သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCAလက်မှတ်ထိုးအဖွဲ့တတိယပင်လုံအတွက် ကြိုတင်ပြင်ဆင်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကနေဦးဆောင်ကျင်းပမဲ့(၂၁) ရာစု ပင်လုံ တတိယအစည်းအဝေးမှာ ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင်ဆွေးနွေးနိုင်ဖို့ အပစ်ရပ်NCAလက်မှတ်ရေးထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ ကနေ ထိုင်းနိုင်ငံမှာ အစည်းဝေးကျင်းပခဲ့တာပါ။ အပစ်ရပ်အဖွဲ့(၈)ဖွဲ့အနေနဲ့ NCAလမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲကိုတက်လှမ်းသွားမှာဖြစ်တယ်လို့လဲ အပစ်ရပ်ခေါင်းဆောင်တွေကပြောပါတယ်။ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေအခုလိုသတင်းပေးပို့ ထားပါတယ်။

အပစ်ရပ်NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့ကနေ လာမဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ကျင်းပခဲ့တာ ဒီကနေ့ ပါဆို (၂)ရက်ရှိပြီးဖြစ်ပါတယ်။

ဒီကနေ့အစည်းဝေးရဲ့အခြေအနေကိုတော့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌခွန်မြင့်ထွန်းက အခုလိုပြော ပါတယ်။

"ကျွန်တော်တို့အဓိက ဒီကနေ့ဆွေးနွေးတာကတော့ တတိယပင်လုံအစည်းဝေးတက်ဖို့ ကျွန်တော်တို့ကြိုတင်ပြင်ဆင်မှု ကိစ္စတွေ အဓိကထားပြီးဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်တို့ဘက်ကဆွေးနွေးဖို့အတွက် ကဏ္ဍအလိုက်ကြိုတင်ပြင်ဆင် စရာရှိတာတွေ ကျွန်တော်တို့ပြင်ဆင်မှာဖြစ်ပါတယ်။"

အပစ်ရပ် NCA-S EAOအဖွဲ့တွေကနေ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာတင်ပြမယ့်ကဏ္ဍကြီး (၅) ခုဖြစ်တဲ့ နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍနဲ့ လုံခြုံရေး ကဏ္ဍ တို့ကို အသေးစိတ် ပြန်လည် ဆွေးနွေးသွားမယ်လို့သူကပြောပါတယ်။

အပစ်ရပ်အဖွဲ့(၈)ဖွဲ့အနေနဲ့ NCAလမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲကိုတက်လှမ်းသွားမှာဖြစ်ပြီး လက်ရှိမြန်မာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့အဖွဲ့တွေဟာ မိမိတို့ကိုင်ဆွဲတဲ့ နိုင်ငံရေးအယူအဆနဲ့သက်ဆိုင်နေတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ဆီကတော့ NCA မှာ ပါဝင်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေဆက်ပြီးမှသွားနိုင်ရေးကတော့ အဓိကအကျဆုံး အခြေခံအချက်တချက်ဖြစ်ပါတယ်။ NCAလမ်းကြောင်းအတိုင်းပေါ့ ရပ်တည်ပြီးတော့ ကျွန်တော်တို့သွားကြမယ်။ ကျွန်တော် တို့ အခုလက်မှတ်ရေးထိုးထားတဲ့အဖွဲ့(၈)ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ရဲ့ သဘောထားဖြစ်ပါတယ်။ အချို့သောသဘောထားတွေ ကတော့ NCAလမ်းကြောင်းဟာအလုပ်မဖြစ်ဘူး။ NCAမဟုတ်တဲ့အခြားလမ်းကြောင်းကသွားမယ်အယူအဆ။ ဒီနေ့တိုက်ပွဲ တွေဖြစ်ပျက်နေတဲ့အခြေအနေတွေကလဲ မိမိတို့ကိုင်ဆွဲတဲ့နိုင်ငံရေးအယူအဆတွေအခြေအနေတွေနဲ့သက်ဆိုင်တယ်လို့ ကျွန်တော်တို့ကတော့မြင်ပါတယ်။"

မြန်မာငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ အဖွဲ့(၈)ဖွဲ့နဲ့သာ NCAလက်မှတ်ရေးထိုးနိုင်ပြီး ကျန်ရှိတဲ့တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးနိုင်သေးသလို ကချင်ပြည်နယ် ရှမ်းပြည်နယ် ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲ တွေဆက်တိုက်ဆိုသလိုဖြစ်ပွါးလာနေခဲ့တာပါ။

NCAလမ်းကြောင်းမှာ အားနဲချက်တွေရှိနေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အတူတကွလက်တွဲပြီး အချိန်ယူပြင်ဆင်ဖို့လိုတယ်တယ်လို့ ခွန်မြင့်ထွန်းက တိုက်တွန်းထားပါတယ်။

လက်ရှိမြန်မာ့တပ်မတော်နဲ့ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးပဋိပက္ခဖြစ်ပွါးနေပေမဲ့ လာမဲ့ဇန်နဝါရီလကုန်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ခေါ်(၂၁) ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးကျင်းပ သွားမှာဖြစ်ပါတယ်။

လာမဲ့နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အားကောင်းတဲ့ပြင်ဆင်မှုတွေ လုပ်ကြဖို့လည်း KNU ကရင်အမျိုးသား အစည်း အရုံး ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုးက အစည်းအဝေးဖွင့်ပွဲမှာတိုက်တွန်းထားပါတယ်။

"မှန်ကန်ပြီးတရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ ဆွေးနွေးရမဲ့အကြောင်းအရာတွေကို ပြင် ဆင်ရမဲ့အပိုင်းမှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်မူစနစ်ကိုဖေါ်ညွှန်းတဲ့အခြေခံမူတွေကို တင်ပြထားဖို့။ လက်တွေ့ကာလနဲ့ အနာ ဂတ်မှာလဲ ပြုပြင်ဖို့လိုအပ်နေတဲ့ အကြောင်းအရာတွေကို တင်ပြဆွေးနွေးသွားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့(၈)ဖွဲ့ရဲ့ မတူကွဲပြားမှုကနေ ဘုံသဘောထားယူပြီးမှ တဘက်ကဆွေးနွေးဖက်တွေနဲ့ ညှိနှိုင်းမှုလုပ်ဆောင်ရန် အောင်မြင်ချင်တယ် ဆိုရင် ပြင်ဆင်မှုကောင်းကောင်းနဲ့ အချိန်ယူဖို့တင်မကဘဲ ဆွေးနွေးညှိနှိုင်းမှုအတတ်ပညာရှိရမှာဖြစ်ပါတယ်။"

NCAအပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ ခေါင်းဆောင်တွေကနေ ဒီဇင်ဘာ ၁၄ရက်ကနေ ၁၈ ရက်အထိ အစည်း အဝေး ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်DKBA တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်PNLO ရခိုင်ပြည်လွတ်မြောက်ရေးပါတီALP မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့ အဖွဲ့တို့ဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလ(၁၅)ရက်မှာ NCA အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG