သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ခမ်း အနီးတိုက်ပွဲ အရပ်သားတွေ ထိခိုက်ဒဏ်ရာရ


TNLAတအာင်းပလောင်တပ်ဖွဲ့
TNLAတအာင်းပလောင်တပ်ဖွဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ကောင်းဝိုင်းရွာမှာအခြေပြုနေတဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ အကြား ဒီကနေ့မှာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး ရွာသား(၄)ဦးလဲ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို နမ့်ခမ်းမြို့ ဆေးရုံမှာဆေးဝါးကုသခံနေဆဲလို့ ဒေသခံတွေကပြောပါတယ်။ ရှမ်းပြည်နယ် အပြင်ကချင်ပြည်နယ်၊ နမ္မတီးဒေသက ကဆုန့်ရွာက စစ်ဘေးတိမ်းရှောင်နေရတဲ့အခြေအနေတွေကိုတော့ ထိုင်းအခြေစိုက် VOAသတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ဒီမနက်(၅)နာရီခန့်မှာ တပ်မတော်ကနေထိုးစစ်တင်လာလို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ကောင်းဝိုင်းရွာမှာတိုက်ပွဲ ဖြစ်ပွါးခဲ့တဲ့အခြေအနေကိုတော့ တအာင်းပလောင်အဖွဲ့TNLA ပြန် ကြားရေးအရာရှိဗိုလ်မှူးတာ့အိုက်ကျော်ကအခုလိုပြောပါတယ်။

နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွါးတာဖြစ်တယ်။ တိုက်ပွဲကတော်တော်လေးပြင်းထန်တယ်။ တိုက်ပွဲက (၈)နာရီလောကပြီးပေမဲ့လဲ မြန်မာ့တပ်မတော်က နမ့်ခမ်းမြို့မှာရှိတဲ့စခမ်းကုန်းကနေပြီးမှ ကောင်းဝိုင်းကျေးရွာအနီးတဝိုက်ကို သူတို့လက်နက်ကြီးပစ်ခတ်နေတုန်းရှိတယ်။ အဲဒီလိုမျိုးပစ်တဲ့အတွက် လူအရပ်သား(၄)ယောက်ထိသွားတယ်။ မနေ့ကနေပြီး မှမြန်မာ့တပ်မတော်က စစ်အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ အဲဒီလိုမျိုးတက်လာတဲ့အတွက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးတယ်။

ဒီတိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့အတည်မပြုနိုင်သေးဘူးလို့ ဗိုလ်မှူးတာ့အိုက်ကျော်ကဆိုပါတယ်။

တိုက်ပွဲအတွင်းကောင်းဝိုင်းကျေးရွာနေ ကလေးငယ်တဦး အမျိုးသမီးတဦးနဲ့အမျိုးသားနှစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိတဲ့သူတွေကိုနမ့်ခမ်းဆေးရုံမှာဆေးကုသခံနေတာဖြစ်ပြီး သူတို့ရဲ့အခြေအနေကိုတော့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ တဲ့ နမ့်ခမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအေးမောင်ကအခုလိုပြောပါတယ်။

တိုက်ပွဲငယ်အရင်စဖြစ်ပြီးတာနဲ့ လက်နက်ကြီးကျလာတော့ တအိမ်က မိသားစု(၃)ယောက်လုံးထိခိုက်ထိသွားတာပေါ့။ ကလေး ငယ်ကျတော့သူ့ခြေထောက်မှာ သူတို့ကမခွဲသေးဘူးဗျ။ သူတို့ကအဲဒီအထဲမှာအခံရှိမရှိစစ်ဆေးကြည့်ဦးမယ်။ သားအမိ(၃) ယောက်တော့ သိပ်ပြီးစိုးရိမ်စရာအကြောင်းမရှိဘူး။ အဲဒီနဲနဲအသက်ကြီးတဲ့ပုဂ္ဂိုလ် (၂၇)နှစ်ပေါ့။ အဲဒီပုဂ္ဂိုလ်ကျတော့ ရင်ဘတ် မှာထိတယ်။ အဲတာကျတော့နဲနဲစိုးရိမ်ရတာပေါ့နော်။ အဲဒီဒဏ်ရရတဲ့သူတွေဟာ နမ့်ခမ်းမြို့ကုတင်(၁၀၀)ဆန့်ဆေးရုံမှာ ဆေးဝါးကုသနေပါတယ်။

ထိခိုက်ဒဏ်ရာရသူ(၄)ဦးအနက်က ဒဏ်ရာအခြေအနေစိုးရိမ်ရတဲ့ကိုအောင်သိန်းကိုခွဲစိပ်ကုသပြီးစီးလို့ စိုးရိမ်စရာမရှိတော့ ကြောင်း ကိုအောင်သိန်းရဲ့ညီမဖြစ်သူမအေးလွေကပြောပါတယ်။

ဗုံးကြီးကျလို့ထိတာ။ ဘယ်သူ့ဗုံးလဲတော့ အတိအကျတော့မသိနိုင်ဘူး။ ဗုံးကြီးတော့သေချာတယ်။ ကိုအောင်သိန်းကျတော့ (၃)နေရာထိတာပေါ့နော်။ ရင်ဘတ်မှာထိတယ်။ ဒီဗိုက်ခြမ်းမှာ ၂ ချက်ထိတယ်။ ခွဲတော့ခွဲစိပ်ပြီးပြီး။ သိပ်တော့မစိုးရိမ်ရဘူး ပြောရမှာပေါ့။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တို့အကြား တိုက်ပွဲတွေအဆက်မပြတ် ဖြစ်ပွါး နေသလို ဖြစ်ပွါးတဲ့တိုက်ပွဲတွေအတွင်း အရပ်သားတွေထိခိုက်မှု ဖမ်းဆီးခံရမှုဖြစ်စဉ်တွေလဲဖြစ်ပွါးနေပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ နှစ်ဖက်စလုံးတိုက်ပွဲကိုရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးစကားဝိုင်းမှာ ဆွေးနွေး ကြဖို့ဆန္ဒရှိ တယ်လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအေးမောင်ကပြောပါတယ်။

ပြည်သူလူထုတော့ငြိမ်းချမ်းရေးဖြစ်စေချင်တာပေါ့ဗျာ။ ပြီးတော့ဒီလိုတဖက်နဲ့တဖက် ပဋိပက္ခဖြစ်နေတော့ ခံနေရတာ ပြည်သူတွေဘဲလေ။ ပြည်သူလူထုကလဲ အခုကကျီးလန့်စာစားဘဝလဲရောက်တယ်။ ဘယ်ကိုအားကိုးရမှန်းလဲမသိဘူး။ ဘယ်ထွက်ပြေးရမှန်းလဲမသိဘူး။ ဖြစ်လိုက်လို့ရှိရင်ကျည်ဆံကရွာထဲကျတာဘဲ။ အကောင်းဆုံးတော့ငြိမ်းချမ်းရေးစကားဝိုင်းမှာ နှစ်ဖက်စလုံးစကားပြောစေချင်တာပေါ့။ အဲတာပြည်သူလူထုဆန္ဒတွေပါ။ ငြိမ်းလဲငြိမ်းချမ်းချင်ပါပြီး။ ငြိမ်းချမ်းရေးအရိပ် ရောင်ခြည်ကိုဘဲ မျှော်လင့်တောင့်တနေကြပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသဘက်မှာလဲ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ တပ်မတော်တို့အကြား ဒီရက်ပိုင်းမှာဖြစ်ပွါးတဲ့ပဋိပက္ခအတွင်း ကဆုန့်ရွာသားထောင်ဂဏန်းခန့်ဟာလဲ နမ္မတီးဘာသာရေးအသင်းတော်ကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ကဆုန့်ရွာသားစစ်ရှောင်တွေရဲ့နောက်ဆုံးအခြေအနေကိုတော့ နမ္မတီးခရစ်ယာန်အသင်းတာဝန်ရှိသူဆရာသောမတ်က အခုလို ပြောပါတယ်။

ကဆုန့်မှာကတော့ လောလောဆယ်ဆယ်နှစ်ဖက်တပ်တွေစစ်ပွဲကတော့မရှိတော့ဘူး။ ဒါပေမဲ့ရွာရဲ့ဟိုဘက်ဒီဘက်မှာ နေရာယူထားကြတယ်လို့အဲဒီလိုကြားရတာဘဲ။ ဒီစစ်ပြေးအခြေအနေကတော့ ဒီမှာအယောက်တထောင်နီးပါးတော့ရောက်ရှိခဲ့ တယ်။ နေရပ်ပြန်ဖို့တော့အဆင်မပြေသေးဘူးလောလောဆယ်ဆယ်ကတော့။

သြဂုတ်လ(၁၁)ရက်နေ့မှာ မိုးကောင်းမြို့နယ် နမ္မတီးဒေသကဆုန့်ရွာအတွင်းပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ထောင်နဲ့ချီတဲ့ကျေးရွာသား တွေ နမ္မတီးဘာသာရေးကျောင်းတွေမှာ တိမ်းရှောင်ခိုလှုံနေကြရတာပါ။

ဒီပစ်ခတ်မှုမှာအရပ်သားတွေ(၄)ဦးထက်မနဲထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သတင်းတွေပေါ်ထွက်နေပေမဲ့ သီးခြားအတည်ပြု ချက်မရရှိသေးပါဘူး။

လက်ရှိမြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဖေါ်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကြိုးပမ်းဆောင်ရွက်မှုတွေရှိနေပေမဲ့ TNLAတအာင်းပလောင်အဖွဲ့ ရခိုင်တပ်မတော်AA ကိုးကန့် တပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကတော့ကန့်သတ်ခံနေရဆဲအခြေအနေမှာရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာ့ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ UNFCညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဆွေးနွေး ရေးအဖွဲ့တို့တွေ့ဆုံမှုမှာ အစိုးရတပ်မတော်ကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း စတင်ကြေညာဖို့အပါအဝင် အချက် (၄) ချက်ကို သဘောတူညီမှုရရှိခဲ့ပေမဲ့ တိုင်းရင်းသားဒေသတွေမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွါးနေဆဲလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG