သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ


၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကြိမ်ဆွေးနွေးပွဲ (myanmar state counsellor office)
၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကြိမ်ဆွေးနွေးပွဲ (myanmar state counsellor office)

၂၀၁၈ ခုနှစ် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရင် လာမယ့်နှစ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပိုမိုတိုးတက်လာနိုင်တယ်လို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ ၂၀၁၇မှာ ကြုံတွေရတဲ့အခြေအနေကို သင်ခန်းစာယူပြောင်းလဲနိုင်မှသာ အလားအလာကောင်းနိုင်မယ်လို့ ယူဆကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၈ခုနှစ် နှစ်၇၀ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်တွေကို အစိုးရက ထုတ်ပြန်ထားရာမှာ ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ငြိမ်းချမ်းရေးပန်းတိုင်ရောက်ရှိအောင် တိုင်းရင်းသားအားလုံးက နိုင်ငံတော်နဲ့ ပူးပေါင်းပါဝင်ဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က နာယက ဗိုလ်မှုးကြီးခွန်ဥက္ကာက ၂၀၁၈ခုနှစ် ငြိမ်းချမ်းရေးအလားအလာကို အခုလို သုံးသပ်ပြောဆိုပါတယ်။

“အမြန်ဆုံးအကောင်အထည်ဖော်အောင်ပြောလိုက်တော့ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့အနေနဲ့ သွားမယ့်သဘောတော့ရှိတာပေါ့ ၂၀၁၈ မှာတော့ နောက်ပြီးတော့ ၂၀၁၈ နှစ်ဦးမှာ တခါတည်းကို နှစ်ဆယ့်တစ် ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဆက်သွားမယ်ဆိုတော့ အဲဒီကထွက်တဲ့ ရလဒ်နဲ့အညီပေါ့ အခြေအနေကောင်းရင်ကောင်းသလို ကျနော်တို့ NCA နဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်လာဖို့အတွက် အဖွဲ့တွေ တိုးလာနိုင်တယ်လို့တော့ ကျနော်မြင်တာပေါ့ဗျာ။”

ကုန်ဆုံးတော့မယ် ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ဆောင်ရွက်ခဲ့ပေမဲ့ နှစ်ကုန်ခါနီးကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်တွေဖက်က မူဆယ် ၁၀၅ မိုင်စခန်းကိုပစ်ခတ်မှု၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဌာနချုပ်လိုင်ဇာကို တပ်မတော်က ပစ်ခတ်မှု၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ရဲဘော် ၃ ယောက်ကို တပ်မတော်ဖက်က သတ်ဖြတ်မှု၊ ရှမ်းပြည်နယ်အတွင်း အကြိုနိုင်ငံရေးဆွေးနွေးပွဲတွေ ဟန့်တားခံရမှု စတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဟန့်အတားတွေအဖြစ် သုံးသပ်တာတွေ ရှိနေပါတယ်။

ဒီအချက်တွေအပေါ်မှာတော့ ဗိုလ်မှုးကြီးခွန်ဥက္ကာက အခုလို ပြောပါတယ်။

“တခုခြင်း ကောက်ရင်တော့ စဉ်းစားစရာတော့ဖြစ်တာပေါ့နော်။ သို့သော် ခြုံပြီးတော့ ကြည့်ရင်တော့ အဟန့်အတားတော့မဟုတ်ဘူးခင်ဗျ။ ဒီအဖြစ်အပျက်တခုခြင်းဟာ သူ့ရဲ့နောက်ခံအကြောင်းတရားရှိတာပေါ့ဗျာ။ ဒါကတော့ NCA ထိုးခြင်းမထိုးခြင်းနဲ့ မဆိုင်ဘူး။ ဒါပေမယ့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင်တော့ NCA ထိုးရင်တော့ ဖြေရှင်းမယ့် Mechanism လို့ခေါ်တာပေါ့ နည်းနာတော့ရှိတာပေါ့။ မထိုးရင်တော့ နည်းနာတော့မရှိဘူးပေါ့ဗျာ။”

၂၀၁၈ခုနှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေကို အားပေးဖို့ လိုအပ်ကြောင်းလည်း အခုလို ထောက်ပြပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အဓိကပါနေတာက နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်တာကို ။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အမျိုးသားအဆင့်၊ ဒေသအဆင့် အကြောင်းအရာအလိုက်နဲ့ အမျိုးမျိုးဆွေးနွေးခွင့် ပေးဖို့လိုတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီးတော့ ဒီအနှောက်အယှက်မရှိပေါ့ဗျာ နိုင်ငံရေးလိုအပ်ချက်တွေကို လူမျိုးအသီးသီး၊ အစည်းအဝေးအသီးသီး က တင်ပြတာကို ၂၁ ရာစုပင်လုံကို သယ်သွားပေါ့ဗျာ ဒီနိုင်ငံရေးလုပ်ငန်းစဉ်တွေ ရှင်သန်နေတာနဲ့အမျှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း အရှေ့ကို တိုးနေမှာပဲခင်ဗျ။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ၂၀၁၇မှာ ကြုံတွေရတဲ့အခြေအနေကို သင်ခန်းစာယူပြောင်းလဲနိုင်မှသာ အလားအလာကောင်းနိုင်ကြောင်း အခုလို သုံးသပ်ပါတယ်။

“ပါဝင်နေတဲ့သူတွေအားလုံးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်မယ်ဆိုပေမယ့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ကိုယ့်ရည်မှန်းချက် ပေါက်ရောက်အောင် အင်အားသုံးမှရမယ်ဆိုတဲ့ စဉ်းစားနည်းနဲ့ စဉ်းစားတာ အဲဒီ Mindset မပြောင်းနိုင်ကြဘူးဗျ အဲဒီပြဿနာဖြစ်နေတယ်။ တကယ်လို့သာ ကျနော်တို့ အခု ၂၀၁၇ ပုံစံအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ၂၀၁၈ မှာ အကျပ်အတည်း ပိုရှိလိမ့်မယ်။ ဒါပေမယ့် ၂၀၁၇ မှာတွေ့ရတဲ့ဟာတွေကို ဘက်အားလုံးက နိဂုံးချုပ်ပြီးတော့ ပြောင်းလဲနိုင်မှပဲ ၂၀၁၈ မှာ နည်းလမ်းရှိတွေ့မယ်လို့ ထင်ပါတယ်။”

၂၀၁၇ခုနှစ်အတွင်းမှာ မူလ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ကနေ ထပ်မံတိုးလာတာမရှိခဲ့ပါဘူး။ လောလောဆည်မှာ ထိုင်းနယ်စပ်အခြေစိုက် လက်နက်ကိုင် ၄ဖွဲ့ ပါဝင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဟာ KNPP က ရဲဘော်တွေ သတ်ဖြတ်ခံရတာကြောင့် NCA မှာ ပါဝင်လက်မှတ်ရေးထိုးရေးအတွက် အဖုအထစ်တွေဖြစ်လာနေသလို တရုတ်မြန်မာနယ်စပ်ဒေသအခြေစိုက် အဖွဲ့ ၇ ဖွဲ့ပါဝင်တဲ့ FPNCC ခေါ် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့နဲ့ အစိုးရအကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိကျတဲ့ ညှိနှိုင်းမှုတွေလည်း ခုချိန်ထိ မရရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG