သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မှာ ကုမ္ပဏီဝန်ထမ်းအပါအဝင် အဖမ်းဆီးခံ ၇ ဦးအနက် ရွာသား ၂ ဦး လွတ်မြောက်လာ


တအာန်း ပလောင် တပ်ဖွဲ့ (TNLA) တပ်ဖွဲ့ (သတင်းဓာတ်ပုံ - RCSS - SSA )
တအာန်း ပလောင် တပ်ဖွဲ့ (TNLA) တပ်ဖွဲ့ (သတင်းဓာတ်ပုံ - RCSS - SSA )

ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်ထဲမှာ ကားလမ်းပြုပြင်နေတဲ့ Oriental Highway ကုမ္ပဏီဝန်ထမ်းအပါအဝင် အမျိုးသား(၇)ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးသွားခဲ့ရာမှာ ရွာသား(၂)ဦးကို ပြန်လွှတ် ပေးခဲ့ပေမဲ့ ဝန်ထမ်း(၅)ဦး ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။ အဖမ်းဆီးခံထားရတဲ့ ဝန်ထမ်း တွေပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော်စစ်ကြောင်းတွေကနေ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင် နေတာကြောင့်တိုက်ပွဲဖြစ်ပွါးမှုတွေလဲရှိနေပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

Oriental Highway ကုမ္ပဏီဝန်ထမ်း(၅)ဦးအပါအဝင်ရွာသားနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တွေကနေဖမ်းဆီးသွားရာမှာ ကွတ်ခိုင်မြို့နယ် နမ့်ဂွတ်ရွာသား(၂)ဦးပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ဝန်ထမ်း(၅)ဦး ပြန်လည်လွတ်မြောက်မှုရှိ မရှိ ကို မသိရသေးဘူးလို့ ပြန်လည်လွတ်မြောက်လာတဲ့ရွာသားရဲ့မိသားစုဝင် နမ့်ဂွတ်ရွာသား တဦးကပြောပါတယ်။

"ကျနော့် ယောက်ဖ ပြောတာတော့ ကချင်လဲပါတယ်။ ပလောင်လဲပါတယ်လို့ပြောတာဘဲ။ အဲဒီညမှာဘဲ (၂)ယောက်လို့ ပြောတယ်။ ပြန်လွတ်လာနေပြီး ကျန်တဲ့(၅)ယောက်က လွတ်လားမလွတ်လားတော့မသိဘူး။"

ပြီးခဲ့တဲ့ဒီဇင်ဘာ(၁၃)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ မူဆယ်မြို့သို့ သွားတဲ့ ပြည်ထောင်စု ကားလမ်း မကြီးမှာ လမ်းပြုပြင်နေတဲ့ Oriental Highway ကုမ္ပဏီဝန်ထမ်းအပါအဝင်အမျိုးသား ၇ဦးကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းတွေကဖမ်းဆီးသွားခဲ့ပြီး ရွာသား(၂)ဦးကိုပြန်လွှတ်ပေးခဲ့တာပါ။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့တပ်ဖွဲ့မှာ ကချင်နဲ့ တအာင်းပလောင်တပ်ဖွဲ့ကလို့အဆိုပါရွာသားကပြောပါတယ်။ ဒီဖြစ်စဉ်မှာကုမ္ပဏီဝန်ထမ်း အမျိုးသား ၇ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တအာန်း ပလောင် တပ်ဖွဲ့ (TNLA) တပ်ဖွဲ့ဝင်တို့ကနေ ဖမ်းဆီးသွားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်း ထုတ်ပြန်ထားတာပါ။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ရဲ့သတင်းထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိဘူးလို့ တအာန်း ပလောင်တပ်ဖွဲ့ (TNLA)ပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာအိုက်ကျော်ကပြောပါတယ်။

"ကျွန်တော်တို့ဖမ်းထားတာလဲမရှိပါဘူး။ သတင်းလဲမကြားမိဘူး။ ဒီမြန်မာ့တပ်မတော်စစ်ဦးစီးချုပ်ကသတင်းတွေခနခန ဒီသတင်းတွေလဲအခြေအမြစ်မရှိဘူး။"

ကုမ္ပဏီဝန်ထမ်းတွေကိုဖမ်းဆီးခေါ်ဆောင်သွားမှုနဲ့ပက်သက်ပြီး KIOကချင်လွတ်လပ်ရေးတပ်မတော်ဘက်က အတည် ပြုချက်မပေးနိုင်သေးဘူးလို့ KIOပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

"ကျွန်တော်ကအတည်ပြုပြောလို့မရဘူး။ ဘာလဲဆိုတော့ အဲဒီဘက်မှာသိတဲ့အတိုင်း KIOလဲဖြစ်လဲဖြစ်နိုင်တာပေါ့။ နောက် ပြီးတော့ TNLAလဲဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီသတင်းအစအနတွေကျွန်တော်တို့ဆီမှာမရှိတဲ့အခါကျတော့ ကျွန်တော်လဲ အတည်ပြုလို့မရဘူး။"

အဖမ်းဆီးခံထားရတဲ့တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင်ဦး အပါအဝင် ဝန်ထမ်းတွေပြန်လည်လွတ်မြောက်ရေးအတွက် တပ်မတော်စစ်ကြောင်းတွေကနေ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့ တပ်မတော်ဘက်ကသတင်း ထုတ်ပြန်ထားပါတယ်။ တပ်မတော်ရဲ့နယ်မြေရှင်းလင်းရေးလုပ်ဆောင်မှုကြောင့် ရှမ်းပြည်နယ်မန်တုံမြို့နယ် မန်ဆာကျေးရွာနဲ့ ခိုက်အော်ကျေး ရွာ ကြားမှာ တအာင်းပလောင်တပ်ဖွဲ့နဲ့ တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ TNLAပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာအိုက်ကျော်ကပြောပါတယ်။ တိုက်ပွဲကတော့ မန်တုံမြို့နယ် မန်ဆာကျေးရွာနဲ့ ခိုက်အော်ရွာကြားပေါ့နော် ညနေ(၅)နာရီခွဲကနေ(၆)နာရီအထိ (၁၄) ရက်နေ့ကဖြစ်တာ။ ထိခိုက်မှုကတော့ ကျွန်တော်တို့ဘက်ကတဦးဒဏ်ရာရတယ်။ မြန်မာ့တပ်မတော်ဘက်(၃)ဦး ကျ တယ်။ ကျွန်တော်တို့နေတဲ့တောတွင်းအထိ မြန်မာ့တပ်မတော်ကလိုက်လံပြီးမှ ထိုးစစ်တက်လာလို့ရင်ဆိုင်တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲဖြစ်ပွားမှုနဲ့စပ်လျင်းလို့ တပ်မတော်ဘက်ကသတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။ လက်ရှိရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တအာန်းပလောင်တပ်ဖွဲ့ (TNLA) တပ်ဖွဲ့တို့နဲ့ မြန်မာ့တပ်မတော်တို့အကြားစစ်ရေးတင်းမာနေဆဲဖြစ်နေပါတယ်။

လာမယ့် ဇန်နဝါရီလကုန်လောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကနေဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ် ၂၁ ရာစုပင်လုံတတိယမကြိမ်ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေဆဲဖြစ်ပေမယ့် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးတင်းမာနေဆဲအခြေအနေတွေကြောင့် မြန်မာငြိမ်းချမ်းရေး အလားလာဟာ ရှေ့မတိုးသာသေးတဲ့အခြေအနေမှာ ရှိနေဆဲလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG