သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ KIO ဖားကန့်လမ်းမှာ တိုက်ပွဲဖြစ်ပွား


ကချင်လွတ်လပ်ရေးတပ်က KIA စစ်သားများ။
ကချင်လွတ်လပ်ရေးတပ်က KIA စစ်သားများ။

NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား ဒီကနေ့မနက် ကချင်ပြည်နယ်ဖါးကန့်မြို့နယ် ဖါးကန့်လမ်းမှာ တိုက်ပွဲနှစ်ကြိမ်ပြန်လည်ဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲ ကနေပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ရွာဘေးကို ကျနေခဲ့လို့ဒေသခံတွေ စိုးရိမ်မှုတွေဖြစ်ပွါးနေတယ်လို့လဲ ဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ကာလအတန်ကြာတိုက်ပွဲရပ်တန့်နေတဲ့ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ထဲမှာ ဒီကနေ့မနက်မှာ မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တာပါ။ ဒီမနက်(၇)နာရီလောက်မှာ ဖါးကန့်မြို့နယ် ဂေါင်လူရန်လမ်းအထက်နဲ့ ၁၀ နာရီလောက်မှာ နမ်ယာကျေးရွာဝန်းကျင် ကပ်မှော်ဆွတ်ရွာမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ ကပ်မှော်ဆွတ်ကျေးရွာနေ ခရစ်ယာန်သင်းအုပ်ဆရာ တဦးက ပြောပါတယ်။

"ပေါင်ကုန်နဲ့ ဖါးကန့်လမ်း ဂေါင်လူရန် တံတားညီနောင် ပေါင်ကုန်အဲဒီကြားမှာ KIAတွေကားလမ်းပေါ်ထွက်လာလို့ အဲတာဖြစ်တာပါ။ ဒီတလတောအတွင်း နဲနဲငြိမ်နေတယ်။ အခုမှ ပြန်ဖြစ်လာတဲ့ပုံဖြစ်နေတယ်။"

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေအတွက် ဒေသခံတွေ ကြောက်ရွံ့နေတယ်လို့ အဆိုပါ ကပ်မှော်ဆွတ်ခရစ်ယာန် သင်းအုပ်ဆရာကဘဲ ဆက်ပြောပါတယ်။

"ဒီမနက် လက်နက်ကြီး(၆)လုံးလောက်ထုတယ်။ ကျွန်တော်တို့ရွာဘေးမှာပေါ့နော် ရွာဘေးမှာကျတယ်တဲ့နှစ်လုံး။နည်းနည်းစိုးရိမ်မှုရှိတာပေါ့ဘာလဲဆိုတော့ လက်နက်ကြီးကသူတို့ရမ်းပစ်တယ်ဆိုတော့ နေရာမရွေးကျလာနိုင်တယ်။ အဲဒီမှာမှော်တွေလဲရှိတယ်လေ။ ရွှေမှော်ကြားထဲမှာလဲကျတယ်တဲ့။ လက်နက်ကြီးရမ်းထုတာ အဲတာဘဲကြောက်စရာ ကောင်းတာဗျ။"

ဒီလိုတိုက်ပွဲဖြစ်ပွါးမှုကြောင့် ဖါးကန့်လမ်းကြောင်းဟာ ကားအသွားအလာ ရပ်တန့်နေသလို ညနေပိုင်းလောက်မှ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိ လာတယ်လို့ သူကဆိုပါတယ်။

ဒီလိုဖြစ်ပွါးနေတဲ့တိုက်ပွဲဖြစ်စဉ်နဲ့ပက်သက်လို့ KIOကချင်လွတ်လပ်ရေးအဖွဲ့ ပြန်ကြားရေးဌာနကို ဆက်သွယ် မေးမြန်းရာမှာတော့ တာဝန်ခံဒုဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

"တပ်မတော်ဘက်က ဒီတပါတ်တောအတွင်း တော်တော်များများ စစ်ကြောင်းတွေထိုးထားတယ်ဆိုတဲ့သတင်း တွေကိုတော့ကျွန်တော်တို့ကြားပါတယ်။ ဆိုတော့ဖြစ်မှာပါ။ လှုပ်ရှားတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်မယ်လို့ ကျွန်တော် ထင်မိပါတယ်။"

ဒီတိုက်ပွဲဖြစ်အတွင်းနှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးသလို မြန်မာ့တပ်မတော်ဘက်က လည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ကချင်လွတ်လပ်ရေးအဖွဲ့KIOဟာ မြန်မာအစိုးရနဲ့NCAအပစ်ရပ် လက်မှတ်မရေးထိုးနိုင်သေးသလို ၂၀၁၁ခုနှစ် ကတည်းကစပြီး မြန်မာ့တပ်မတော်နဲ့တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွါးလာနေခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွါးရာဒေသက ဒေသခံတသိန်းကျော်ဟာ မြစ်ကြီးနား ဝိုင်းမော် မံစီမြို့နယ်နဲ့ KIOဌာနချုပ်ဝန်းကျင် တရုတ်နယ်စပ်တွေဖက်မှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

လက်ရှိမှာ KIOထိမ်းချုပ်နယ်မြေနဲ့တရုတ်နယ်စပ်ဘက်မှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အကူညီပို့ဆောင်ဖို့ အစိုးရကနေ ပိတ်ပင်ထားတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောပါ တယ်။

"တနိုင်းလမ်းဘက်တို့ ဗန်းမော်လမ်းဘက်တို့ ဆွမ်ပရာဘွမ်လမ်းဘက် အဲဒီတပ်ဖက်ကတော့ခွင့်ပြုမိန့်မပေးထားဘူးဗျ။ လုံခြုံရေးအရသူတို့ပိတ်ပင်ထားတာရှိတယ်။ ပံ့ပိုးတဲ့ဟာတွေလဲဘဲခွင့်မပြုဘူးဆိုတော့ သူတို့မှာအခက်ခဲတော့ အများကြီးရှိတယ်။ နီးစပ်ရာနယ်စပ်ဒေသတလျှာက်လုံးမှာကျတော့ KIOအဖွဲ့ကနေပြီးတော့မှ သူတို့စောင့်ရှောက်ထား တယ်လို့တော့သိရတယ်။ လောလောဆယ်ကတော့။"

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို အစိုးရက သွားလာခွင့် ကန့်သတ်ထားတဲ့အတွက် အကူအညီပေးရေး လုပ်ငန်းဆောင်ရွက်ရာမှာ အခက်အခဲကြုံနေရတယ်လို့ UNOCHA ရဲ့ အောက်တိုဘာ (၃)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ ၂၀၁၇ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်အဖြစ်သတ် မှတ်ပြီး ၂၁ရာစုပင်လုံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုနှစ်ကြိမ်တိုင်တိုင်ကျင်းပခဲ့ပေမဲ့လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာရှေ့ကို မတက်လှမ်းနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။

လက်ရှိ ကချင်ပြည်နယ် ရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စစ်ရေး တင်းမာနေဆဲဖြစ်သလို တိုက်ပွဲတွေကြောင့် ဒေသခံတွေကလဲ စစ်ဘေးလွတ်ရာကို စစ်ပြေးဒုက္ခသည်အဖြစ်တိမ်းရှောင် နေရဆဲအခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG