သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNPP သုံးဦး သတ်ခံရတဲ့ကိစ္စ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမည်


 KNPP သုံးဦး သတ်ခံရ (Credit to KNPP)
KNPP သုံးဦး သတ်ခံရ (Credit to KNPP)

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ တပ်ဖွဲ့ဝင် (၃)ဦးနဲ့ရွာသားတဦးကို မြန်မာ့တပ်မတော်တပ်ဖွဲ့တွေကနေ သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲချက်တင်ထားမှုနဲ့ ပက်သက်လို့ ပြည်ထောင်စုအစိုးရ အဆင့် စုံစမ်းစစ်ဆေးသွားမယ်လို့ ကယားပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူ တွေကပြောပါတယ်။ ဒီလိုသေဆုံးမှုဖြစ်စဉ်နဲ့ပက်သက်လို့ တရားမျှတမှု ဖော်ဆောင်ပေးဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFCအဖွဲ့ကနေတောင်းဆိုခဲ့ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်ကနေ နယ်မြေရှင်းလင်းရာမှာ သေဆုံးခဲ့သော KNPP အဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့ရဲ့ ဖြစ်စဉ် အခြေအနေမှန် ပေါ်ပေါက်စေရေးအတွက် ပြည်ထောင်စုအစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအနေနဲ့ အကောင်းဆုံးနည်းနဲ့ဖြေရှင်းသွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

"အခုဖြစ်တဲ့ဟာကို အကောင်းဆုံးနည်းဖြစ်အောင်ဖြေရှင်း မယ်ပေါ့နော်။ နောက်ပြဿနာမဖြစ်အောင် လုပ်မယ်ပေါ့နော်။ ကျွန်တော်ငြိမ်းချမ်းရေး ဘဲရချင်တယ်ပေါ့နော်။ လက်နက်ကိုင်ထပ်ပြီး ဆက်မဖြစ်ချင်ဘူးလေနော်။ ငြိမ်းချမ်းရေးလဲ မပျက်စေချင်ဘူး။"

ကယားပြည်နယ်အစိုးရအနေနဲ့ နှစ်ဖက်တင်ပြတိုင်ကြားချက် နဲ့ဒေသအတွင်းရရှိတဲ့သတင်းအချက် အလက်အပေါ် ပြည် ထောင်စုအစိုးရကိုတင်ပြထားတယ်လို့ ဝန်ကြီး ဦးတီရယ်ကဆိုပါတယ်။

သေဆုံးခဲ့သူ(၄)ဦးရဲ့မိသားစုဝင်တွေအတွက် ကယားပြည်နယ်အစိုးရအဖွဲ့ကနေ ဒီနေ့မှာ ငွေကျပ် ၅ သိန်းစီထောက်ပံ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၉)ရက်နေ့က လွိုင်ကော်မြို့နယ် ပါလောင်းကျေးရွာ နဲ့ ဒေါ တခြားကျေးရွာ အကြား KNPP ရဲ့ ၇ မိုင် ယာယီစစ်ဆေးရေးကင်းစခန်းအဖွဲ့က တပ်မတော်အဖွဲ့ကသယ်ဆောင်လာတဲ့သစ်ကားကို စီစစ်ခဲ့တာကြောင့် နောက် တနေ့မှာတပ်မတော်အဖွဲ့ကနေ KNPP ဂိတ်စခမ်းရဲဘော်တွေကိုဖမ်းဆီးခဲ့ပြီး သေဆုံးမှုအထိဖြစ်ပွါးလာတာပါ။

ဒီဖြစ်စဉ်မှာ KNPPတပ်ဖွင့်ဝင်(၃)ဦးနဲ့ ရွာသားတဦးသေဆုံးသွားခဲ့သလို တပ်ဖွ့ဲဝင် တဦး ထွက်ပြေး လွတ်မြောက်သွားခဲ့ ပါတယ်။

လွတ်မြောက်သွားတဲ့တပ်ဖွဲ့ဝင်ရဲ့ကြုံတွေ့ရတဲ့ဖြစ်စဉ်ကိုတော့ KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က အခုလိုပြောပါတယ်။

"အခင်းဖြစ်ပွါးခဲ့တဲ့(၁၉)ရက်နေ့ သူတို့စစ်ယာဉ်တန်းတွေသစ်သယ်လာတော့ သူတို့စစ်ဆေးတယ်။ စစ်ဆေးပြီးမှ နောက်တရက် အဝိုင်းခံရတဲ့အချိန်မှာ ဘာမှပြန်မလုပ်ပါနဲ့။ အေးဆေးဘဲ လက်ခံတွေ့ဆုံဖြေရှင်းဖို့ပေါ့၊ အဲဒီလိုပြောတဲ့အချိန်မှာ လက်နက်ဘယ်နှစ်လက်ရှိလဲ အဲဒီလိုမေးပြီးတော့မှ လက်နက်ကိုသူတို့ ကျည်ကပ်တို့ဘာတို့သူဖြုတ်ပြီးမှ မင်းတို့ ယူနီ ဖေါင်းဝတ်။ ဓါတ်ပုံရိုက်မယ်ပေါ့ အဲဒီလိုပြောတယ်။ ဓါတ်ပုံရိုက်တဲ့အချိန် ဓါတ်ပုံမရိုက်ဘဲနဲ့Auto ပစ်ထဲ့လိုက်တယ်လေ။ အဲဒီမှာကျွန်တော်တို့ရဲဘော်တယောက်က သူခုန်ပြေးပြီးမှလွတ်သွားတာပေါ့။ အဲတာသူ ကျွန်တော်တို့ဆီ ပြန်ရောက် ပါပြီ။ ဒါပေမဲ့လုံခြုံတဲ့နေရာမှာထားထားပါတယ်။"

တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရွာသား ၁ ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ နိုင်ငံတကာဥပဒေ ပညာရှင်တွေပါဝင်တဲ့ ခုံရုံးတစ်ခု ဖွဲ့စည်းပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ KNPP ဘက်က ဒီလ(၂၂)ရက်နေ့မှာတောင်းဆိုထားပါတယ်။

ဒါပေမဲ့ လွိုင်ကော်အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အနေနဲ့ကတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

KNPPတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦးတို့ကို အစိုးရတပ်မတော်ဘက်က ဖမ်းဆီးသတ်ဖြတ်ခံခဲ့တာနဲ့ ပတ်သက်လို့ အမှန်တရားကိုဖော်ဆောင်ပေးဖို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကနေတောင်း ဆိုခဲ့တယ်လို့ အဖွဲ့ ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော် ကပြောပါတယ်။

"အဓိကမြေပြင်မှာဖြစ်ပွါးတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ကြည့်တဲ့အခါမှာ KNPPရဲ့ တပ်ဖွဲ့ဝင်(၃)ဦး နဲ့ အရပ်သား တဦးပါဝင်တာကိုတွေ့ရပါတယ်။ နောက်ပြီးတော့မှ ကျူးလွန်ခဲ့တဲ့ အစိုးရတပ်မတော် ဘက်က လုပ်သွားတဲ့လုပ်ရပ်ကလဲ တရားမဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်။ KNPPနဲ့သက်ဆိုင်ရာဒေသ လွိုင်ကော် ဒ.က.စ တို့ကြားမှာတော့ အပြန်အလှန် စွပ်စွဲ ပြစ်တင်နေတာတွေ ကာကွယ်ပြောဆိုနေတာတွေတွေ့ ရတယ်။ အမှန်တရားမဖေါ်ဆောင်နိုင်ဘူးဆိုရင် ဒီကိစ္စက အဖုအထစ်ကြောင့်ဘဲ ဒီကျွန်တော်တို့ ရရှိထားတဲ့ယုံကြည်မှုကို ထိခိုက်နိုင်တယ် ပေါ့လေ။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး လုပ် ငန်းစဉ် အကောင်အထည်ဖေါ်ဖို့ဆောင်ရွက်ဖို့မှာလဲဘဲ နှောက်နှေးကြန့်ကြာမှုတွေဖြစ်နိုင် တယ်ပေါ့။ ဖြစ်သွားတဲ့ကိစ္စ အပေါ်မှာ အမှန်တရားပေါ်ပေါက်ရေးအတွက် ဒီကျူးလွန်ခဲ့တဲ့ကာယကံရှင် အစိုးရတပ်မတော်ဘက်က ပွင့်လင်းမြင်သာ မှုရှိစွာနဲ့ပေါ့နော် ဖေါ်ဆောင်ပေးဖို့။ လိုအပ်တဲ့စုံစမ်းစစ်ဆေးရေးတွေလုပ်ပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့အဲတာ ထောက်ပြတဲ့ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်ပါတယ်။"

KNPP ဟာ UNFCအဖွဲ့ဝင်တဖွဲ့ဖြစ်နေသလို လက်ရှိမြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ် ထိုးနိုင်ရေးအချက်တွေဆွေးနွေးနေဆဲဖြစ်ပါတယ်။

UNFC အဖွဲ့အနေနဲ့ မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ နောက်ဆုံးတွေ့ဆုံမှုမှာ မပြေလည်သေးတဲ့ စကားလုံးအသုံးနှုန်း ကြောင့် ပြီးပြတ်မှုမရှိသေးလို့နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်ချနိုင်တဲ့အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့တွေ့ဆုံနိုင်ဖို့ကြိုးစားနေဆဲလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG