစ်ဆင်ရေးတွေ သူတို့က ရှိကြတယ်။ အဲဒါနဲ့ တိုက်ပွဲတွေ အခုလိုမျိုးဖြစ်လာတယ်လို့ ယူဆလို့ ရပါတယ်။ နောက် နိုင်ငံရေးအရနဲ့ ပြန်သုံးသပ်မယ်ဆိုရင်တော့ ခု ၂၁ရာစုပင်လုံညီလာခံနဲ့ နီးလာတယ်ဆိုတော့ NCA လက်မှတ်ထိုးဖို့ရာ နည်းနည်း ဖိအားပေးချင်တဲ့သဘောမျိုးလားလို့တော့ သုံးသပ်တာပေါ့။”

အရင်က ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားလာရင် PCG ခေါ် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က အစိုးရနဲ့ KIO အကြား ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးတာတွေ ရှိခဲ့ပါတယ်။ အခုအခါမှာတော့ ကြားဝင်ညှိနှိုင်းဖို့ အခက်အခဲတွေ ရှိနေကြောင်း PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“ အရင်တုံးကတော့ ဦးသိန်းစိန်အစိုးရလက်ထက်တုံးကတော့ ဦးအောင်မင်းတို့နဲ့ဆက်သွယ်တယ်။ သူတို့ကို ဒီမှာ အောက်ခြေမှာဖြစ်တာကို ပြောတယ်။ ပြောလို့ မရရင် အထက်ကို ဗဟိုကို ပြောတယ်။ ဟိုကနေ တဆင့်ပြန်ပြောတယ်။ အဲလိုပဲယုံကြည်မှုတည်ဆောက်ပြီးတော့ လုပ်သွားတယ်။ အခုကတော့ အခုအစိုးရတက်လာပြီးနောက်ပိုင်းမှာ NRPC ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ကျနော်တို့ကို ဘာမှ အဆက်အသွယ်လည်း မလုပ်ဘူး။ ကျနော်တို့ ပြောတယ် စာတင်တာလည်း သူတို့လည်း ဘာမှလည်း အကြောင်း ပြန်လာမှုမရှိဘူးဆိုတဲ့အခါကျတော့ အခုကျနော်တို့ ရှေ့ဆက်သွားရမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့မှ နှစ်ဦးနှစ်ဖက်ကြားမှာ ကျနော်တို့ လုပ်ဆောင်နိုင်တာက ပြောရမယ်ဆို အဆက်ပြတ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်ဗျ။ အခုလောလောဆည်ကတော့။ ”

KIO အဖွဲ့ဟာ ၁၉၉၄ခုနှစ်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာချိန်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီလို တိုက်ပွဲတွေပြန်လည်ဖြစ်ပွားပြီးချိန်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ဖြစ်မြောက်ရေးအတွက် ပါဝင်ဆွေးနွေးခဲ့ပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးမပါဝင်တာကြောင့် လက်မှတ်ရေးထိုးတာတော့မရှိခဲ့ပါဘူး။ လောလောဆည်မှာတော့ ဝ၊ မိုင်းလား၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တို့နဲ့ အတူ ပူးတွဲပြီး FPNCC ခေါ် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းထားသလို အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တဖွဲ့ချင်းမဆွေးနွေးပဲ FPNCC နဲ့သာဆွေးနွေးဖို့ သဘောထားထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG