သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ရခိုင်စုံစမ်းရေးအစီရင်ခံစာ လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပေမဲ့၊ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ယုံကြည်လက်ခံနိုင်မှု ကင်းမဲ့နေကြောင်း ပြောဆိုလိုက်ကြပါတယ်။ ဒီအတွက် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိတိကျကျ သိနိုင်ဖို့ နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုဖို့လည်း ထပ်မံတောင်းဆိုခဲ့ကြတာပါ။ မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်အပေါ် လူ့အခွင့်အရေး အဖွဲ့တွေရဲ့ တုန့်ပြန်ချက်တွေကိုတော့ နန်းလောင်ဝ်ကတင်ပြပေးမှာ ဖြစ်ပါတယ်။

တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ရဲ့ ပြီးခဲ့တဲ့လကစလို့ တလနီးပါးကြာ စုံစမ်းစစ်ဆေးမှုတွေမှာ စစ်တပ်က ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစွန်းရောက် အဖွဲ့တွေက ကျုးလွန်ခဲ့ကြောင်း လူပေါင်း ၃ ထောင်ကျော်ကို မေးမြန်းချက်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပေမဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ တွေ့ရှိချက်တွေကို လက်ခံဖို့ ခက်ခဲကြောင်း ပြောဆိုခဲ့ကြတာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှုး Phil Robertson ကတော့ စုံစမ်းစစ်ဆေးမှုတွေဟာ လုံလောက်မှု မရှိဘူးလို့ ပြောပါတယ်။

“ဒီအစီရင်ခံစာကိုကြည့်မယ်ဆိုရင် မြန်မာစစ်တပ်ထဲက အရေးပါတဲ့လူတွေကိုရည်ရွယ်ပြီး နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှေ့ဆက်တိုး ချမှတ်နိုင်အောင် တွန်းအားပေး လုပ်ဆောင်ဖိ့ုလိုပြီဆိုတာ လက်တွေ့ မြင်လိုက်ရပြီလို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအစီရင်ခံစာထဲမှာ ဘယ်လို သက်သေအထောက်အထားမျိုးကိုမှ ဖော်ပြချင်တဲ့ သဘောဆန္ဒတွေမပါပါဘူး။ တခုခုမှားကောင်းမှားနေပြီဆိုတာမျိုး သတိထားလုပ်ကိုင်ဖို့ ဆန္ဒလည်း မရှိပါဘူး။ ဒီအစီရင်ခံစာက ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ငြင်းဆိုရုံ သက်သက်ပဲဖြစ်ပါတယ်။”

မြန်မာစစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာတော့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လုံခြုံရေး ကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အဖွဲ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အလေးထားဖော်ပြထားသလို၊ သွေးထိုးလှုံ့ဆော်မှုတွေ ရှိခဲ့ကြောင်းလည်း တွေ့ဆုံမေးမြန်းသူတွေကို ကိုးကားဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း မြန်မာစစ်တပ်ရဲ့ အစီရင်ခံစာဟာ တာဝန်ခံဖို့ ငြင်းဆန်နေတာကို ပြသရာရောက်ကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြတာပါ။ မြန်မာစစ်တပ်ရဲ့ တနင်္လာနေ့က ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးပြီးချင်းဆိုသလို ကြေညာချက်ထုတ်ပြန် တုံ့ပြန်ခဲ့တဲ့ Amnesty International အဖွဲ့က မြန်မာ့အရေးသုတေသီ Laura Haigh ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အများယုံကြည် လက်ခံနိုင်အောင် ဖြေရှင်းဖို့ကတော့ နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ လိုတယ်လို့ ပြောပါတယ်။

“ထိတ်လန့်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့ စစ်တပ်နဲ့ လုံခြုံရေးတပ်တွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး သက်သေအထောက်အထားတွေ မတွေ့ရဘူးဆိုတာဟာ အဓိပါယ်မရှိပါဘူး။ ဒါဟာ သီးခြားလွတ်လပ်တဲ့ အစီရင်ခံစာလုံး၀ မဟုတ်ပါဘူး။ ဘက်လိုက်မှုမရှိဘူး ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ နောက်ပြီး လုံခြုံရေးတပ်သားတွေကို စုံစမ်းစစ်ဆေးမှု လုပ်ခိုင်းလို့လည်း မရပါဘူး။ ဘယ်လို တာဝန်ယူမှုမျိုးကိုမှလည်း လုပ်မှာမဟုတ်သာ သေချာပါတယ်။ ဒါကြောင့်ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ သီးခြားလွတ်လပ်တဲ့စောင့်ကြည့်စစ်ဆေးသူတွေ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသကိုမဆို သွားရောက်ခွင့်ပြုဖို့လိုပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲ ဝင်ရောက်ခွင့်ပြုမှသာ ကျမတို့အဖွဲ့အနေနဲ့ စစ်တပ်ရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ပြည့်ပြည့်၀၀ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်နေတာဟာ ရိုဟင်ဂျာတွေကို သာမကပါဘူး။ အခြားတိုင်းရင်းသားတွေဖြစ်တဲ့ ကချင်တို့ ရှမ်းတို့ တအောင်းတို့လည်း ပါဝင်နေပါတယ်။ ဒါတွေကို ကျူးလွန်နေပေမယ့် မြန်မာစစ်တပ်က ပြစ်ဒဏ်က ကင်းလွတ်နေတာပါ။ သူတို့တွေကို စုံစမ်းစစ်ဆေးပြီး တရားဥပဒေအတိုင်း အရေးယူရပါလိမ့်မယ်။”

မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်က အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေဟာ အထောက်အကူ မဖြစ်နိုင်ကြောင်း ပြောဆိုပြီး ငြင်းဆန်ထားတာပါ။ ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကူအညီနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြောင်းလည်း မြန်မာအစိုးရက ပြောဆိုထားပေမဲ့ နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်မှုတွေလည်း ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံက အာဆီယံ အစည်းအဝေးပွဲ အတွင်းမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကပါ ရခိုင်ပြည်နယ်အရေး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ အလေးထား ပြောဆိုခဲ့ကြတာပါ။ အာဆီယံ ညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာလည်း၊ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို သွားရောက်ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရခိုင်အရေး အလေးပေး ဆွေးနွေးမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG