အရပ်သားအစိုးရလက်ထက်ငြိမ်းချမ်းရေး အခြေအနေဟာ အတော်လေးကို စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်နေပြီလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်ကြား အပစ်ရပ်စဲနိုင်ဖို့ ဖော်ဆောင်နေချိန်မှာပဲ တိုင်းရင်းဒေသအချို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။ အပစ်မရပ်ရသေးတဲ့ အဖွဲ့တွေ ဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တစ်ဆို့နေတဲ့အချက်တွေကို ညှိနှိုင်းရဦးမယ့် အနေအထား ဖြစ်တယ်လို့ပြောသလို အပစ်ရပ်အဖွဲ့တွေဘက်ကလည်း အရေးပေါ် အစည်းအဝေးခေါ်ဖို့ စီစဉ်နေပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။
မကြာခင် တတိယအကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံ ကျင်းပတော့မယ့်အချိန်မှာပဲ ရှမ်းမြောက်နဲ့ ကချင် နောက် ကရင်ပြည်နယ်စတဲ့ တိုင်းရင်းဒေသတွေမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေပါတယ်။ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင် KIA လက်နက်ကိုင်တပ်၊ တအာင်းပလောင်တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေသလို အပစ်ရပ်လက်မှတ်ထိုးပြီးသားအဖွဲ့ဖြစ်တဲ့ RCSS-SSA တောင်ပိုင်းတပ်ဖွဲ့တွေနဲ့လည်း ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်နဲ့ မိုင်းပျဉ်းမြို့နယ်တွေအတွင်းမှာ တိုက်ပွဲဖြစ်နေပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသဘက်နဲ့ ဟတ်ကြီး ရေကာတာအနီးမှာ အစိုးရရဲ့ နယ်ခြားစောင့်တပ် BGF တပ်၊ KNU ကရင်အမျိုးသားအစည်းအရုံးကတပ် နဲ့ မြန်မာတပ်မတော်တို့ ၃ဖွဲ့ပူးပေါင်းပြီး (DKBA) တပ်တွေ ရှိတဲ့ မဲသဝေါဒေသကို လက်နက် ကြီးနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင်နေပါတယ်။ တချိန်တည်းမှာပဲ အပစ်ရပ်လက်မှတ်ထိုးထားပြီးသား အဖွဲ့(၈)ဖွဲ့ဘက်ကလည်း လက်ရှိ ငြိမ်းချမ်းရေး အခြေအနေနဲ့ပတ်သက်ပြီး ဒီသီတင်းပတ်ထဲမှာပဲ အရေးပေါ်အစည်းအဝေးခေါ်ယူဖို့ပြင်နေပါတယ်။
အခုလို NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် စစ်ရေးပဋိပက္ခတွေ တင်းမာလာနေတဲ့အခြေအနေဟာ အတော်လေးကို စိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်လာနေတယ်လို့ မြန်မာ့ငြိမ်းချမ်းရေးလေ့လာအကဲခတ်သူတွေကဆိုပါတယ်။
ကချင်ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက တာဝန်ရှိသူတွေဖြစ်တဲ့ တပ်မတော်၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကြား ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ အခုလိုအခြေအနေမှာ အရေးပေါ်တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ အပြန်အလှန်ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပါတယ်။
"အဲဒီမှာ ဘာလိုအပ်သလဲဆိုရင် ကျနော်တို့က ဒါအဓိကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ၂ ဖက် ပုဂ္ဂိုလ်တွေ ပေါ့ဗျာ ရိုးသားဖြောင့်မတ်မှု ၊ စိတ်ကောင်းစေတနာရှိမှု ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်ရှိမှု ဒါတွေလိုအပ်တယ်။ ဒါတွေရှိမှသာ အပြန်အလှန်ညှိနှိုင်းတဲ့အပေါ်မှာလည်း အဖြေကောင်းတွေထွက်လာမယ်။ ယုံကြည်မှုလည်း ပိုမိုတည်ဆောက်လာနိုင်တယ် ပြီးတဲ့အခါကျတော့ ဒီလူ ပုဂ္ဂိုလ်တွေ အဓိကတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့ စိတ်နေစိတ်ထားတွေ၊ လုပ်ရပ်တွေကို ငြိမ်းချမ်းရေးနဲ့ ကိုက်ညီအောင် ၊ ပြုပြင်ပြောင်းလဲရေး ပုံစံပေါ်အောင် ပြုပြင်ဖို့ ဒါကအဓိကအကျဆုံးလို့ မြင်တယ်ခင်ဗျ။ ဒါကိုမလုပ်နိုင်ဘူးဆိုရင်တော့ သူ့ရဲ့စိန်ခေါ်မှုတွေ တခုပြီးတခု ပေါ်ထွက်လာမယ် နောက်ပြီးတော့ ငြိမ်းချမ်းရေးလမ်းကြောင်းကလည်း နှေးကွေးနေဦးမယ်လို့ ကျနော်ယူဆတယ်။ ရပ်တန့်မသွားသည့်တိုင်အောင်နှေးကွေးသွားတယ်ဆိုရင်လည်း မကောင်းပါဘူး။ အဲဒီတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပြီးတော့ ညှိညှိနှိုင်းနှိုင်းလုပ်မှ သွားနိုင်မယ်လို့ ယူဆပါတယ်။"
အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဘက် ကျောက်မဲ မြို့နယ်အတွင်း တိုက်ပွဲတွေက အတော်လေးပြင်းထန်နေတဲ့အတွက် စစ်ပြေးဒုက္ခသည်ထောင်နဲ့ချီ ထွက်ပြေးနေကြရပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်ရဲ့ ကျောက်မဲမြို့နယ်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ စိုင်းထွန်းဝင်းက နှစ်ဘက်တိုက်ပွဲတွေအမြန်ဆုံးရပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
"တိုက်ပွဲကတော့ မနေကထိကို ထပ်ဖြစ်နေသေးတယ်။ TNLAတွေနဲ့ တပ်မတော်နဲ့ ဖြစ်နေတာပေါ့ အကြံပြုချင်တာကတော့ ၂၁ ပင်လုံကျင်းပဖို့ရှိနေတဲ့အချိန်မှာ ဘယ်တပ်ဖွဲ့ အဖွဲ့အစည်းမဆိုပေါ့လေ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေးကို အဓိက ကြည့်ရှုစေချင်တာပေါ့လေ။"
အခုလို နိုင်ငံတဝှမ်းမှာ အကြမ်းဖက်ပဋိပက္ခကြောင့် အိမ်နီးချင်းနိုင်ငံဘက်ခြမ်း ဒုက္ခသည်တွေ သိန်းချီပြေးရတာ ပြည်တွင်းမှာပဲ စစ်ကြောင့်ပြေးရတာစတဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေရဲ့ အနေအထား၊ ပြည်သူလူထုရဲ့ လုံခြုံရေးက အာမခံချက်မပေးနိုင်တဲ့ အခုလက်ရှိမြန်မာ့ငြိမ်းချမ်းရေး အခြေအနေဟာ အတော်လေးကို စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေပြီလည်း လူ့အခွင့်အရေးရှေ့နေကြီး ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။
"တစ်အချက် လက်ရှိအခြေအနေက တော်တော်ဆိုးတယ်လို့ ပြောရမှာပဲ။ ဒါအတော်ဆိုးတယ်လို့ ပြောတာတောင်မှ လက်ရှိအခြေအနေလို့ ပြောရင် ဒါအခုက အရပ်သားအစိုးရဖြစ်နေပြီ၊ အရပ်သားအစိုးရမဟုတ်တဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်လက်ထပ်တုန်းကလည်း သမ္မတက အပစ်ရပ်တယ် ၊ တပ်က အပစ်မရပ်ဘူးလေ။ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် ငြိမ်းချမ်းရေးတွေက ဆွေးနွေးနေတယ် အဲဒီအနေအထားကို ဖြစ်ခဲ့တာ။ အခုလည်း ဖြစ်တဲ့အခြေအနေတွေက လက်မှတ်မထိုးတဲ့ အဖွဲ့တွေရော RCSS တွေနဲ့လည်း ပြဿနာတွေရှိတယ်။ ဘာကြောင့်လဲလို့တော့မသိဘူးပေါ့နော် အမျိုးသားအဆင့်ဆွေးနွေးပွဲတွေ ဟိုနေရာမလုပ်ရဘူး ဒီအဟန့်အတားတွေဖြစ်နေတော့ ငြိမ်းချမ်းရေးက တော်တော်အလှမ်းဝေးနေတယ်လို့ လက်ရှိအခြေအနေအရ ပြောရမှာပေါ့နော်။ ဒီငြိမ်းချမ်းရေးကို ဆွေးနွေးတဲ့လမ်းမှ မလုပ်ရင် ဘယ်လမ်းနဲ့မှ သွားစရာမရှိဘူး။ လက်နက်ကိုင်တိုက်လာတာ နှစ် ၆၀ ကျော်နေပြီလေ။ စစ်တပ်ကလည်း လက်နက်ကိုင်တဲ့လူကို အကုန်ပြုတ်အောင်မချေမှုန်းနိုင်ဘူး။ ပိုတိုးတောင်လာသေးတယ်။ အဲလိုပဲ တဖက်က လက်နက်ကိုင်အင်အားစုတွေလည်း သူတို့ နိုင်အောင်မတိုက်နိုင်ဘူး ဒီစစ်ပွဲအဖြေမထွက်ဘူး။"
မကြာခင်ကျင်းပနိုင်ခြေရှိတဲ့ တတိယအကြိမ် ၂၁ရာစုပင်လုံညီလာခံကို အပစ်ရပ်ပြီးသားအဖွဲ့တချို့ဘက်က တက်ရောက်ဖို့ မသေချာတော့သလို ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကျင်းပမယ်လို့ကြေညာထားတဲ့ ၂၁ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးကလည်း မရေမရာအခြေအနေမှာရှိနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။