သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ခုနှစ်မှာ မြန်မ့ာငြိမ်းချမ်းရေး အားလျော့နိုင်ဟု ဆရာစံဇာဏီဘို ဟောကိန်းထုတ်


၂၀၁၈ခုနှစ်မှာ မြန်မာပြည်တွင်းငြိမ်းချမ်းရေးအားလျော့နည်းလာနိုင်တယ်လို့ နက္ခတ္တဗေဒပညာရှင် ဆရာစံဇာဏီဘိုက ကြိုတင်ဟောကိန်း ထုတ်လိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် မြန်မာပြည်သူတွေအနေနဲ့ ဦးဆောင်သူ ခေါင်းဆောင်ရဲ့နောက်ကိုသာ လိုက်နာကျင့်သုံးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ရက်ပိုင်းအတွင်း ကူးပြောင်းတော့မယ့် ၂၀၁၈ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ၊စီးပွားရေး၊လူမှုရေးအပါအဝင် ရာသီဥတုအခြေအနေတွေနဲ့ ပက်သက်ပီးတော့လည်း ဆရာစံဇာဏီဘိုက ဘယ်လိုဟောကိန်းထုတ်ထားသလဲဆိုတာကို ကိုကောင်းစံဟိန်းက ပြောပြထားပါတယ်။

မကြာခင်ကူးပြောင်းတော့မယ့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပက်သက်ပြီးအားလျော့နိုင်င်တာတွေ ပဋိပက္ခတွေ ဖြစ်လာနိုင်တာမို့ ပြည်သူပြည်သားတွေအနေနဲ့ ဦးဆောင်သူ ခေါင်းဆောင်ရဲ့နောက်ကိုသင့်တယ်လို့ နက္ခတ္တဗေဒပညာရှင် ဆရာစံဇာဏီဘိုက ကြိုတင်ဟောကိန်းထုတ်လိုက်ပါတယ်။ လာမယ့်နှစ်သစ်မှာ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ ထူးခြားတဲ့ အပြောင်းအလဲတွေကို ဗေဒင်ပညာရပ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံပြည်သူလူထုကြားထဲမှာ ယုံကြည်လေးစားမှုခံရတဲ့ ဆရာစံဇာဏီဘိုက ခုလိုပြောပါတယ်။

"၂၀၁၈ က မြန်မာနိုင်ငံမှာ ထူးခြားတဲ့အနေအထားလေး ၂ နေရာရှိတယ်။ ၁ က ဖေဖော်ဝါရီ ၁၉ နဲ့ မတ် ၂၀ ကြားမှာ တခု၊ နောက်တခုက ဇူလိုင် ၂၁ နဲ့ သြဂုတ် ၂၀ ကြားမှာ တခု အဲဒီပြည်တွင်းငြိမ်းချမ်းမှုနဲ့ ပတ်သက်တာ အနည်းငယ် ယို့ယွင်းနိုင်တယ် ၊ နောက်တခါ ပဋိပက္ခလေးတွေ ရှိတာတွေရှိတယ်။ အဓိက မြန်မာနိုင်ငံတခုလုံးအနေနဲ့ ငြိမ်းချမ်းရေး မပျက်ပြားဖို့နဲ့ တယောက်နဲ့ တယောက် နားလည်မှု ပိုမိုရရှိဖို့နဲ့ မေတ္တာထားဖို့ပါပဲ။ အဲဒါ ၂၀၁၈ရဲ့ အဓိက သော့ချက် လူသားတွေ ရင်ထဲမှာ မြန်မာနိုင်ငံက ကောင်းတဲ့ဘက်ကို ဦးတည်နေပြီ ကောင်းတဲ့ မျှော်လင့်ချက်တွေရှိနေပြီ ၊ တောင့်ခံထားရမယ်၊ တယောက်နဲ့ တယောက် မေတ္တာထားရမယ် ၊ စည်းရုံးရေးမပျက်ပဲ ဦးဆောင်သူနောက်ကိုသာ ပိုင်ပိုင်နိုင်နိုင်ရှေ့တိုးသွားဖို့အတွက်ကိုသာ လိုအပ်တယ်။ ဒါက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပဲ။"

နိုင်ငံအုပ်ချုပ်မှုပိုင်းနဲ့ပတ်သက်လို့လည်း ဆရာစံဇာဏီဘိုက အခုလို ဟောကိန်းထုတ်ပါတယ်။

"အုပ်ချုပ်သူအပြောင်းအလဲကတော့ မရှိပါဘူး။ အုပ်ချုပ်တဲ့သူမှာ သမ္မတအပြောင်းအလဲတို့ဖြစ်နိုင်တယ်တို့ကတော့ ကျနော်တို့အမြင်မှာတော့ လုံးဝမရှိဘူး။ ဒီ အုပ်ချုပ်သူအနေအထားနဲ့ပဲ ဆက်သွားမယ်။ အစိုးရအဖွဲ့အစည်းအတွင်းမှာတော့ အပြောင်းအလဲတွေတော့ ရှိနိုင်တာမှန်တယ်၊ သမ္မတအဆင့်တော့မရှိဘူး ဝန်ကြီးအဆင့်ပဲ အပြောင်းအလဲရှိမယ်။ စီးပွားရေးကတော့ ပိုမိုပြီးတော့ ကောင်းလာဖို့တော့ အနေအထားတော့ရှိတယ်။ တဦးချင်း ဝင်ငွေ တက်လာနိုင်တယ်။ နောက်ကုန်သွယ်မှု စီးပွားရေးကောင်းလာနိုင်တယ်၊ နိုင်ငံခြားအဆက်အသွယ် ကုန်သွယ်မှုလည်း အားကောင်းလာနိုင်ပါတယ်။"

လာမယ့်၂၀၁၈ခုနှစ်အတွင်း နေကြတ်တာတွေ၊ လကြတ်တာတွေ အကြိမ်ရေများစွာဖြစ်ပေါ်ခြင်းဟာဆိုရင် တိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဖူးလို့လည်းသူက သတိပေးထားပါတယ်။ရာသီဥတုအပြောင်းအလဲ၊သဘာဝဘေးအန္တရာယ်တွေကိုလည်း ပြည်သူတွေ ကြိုတင်သတိထားသင့်တယ်လို့ ပြောပါတယ်။

"မြန်မာလ တလတည်းမှာ ဒါတွေဖြစ်တာတွေက တိုင်းပြည်အတွက်တော့ နည်းနည်းသိပ်တော့မကောင်းဘူး။ ရေကြီးတဲ့ ပြဿနာတွေတော့ရှိတယ်။ နောက်မြန်မာ့ရိုးရာအယူအဆအရ သိကြားမင်းက မီးတုတ်ကိုင်ဆင်းတယ်ဆိုတာ မီးတုတ်က အန္တရာယ်ရှိနိုင်တယ်။ ရေဘေးကတော့ ပိုပြီးတော့ သတိထားရမယ်၊ ငလျင်ဘေးအန္တရာယ်ကတော့ နည်းနည်း ဂရုစိုက်ရမယ်။"

နက္ခတ္တဗေဒပညာရှင် ဆရာစံဇာဏီဘိုရဲ့ ၂၀၁၈ ခုနှစ်အတွက် ကြိုတင် ဟောကြားချက်တွေဖြစ်ပါတယ်။ ကူးပြောင်းတော့မယ့် နှစ်သစ်မှာ ဗွီအိုအေသောတရှင်တွေ ကျန်းမာ ရွှင်လန်းကြဖို့ ဗွီအိုအေမိသားစုက နှစ်သစ်ဆုတောင်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG