သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့တိုင်းရင်းသားတပ်ဖွဲ့တို့အကြားစစ်ရေးတင်းမာနေဆဲ


မြန်မာ့တပ်မတော် စစ်ကြောင်းချီတက်လာစဉ် (၂၀၁၅ ဖေဖော်ဝါရီလ ၁၆ ရက်နေ့)
မြန်မာ့တပ်မတော် စစ်ကြောင်းချီတက်လာစဉ် (၂၀၁၅ ဖေဖော်ဝါရီလ ၁၆ ရက်နေ့)

၂၁ရာစုပင်လုံတတိယအကြိမ်ညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်ကျင်းပဖို့ ပြင်ဆင်နေဆဲတချိန်ထဲမှာဘဲ တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ လက်နက် ကိုင် အဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်တပ်မတော်AAအဖွဲ့နဲ့ တပ်မ တော်တို့အကြား ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ တလကျော်အကြာတိုက်ပွဲဖြစ်နေသလို ကျန်တဲ့ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ကချင်ပြည်နယ်တွေဘက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့လဲ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ရခိုင်တပ်မတော်AAနဲ့ မြန်မာ့တပ်မတော်တို့အကြား ချင်းပြည်နယ် ပလက်၀ မြို့နယ်ထဲမှာ ဒီနေ့အထိ တလကျော်အကြာတိုက်ပွဲပြင်းထန်ဖြစ်ပွါးဆဲလို့ AAပြန်ကြားရေးအရာရှိခိုင်သုခကပြောပါတယ်။

"တိုက်ပွဲကတော့တော်တော်လေးပြင်းပြင်းထန်ထန် ဖြစ်နေတာ ဒီနေ့ဆိုလို့ရှိရင်တော့ တလနဲ့တရက်ပေါ့လေ။ ဒီနေ့မှာလဲဘဲ တိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေတုန်းဘဲ။ ဒီနေ့တော့ပလက်ဝမြို့နယ်ရဲ့အထက်ဘက် မြိတ်ဝရွာရဲ့ အောက်နားမှာဖြစ်နေတာ။"

ဒါ့အပြင် အိန္ဒိယ -မြန်မာ-ဘင်္ဂလား တြိဂံနယ်စပ်တွေမှာလဲတိုက်ပွဲဖြစ်နေတယ်လို့သူကပြောပါတယ်။

အထူးသဖြင့် နိုဝင်ဘာ(၂၉)ရက်နေ့က ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲမှာ မြန်မာတပ်မတော်ရဲ့စစ်လက်နက်ပစ္စည်းတွေကို ရခိုင်တပ်မ တော်ကနေသိမ်းဆည်းရမိခဲ့တယ်လို့ ခိုင်သုခကဆက်ပြောပါတယ်။

"အဲဒီ(၂၉)ရက်နေ့တိုက်ပွဲမှာတော့ ဗမာ့တပ်မတော်ဘက်ကအကျဆုံးတော်တော်များတယ်။ ကျွန်တော်တို့ဘက်ကနေ ဗမာ့ တပ်မတော်ဆီက သိမ်းဆည်းရမိတဲ့လက်နက်လဲတော်တော်များများရှိတယ်ဗျ။ ၆၀မမ ဒီ ၆0 မီလီမီတာ(၂)လက်ရယ်။ RPG တလက်ရယ်။ စက်လတ်ပေါ့နော် မရှင်းဂမ်း(၃)လက်ရယ်။ နောက် ကျည်ဆံလဲအများကြီးသိမ်းဆည်းရမိတယ်ဗျ။"

နိုဝင်ဘာလဆန်းကတည်းက ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်တွေမှာ တိုက်ပွဲ ဆက် တိုက်ဖြစ်ပွါးခဲ့တယ်လို့ ရခိုင်တပ်မတော်ဘက်က ပြောဆိုနေပေမဲ့လဲ မြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။

ပလက်ဝမြို့နယ်က တိုက်ပွဲအတွင်းဒေသခံ ကျေးရွာသားနှစ်ထောင်နီးပါးဟာ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ခိုင်သုခကဆိုပါတယ်။

"အိန္ဒိယနိုင်ငံ မီဇီုရမ်ပြည်နယ်ထဲက ဒီလောင်တလိုင်မြို့နယ်ခွဲပေါ့ အဲဒီဘက်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူကတော့ အခုဆိုရင် (၂၀၀၀)နီးပါးရှိနေပြီးဗျ။ အိန္ဒိယအာဏာပိုင်တွေကနေသူတို့ကိုအကူညီပေးနေတယ်ဗျ။"

နိုဝင်ဘာ ၁ ရက်မှ ၁၆ ရက်အထိ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ကုန်ပြင်ကျေးရွာက ဒေသခံ ၃၀၀ ကျော်မှာ ရှင်းလက်ဝကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒီစစ်ဘေးရှောင်တွေကို ရခိုင်ပြည်နယ်က အကူညီပေးရေးအဖွဲ့တွေကနေ အကူညီပေးဆောင်ခဲ့ပေမဲ့ ပလက်ဝမြို့အာဏာ ပိုင်တွေကနေ ရှင်းလက်ဝကျေးရွာအထိသွားခွင့်မပြုဘူးလို့ဝံလက်ဖေါင်ဒေးရှင်းကတာဝန်ရှိသူ ခိုင်ကောင်းစံကဆိုပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေမှာ အရပ်သားအနဲဆုံး(၃)ဦး ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ချင်းလူမှုရေးအသင်းအတွင်းရေးမှူးပီတာလွယ်လူးက အခုလိုပြောပါတယ်။

"သေဆုံးသူကတော့ ကျွန်တော်အခုသိသလောက်(၃)ယောက်ရှိပြီးပေါ့နော်။ တယောက်ကတော့ စက်မှုသိပ္ပံကျောင်းသား တယောက်ပေါ့နော်။ နောက်တယောက်ကတော့အသက်(၆၀)အရွယ်ရှိတဲ့ တယောက်ဆုံးသွားတယ်။ လက်နက်ကိုင် တွေကသူတို့မှားပြီးတော့ပစ်တာလား။ သေသွားတာပေါ့နော်ပွဲချင်းပြီး။ နောက်ပြီးတော့ အရှားရွာ နှစ်မိုင်လောက် အကွာအဝေးမှာ အဲဒီမြေမြုပ်မိုင်းကိုနင်းမိပြီးတော့မှ ပွဲချင်းပြီးသေသွားတယ်တယောက်ပေါ့နော်။"

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့နယ်အတွင်းမှာ မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSAနဲ့မြန်မာ့တပ်မ တော်တို့အကြား နိုဝင်ဘာ(၂၉)ရက်နေ့မှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ SSPPပြောခွင့်ရဗိုလ်မှူးစိုင်းနော်လိတ်ကပြော ပါတယ်။

"ဖြစ်တယ်။ ဖြစ်တယ်။ ထိတွေ့မှုအခြေအနေက တပ်ကအဲဒီမှာ သူတို့စခန်းအနားလှုပ်ရှားနေတယ်လို့ကြားတယ်။ စခန်းနဲ့နီးသွားလို့လားမသိဘူး။ ချက်ချင်းတိုးတာလား ထိခိုက်မှုလဲနှစ်ဖက်စလုံး ကျွန်တော်တော့မသိဘူး။"

မြောက်ပိုင်းရှမ်းပြည်တပ်မတော်အခြေပြုရာ သီပေါမြို့နယ် ဝမ့်မော့ကျေးရွာအုပ်စု ပါကန်း နမ့်တိုက်ဖိုင်းကျေးရွာအနီးမှာ မြန်မာ့တပ်မတော်စစ်ကြောင်းကနေ လှုပ်ရှားလာလို့ အခုလိုတိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

အလားတူ NCAအပစ်ရပ်လက်မှတ်မထိုးနိုင်သေးတဲ့တအာင်းပလောင်ဒေသတွေဘက်မှာလဲ မြန်မာ့တပ်မတော်ထိုးစစ်တွေ ဆက်လက်ပြုလုပ်နေဆဲလို့ တအာင်းပလောင်တပ်ဖွဲ့TNLAပြန်ကြားရေးအရာရှိဗိုလ်မှူးတာ့အိုက်ကျော်ကဆိုပါတယ်။

"ဒီထိုးစစ်ကတော့တောက်လျှောက် ကျွန်တော်တို့နေတဲ့ တောတွင်းအထိရှိနေတုန်းဘဲ။"

ဒါ့အပြင် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့အကြား အခုရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွါးနေသလို ဒေသခံရွာသားတွေကလဲ နေရပ်ကိုစွန့်ခွာသွားခဲ့ကြပြီး ဖြစ် ပါတယ်။

လက်ရှိမြန်မာ့တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွါးနေတဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့ ၊ တအာင်းပလောင်တပ်ဖွဲ့၊ TNLA မြောက်ပိုင်း ရှမ်းပြည်တပ်မတော်SSPP/SSAနဲ့ ရခိုင့်တပ်မတော်AAတို့ဟာ NCAလမ်းကြောင်းကိုလက်မခံတဲ့ UWSAဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီFPNCCအဖွဲ့ဝင်တွေလဲဖြစ် ပါတယ်။

လာမဲ့ဇန်နဝါရီလကုန်မှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကိုကျင်းပသွားမယ်ဆိုပေမဲ့ မြန်မာအစိုးရအနေနဲ့UNFCခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေနဲ့ရော မြောက်ပိုင်းဒေသ တိုင်းရင်းသားမဟာမိတ် အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိသေးသလို NCAလက်မှတ်ရေးထိုးရေးမှာ ခက်ခဲတဲ့အခြေ အနေ မှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG