တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးဆွေးနွေးကြမယ့် တတိယအကြိမ်၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ နီးကပ်လာတဲ့အချိန်မှာပဲ ရှမ်းပြည်ဘက်မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာပြီး စစ်ရေးတင်းမာလာနေပါတယ်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ ရှမ်းလူထုတွေ့ဆုံတာတွေကို စစ်တပ်ဘက်က ပိတ်ပင်ဟန့်တားသလို အခုရက်ပိုင်းပြင်းထန်လာတဲ့ တကျော့ပြန် တိုက်ပွဲတွေကြောင့် ရာချီတဲ့ကျေးရွာသားတွေ ထွက်ပြေးနေကြရပါတယ်။ ရှမ်းပြည်ဘက်က စစ်ရေးအခြေအနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
လာမယ့်၂၀၁၈ ဇန်နဝါရီလနောက်ဆုံးသီတင်းပတ်မှာ ကျင်းပမယ့်၂၁ရာစု ပင်လုံတတိယအကြိမ် ညီလာခံမှာ တင်ပြဆွေးနွေးနိုင်ဖို့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ လူထုတွေ့ဆုံပွဲတွေ ကျင်းပတာကို နယ်မြေခံတပ်မတော်ဘက်က တားဆီးခဲ့သလို ဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပိတ်ပင်နေချိန်နဲ့တပြိုင်နက်တည်းမှာပဲ ရှမ်းပြည်နယ် မူဆယ်နဲ့ နမ္မတူ ဟော်နန်းဘက်မှာ တိုက်ပွဲတွေက အပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် ရွာသူရွာသား ရာနဲ့ချီပြီး စစ်ဘေးကနေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မနေ့ညနေပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် (၁၀၅) မိုင်အနီးက မိုင်းယုကျေးရွာပေါ် လက်နက်ကြီးကျည်ကျလို့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦး ပွဲချင်းပြီး သေဆုံးရသလို ကျန်ကလေးငယ်တဦးနဲ့ သက်ကြီးရွယ်အိုအဖိုးတဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး မူဆယ်ဆေးရုံမှာ အရေးပေါ်ကုသနေရပါတယ်။ လက်နက်ကြီးကျည်ကျတဲ့ မူဆယ် မိုင်းယုကျေးရွာ အနီးတဝိုက်ကမွေးမြူရေးနွားခြံပေါ်ကိုလည်း လက်နက်ကြီးကျည်တွေကျလို့ နွားအချို့သဆုံးပြီး တော်တော်များများ ဒဏ်ရာရခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာ ဟော်နားရွာဘက်ကို လက်နက်ကြီးကျည်တွေ ကျလာတဲ့အတွက် ဟော်နားကျေးရွာသား ၃၅၀ကျော် နားဟိုင်းကျေးရွာဘက်က ထွက်ပြေးနေကြရပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်မှာ စစ်ပွဲတွေ ရပ်ဖို့ အဆိုတင်သွင်းခဲ့တာ အဆိုအောင်ခဲ့ပေမဲ့လို့ အခုလို ရှမ်းပြည်နယ်ဘက်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ အပြင်းထန်ပြန်ဖြစ်လာတဲ့အခြေအနေအပေါ် ကျောက်မဲမြို့နယ် ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက အခုလိုပြောပါတယ်။
“ဒီစစ်ပွဲရပ်ဖို့ဆိုတာကတော့ ရှမ်းပြည်နယ်လွှတ်တော်မှာလည်း ကျနော်တို့ အဆိုတင်သွင်းတယ် ၊ အဆိုလည်းအောင်ခဲ့တယ်၊ ဒါပေမယ့် တကယ်တမ်းကတော့ အောက်ခြေမှာ ဖြစ်တဲ့ပြဿနာတွေကတော့ မြေပြင်မှာလည်း တိုက်နေကြတယ်ဆိုတဲ့အနေအထားကိုလည်း ကျနော်တို့က သူတို့ရဲ့ ဆိုလိုရင်း ရည်ရွယ်ချက်တွေကလည်း ဘာကိုမှန်းကို မသိတော့ဘူးလေနော်။ သို့နည်းလည်းကောင်းပဲရှမ်းအမျိုးသားအဆင့် နိုင်ငံရေး အကြိုဆွေးနွေးပွဲတောင်မှ မြို့နယ်အသီးသီးမှာ လုပ်နေတဲ့ဟာတွေတောင်မှ အခုက တပ်မတော်ကနေ ဝင်တားနေတဲ့ ကိစ္စတွေလည်းရှိနေတယ်။ ဒီနေ့ဆိုရင် ဖြစ်သွားတာက ဒီနေ့ကျောက်မဲမှာ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အကြိုလုပ်ဖို့တောင်မှ ဒီနေ့ ၂၄ ရက်နေ့ ကျောက်မဲမြို့မှာလုပ်ဖို့ ကျနော်တို့ စဉ်းစားထားတယ် ။ ဒါပေမယ့် မနေ့ကဆိုရင် ဒီဟာနဲ့ပတ်သက်ပြီးတားမြစ် ချက်တွေထွက်လာတယ်။ မနေ့က မလုပ်ဖြစ်တဲ့အကြောင်းကို ကျနော်တို့ သက်ဆိုင်ရာ ရုံးမှာလာပြီးတော့ ပြန်လည်ရှင်းလင်းတဲ့နေရာမှာတောင်မှ တပ်မတော်က ရောက်ချလာတဲ့အခြေအနေတွေအထိရှိတယ်ဗျာ။ ဒါတောင်မှ ပေးမလုပ်ချင်ဘူးဆိုတော့ ကျနော်တို့လည်း နားမလည်နိုင်တော့ပါဘူး ဒီတပ်မတော်ကို။”
၂၁ရာစုပင်လုံညီလာခံကျင်းပခါနီးလာတိုင်း တိုင်းရင်းဒေသတွေမှာ စစ်တပ်ဘက်က ထိုးစစ်တွေ ဆင်လာသလို တိုက်ပွဲတွေ အပြင်းထန်ဖြစ်လာနေသလို စစ်ပြေးဒုက္ခသည်တွေကလည်း ဒီအချိန်ဆို ထိတ်လန့်နေကြတယ်လို့ စစ်ရှောင်စခန်းတွေက စစ်ပြေးဒုက္ခသည်တွေကို လိုက်လံကူညီပေးနေတဲ့ ရှမ်းပြည် Myanmar People Alliance လူထုမဟာမိတ်အဖွဲ့က ကိုမိုးက အခုလိုပြောပါတယ်။
“၂၁ရာစုပင်လုံညီလာခံကျင်းပလိုက်တော့မယ်ဆိုရင်ကို စစ်ပွဲတွေက ပြန်ပြန်ဖြစ်လာတယ်ဆိုတာကိုက မရိုးသားမှုတွေပါနေတယ်လို့ ကျနော်မြင်တယ်။ ဒါဘယ်သူတွေ မရိုးသားဘူးလဲဆိုတာကတော့ တနိုင်ငံလုံးက ပြည်သူလူထုက သိမှာပါ ဟုတ်တယ်မလား။ အဲဒီတော့ စစ်ကိုဘယ်သူလိုလားနေတာလဲ ငြိမ်းချမ်းရေးဘယ်သူလိုလားနေတာလဲဆိုတာကတော့ ဒါတွေက ဒီနေ့ ရှမ်းပြည်မှာဖြစ်နေတဲ့ ပုံရိပ်တွေကနေပြနေမှာပါပဲ။ ငြိမ်းချမ်းရေး လူထုတွေ့ဆုံပွဲ အကြိုဆွေးနွေးပွဲတွေအတွက်ဆိုလို့ရှိရင်လည်း ဒါ တပ်ကနေပြီးတော့မှ ဘာမှ လက်နက်မရှိတဲ့နေရာတခု၊ လူထုတွေ လက်ထဲမှာ လက်နက်မရှိတဲ့နေရာတခုကို တကယ်ကို စစ်ပွဲကြီးတခုမှ စစ်ဆင်တဲ့အတိုင်း ၊ စစ်ခန်းကုန်းတွေဝင်သိမ်းနေတဲ့ပုံစံတွေအတိုင်း နေရာယူမှုတွေနဲ့ လက်နက်အပြည့်အစုံတွေနဲ့ အင်အားသုံးပြီးတော့မှ ဒီလိုတားဆီးမှုတွေဟာ တကယ်တမ်းပြောရရင်တော့ တိုင်းပြည်ပုံရိပ်လည်းဆိုးဝါးစေသလို ငြိမ်းချမ်းရေးအတွက်လည်း ယုံကြည်မှုကို တော်တော်ကို ပျက်စီးစေပါတယ်။ ဒီယုံကြည်မှုတွေပျက်တဲ့အလုပ်တွေကို လုပ်တဲ့သူကတော့ သမိုင်းတရားခံပဲ ဖြစ်မှာပါဗျ။”
ရှမ်းပြည်မြောက်ပိုင်းဘက်မှာ KIA ကချင်လက်နက်ကိုင်တပ်နဲ့ TNLA တအာင်းတပ်တို့နဲ့ မြန်မာစစ်တပ် အပြင်းထန် တိုက်ပွဲဖြစ်နေကြတာပါ။ ဒီလိုစစ်ရေးတင်းမာလာတဲ့ အခြေအနေပေါ် ရှမ်းလူထု အသက်အိုးအိမ်လုံခြုံရေးနဲ့ ဘေးမဖြစ်စေဖို့ တိုက်ပွဲတွေအမြန်ဆုံးရပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းကပြောပါတယ်။
“ဘယ်စစ်ပွဲမဆိုပေ့ါလေနော် ဒီTNLA နဲ့ တပ်မတော် မှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်တွေအားလုံးကို ကျနော်တို့ကတော့ မေတ္တာရပ်ခံချင်တာပေါ့လေ။”
ရှမ်းပြည်ဘက်မှာ ဒီနှစ်က အအေးဒဏ် ဆိုးဆိုးဝါးဝါးခံစားနေရချိန် အခုလို တိုက်ပွဲတွေဖြစ်နေတဲ့အတွက် လူမမည်ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေ အသက်လုထွက်ပြေးနေရတဲ့အတွက် သူတို့အတွက် အနွေးထည်အဝတ်စားနဲ့ စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်တယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ Myanmar People Alliance က ကိုမိုးကပြောပါတယ်။
“ ဒီနှစ်ပိုင်းမှာက ရာသီဥတုတော်တော်ကြမ်းတမ်းတဲ့အတွက် အဓိကပြောရင်တော့ ကလေးတွေနဲ့ သက်ကြီးရွယ်အို အဖိုးအဖွားအိုတွေအတွက်က ပွင့်ပွင့်လင်းလင်းပြောရင် အနွေးဓါတ်ရဖို့အရေးကြီးပါတယ်။ ပြေးပြီဆိုကတည်းကိုက ဘာတခုမှ လက်လွှတ်ပြေးကြရတာကို။ ဘာမှ သိမ်းဆည်းနိုင်ခြင်းမရှိဘူး၊ ဘာမှ ရွှေ့ပြောင်းရတာ မှ မဟုတ်တာ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့က စစ်ပွဲတွေဖြစ်လိုက် ကျနော်တို့လူထုကလည်း ကူညီလိုက်နဲ့ လူထုလည်း ပင်ပန်းနေပါပြီ။ လက်ရှိတာဝန်ယူနေတဲ့ အစိုးရကိုက ဒါတွေကို ထိထိမိမိနဲ့ ဆောင်ရွက်ပေးရမှာပါ။ တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေလုပ်လိုက် တဖက်မှာ တိုက်ပွဲတွေဖြစ်လိုက်နဲ့ ငြိမ်းချမ်းရေးက အမှန်တကယ် ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ ငြိမ်းချမ်းရေးကရော အမှန်တကယ်လိုချင်ကြရဲ့လားဆိုတဲ့ တွေးဆမှုတွေက အများကြီးဖြစ်ပေါ်လာပါတယ်။ ကျနေ်ာတို့ကတော့ အစိုးရကို ထိထိရောက်ရောက်နဲ့ စစ်ပွဲတွေရပ်ဆိုင်းဖို့လည်း တိုက်တွန်းစေချင်တယ်။ စစ်ဘေးကြောင့်မို့လို့ တိမ်းရှောင်ရတဲ့ ပြည်သူလူထုအတွက်လည်း ထိထိရောက်ရောက် ကူညီဆောင်ရွက်စေချင်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်ခင်ဗျ။”
အခုလို ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ တကျော့ပြန် ပြန် ပြင်းထန်နေချိန်မှာပဲ တတိယအကြိမ်၂၁ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ရေး ကော်မတီအဖွဲ့တွေ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့အပစ်ရပ်အဖွဲ့တွေ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအသီးသီး ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။