သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်တုံမြို့ အဝင်အထွက် ကန့်သတ်


မြန်မာအစိုးရကနေ NCAအပစ်ရပ်လက်မှတ်ရေးထိုးဖို့လက်မခံငြင်းပယ်ခံနေရတဲ့ TNLAတအာင်းပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့မှာ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအကျိုးဆက်ကြောင့် မန်တုံမြို့အတွင်း သွားလာခွင့်ကိုပိတ်ပင်ထားတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ ကပြောပါတယ်။ ဒါ့အပြင်ရှမ်းပြည်မြောက်ပိုင်းအတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေသလို တိုက်ပွဲဖြစ်ပွါးရာဒေသက ရာနဲ့ ချီတဲ့ကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAတို့အကြား ဖြစ်ပွါးနေ တဲ့တိုက်ပွဲကြောင့် ဒေသအတွင်း မတည်ငြိမ်မှုတွေဖြစ်ပွါးနေတာပါ။

မန်တုံမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ TNLAတို့အကြားဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်ကနေ မြို့တွင်းထွက်ခွါခွင့်ကိုပိတ်ပင်ထားသလို အိမ်တိုင်းကိုစီစစ်နေတယ်လို့ မန်တုံမဲဆန္ဒနယ်က ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဟယိုင်စဉ် ကပြောပါတယ်။

“ခရီးသွားလာတာက မန်တုံမြို့မှာ အဝင်တော့ရတယ် အထွက်တော့ လောလောဆယ်ပေးမထွက်သေးဘူးဗျ။ ဒါကျွန်တော်တို့ဒီ တပ်ပိုင်းဆိုင်ရာ သူတို့ရဲ့လုံခြုံရေးအနေက ကျွန်တော်တို့လဲမသိဘူးလေနော်။ မြို့ထဲမှာလဲသူတို့ တအိမ်တက်တအိမ်ဆင်းပေါ့လေ ရှာဖွေမှုတွေလုပ်နေတယ်။ အဲဒီလိုပိတ်လိုက်တော့ အပြင်မထွက်ရဘူး။ တောင်ယာလယ်ယာလည်း မသွားရဘူးဆိုရင်တော့ စားဝတ်နေရေးအတွက်အခက်ခဲ ဖြစ်မယ်လို့တော့ကျွန်တော်တို့ ထင်မြင်ရပါတယ်။”

ပြီးခဲ့တဲ့ရက်တွေမှာ မန်တုံမြို့အဝင်ရော၊ အထွက်ပါ ပိတ်ပင်ထားရာကနေ ဒီရက်မှာတော့ အဝင်ဘက်ခွင့်ပြုပေမဲ့ ထွက် ခွါဖို့ကို ပိတ်ပင်ထားသလို စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ မန်တုံမြို့ခံ လွှတ်တော်ကိုယ်စားလှယ် ဦးဟယိုင်စဉ်ကဆိုပါတယ်။

အခုလိုသွားလာခွင့်ပိတ်ပင်ထားတာကြောင့် ဒေသခံတွေ တောင်ယာနဲ့လက်ဖက်ခြံသွားလာရေးမှာအခက်တွေ့ နေကြပါတယ်။

မန်တုံမြို့အတွင်းလုံခြုံရေးအရတင်းကြပ်မှုတွေပြုလုပ်လာတာဟာပြီးခဲ့တဲ့သြဂုတ်လ(၄)ရက်နေ့တုန်းက မန်တုံ မြို့အပြင်ဘက်မှာ တပ်မတော် စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့်လို့ ဦးဟယိုင်စဉ်ကဆက်ပြောပါတယ်။

“တိုက်ခိုက်တဲ့နေ့က မနက်ပိုင်းပေါ့လေ (၁၀)နာရီခွဲဝန်းကျင်လောက်ပေါ့။ အဲဒီမှာဖြစ်တယ်။ တက်လာတဲ့ တပ်မ(၇၇) ရဲ့ စစ်ယာဉ်တန်းကို လက်နက်ကိုင်အဖွဲ့အစည်းတစုက ခြုံခို တိုက်ခိုက်တယ်လို့ကြားသိရပါတယ်။ ထိခိုက်မှုကတော့ စစ်ယာဉ်တန်း ၃-၄စီးလောက်တော့ ပျက်စီးသွားတယ်လို့ပြောပါတယ်။ လမ်းမှာဖြစ်တာကိုး မြို့နဲ့(၃)မိုင်ခန့်အကွာမှာ ပေါ့လေ။”

နမ္မတူဘက်က တက်လာတဲ့တပ်မတော်တပ်မ(၇၇)စစ်ယဉ်တန်းတွေကို TNLA ၉၉၉ အဖွဲ့နဲ့ တိုက် ပွဲဖြစ် ပွါးရာမှာ တပ်မတော်စစ်ာယဉ်(၃)စီးပျက်စီးသွားတယ်လို့ TNLAဘက်ကထုတ်ပြန်ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ TNLAတို့အကြား မနေ့က နမ့်ဆန်မြို့နယ်အတွင်းဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲကြောင့် ခေးခင်းကျေးရွာ အုပ်စု မန်ဝဲကျေးရွာသားတွေဟာ စိုးရိမ်စိတ်နဲ့နေရပ်ကနေတိမ်းရှောင်နေရတယ်လို့ နမ့်ဆန်မြို့ NLDအဖွဲ့ဝင် ဦးမိုင်ရဲကျော်သူကပြောပါတယ်။

“မနေ့ကပေါ့နော်။ ၈ရက် ၈လ ၊ မနက်(၈)နာရီကနေ(၉)နာရီအထိ အဲဒီခေးခင်းရွာ နဲ့မန်ဝဲရွာအကြားမှာတိုက်ပွဲဖြစ်တာ ပေါ့။ တပ်မတော်နဲ့TNLAပေါ့။ တိုက်ပွဲဖြစ်တဲ့ အခါကျတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာပေါ့။ တပ်မတော် ဘက်ကလဲပစ်ခတ်တယ်။ ဟိုဘက်ကလဲပစ်ခတ်တယ်ဆိုတော့ ဒေသခံတွေက အဲဒီအနီးနားတဝိုက်ဆိုရင် ကိုယ့်ရွာထဲလက်နက်ကြီးကျမလား။ ကိုယ့်သားသမီး ထိမလား အိုးအိမ်ထိမလား။ ဒီအသက်တွေ စိုးရိမ်ရကြောက်စိတ် အားကြီးပြီးတော့ ဟိုဘက်ထွက်ပြေးသွားတာပေါ။”

တိုက်ပွဲဖြစ်ပွါးရာနမ့်ဆန်မြို့နယ်ခေးခင်းကျေးရွာအုပ်စု မန်ဝဲကျေးရွာသားတွေဟာ နမ္မတူမြို့ပေါ်ကိုတိမ်းရှောင် လာကြပြီး ဒီကနေ့နေလည်အချိန်ထိ ၂၃၀ကျော်ရောက်ရှိနေတယ်လို့ ဒုက္ခသည်အကူညီပေးရေးအဖွဲ့ တာဝန်ခံ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

“အခုလောလောဆယ် ပုဗ္ဗါရုံကျောင်းမှာပို့ထားတယ်ပေါ့။ အိမ်ထောင်စုက(၆၈)စု လူဦးရေက(၂၃၉)ဦး ရောက် ရှိနေတယ်။ ဒီနေ့တော့ဝင်လာမစဲတသဲသဲပေါ့။ ကျွန်တော်တို့စာရင်းက(၁၂)လောက် ချုပ်ထားတုန်းရှိသေးတယ်။ သူတို့ရွာမှာတိုက်ပွဲဖြစ်လို့တဲ့။ ဘယ်သူနဲ့ဘယ်သူနဲ့လဲမေးကြည့်တော့ ပလောင်စစ်သားနဲ့ဗမာစစ်သားတဲ့။”

နမ္မတူ ကိုရောက်ရှိလာတဲ့စစ်ဘေးရှောင်တွေကို ဒေသခံအကူညီပေးရေးအဖွဲ့တွေကနေ ကူညီစောင့်ရှောက်ပေးနေ ပါတယ်။

သြဂုတ်လ (၈)ရက်နေ့အတွင်း နမ့်ဆန်မြို့နယ်ဘက်မှာတိုက်ပွဲသုံးကြိမ်ဖြစ်ပွါးခဲ့တယ်လို့ TNLAဘက်ကသတင်း ထုတ်ပြန်ထားပါတယ်။

လက်ရှိနမ္မတူမြို့အတွင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS အဖွဲ့နဲ့TNLA တအာင်းပလောင်အဖွဲ့တို့အကြား ပဋိပက္ခဖြစ်စဉ်အတွင်း မန်တုံမြို့နယ်က စစ်ဘေးရှောင်(၅၀၀)နီးပါးလဲ နေရပ်မပြန်နိုင်သေးဘူးလို့ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

သြဂုတ်လ(၅)ရက်နေ့မှာလဲ ကွတ်ခိုင်မြို့နယ်၊ မော်ဆောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ တအာင်းပလောင် တပ်ဖွဲ့ တို့တိုက်ပွဲဖြစ်ပွါးရာမှာ မန်နိမ်ကျေးရွာသူတဦး လက်နက်ကြီးထိမှန်လို့ ထိမှန်သေဆုံးခဲ့ပါတယ်။

အသက် ၃၈ နှစ် သား ၄ ဦးမိခင် ဒေါ်ယာအမ်ကြင် ထိခိုက်သေဆုံးမှုအတွက် မြန်မာ့တပ်မတော်ဘက်ကနေ လျော် ကြေး ပေးအပ်ခဲ့တယ်လို့ မော်ဆောင်းဒေသခံ တဦးက ပြောပါတယ်။

“ စစ်ကြောင်းဘက် ကပစ်တဲ့ လက်နက်ကြီးထိသွားလို့။ စစ်ကြောင်းဘက်ကလျော်ကြေး ငါးသိန်းပေးလိုက်တာ။ သူတို့တပ်ရင်းမှူးကိုယ် တိုင် လျော် ကြေးလာပေးတယ်။”

ဒီလိုဆက်တိုက် စစ်ရေးတင်းမာနေမှုနဲ့ပက်သက်လို့ တပ်မတော်ဘက်က ထုတ်ပြန်တာ မျိုးမရှိသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ ကွတ်ခိုင် နမ့်ဆန် သီပေါ နမ္မတူ နမ့်ခမ်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့တအာင်း ပလောင်TNLAအဖွဲ့တို့အကြား တိုက်ပွဲတွေအစဉ်လိုလိုဖြစ် ပွါးနေပြီး ဒေသခံကျေးရွာသားတွေလဲ တိုက်ပွဲစဉ်အတွင်း ဖမ်းဆီးခံရမှု ထိခိုက်သေဆုံးမှု စစ်ဘေးလွတ်ရာဒေသဘက်ကို တိမ်းရှောင်နေမှုဖြစ်စဉ်တွေ အစဉ်လိုလိုဖြစ်ပွါးနေပါ တယ်။

မန်တုံမြို့ အဝင်အထွက် ကန့်သတ်
please wait

No media source currently available

0:00 0:04:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG