သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ နဲ့ တရားဥပဒေ စိုးမိုးရေး


လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်
လူ့အခွင့်အရေးရှေ့နေ ဦးရောဘတ်စန်းအောင်
NLD အစိုးရ နဲ့ တရားဥပဒေစိုးမိုးရေး
please wait

No media source currently available

0:00 0:11:36 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ NLD အစိုးရ တက်လာပြီး ဒီကနေ့အချိန်အထိ ကာလအတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအပိုင်းမှာ အားနည်းနေသေးသလို၊ တရားစီရင်ရေးစနစ် အခြေအနေတွေကလည်း တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘူးလို့ လူ့အခွင့်အရေး ရှေ့နေကြီး ဦးရောဘန်စန်းအောင် က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိဘဲနဲ့ တရားဥပဒေစိုးမိုးရေးကို အင်တိုက်အားတိုက် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဝါရှင်တန်ဒီစီ ဂျူးလူမျိုးတုန်း သတ်ဖြတ်မှုပြတိုက်က စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ ညဉ်းပမ်းနှိပ်စက်ခံရသူများဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေချိန်မှာ အခုလိုပြောဆိုခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဗွီအိုအေစတူဒီယိုမှာ ကိုဉာဏ်ဝင်းအောင် တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဦးရောဘတ်စန်းအောင် ကျနော်တို့ VOA ကို သီးသန့်လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးပါ။

ဦးရောဘတ်စန်းအောင် ။ ။ ကျနော်တို့ကလည်း တိုင်းပြည်အတွက်၊ နိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ကျနော် ပထမဆုံး မေးချင်တာက ဦးရောဘတ်စန်းအောင် အခုတခေါက်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်က ဘာအတွက်ပါလဲ။

ဦးရောဘတ်စန်းအောင် ။ ။ ကျနော်တို့ အခုလာတာကတော့ Holocust Memorial Meeting ကို လာရောက်ခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ နိုင်ငံတကာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်သို့ဘယ်ပုံ ဘယ်နိုင်ငံတွေမှာ ဘယ်လို solve ခဲ့တယ်ဆိုတာကို အတွေ့အကြုံ၊ ဗဟုသုတ ဖြန့်ဝေပေးတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဦးရောဘတ်စန်းအောင် သိတဲ့အတိုင်းပဲ အခုဆိုရင် မြန်မာနိုင်ငံမှာ နည်းနည်းလေး အစိုးရသစ် တက်လာတာ (၂) နှစ် ရှိပါပြီ။ အဲဒီတော့ NLD အစိုးရ အုပ်ချုပ်လာတဲ့ (၂) နှစ်တာ ကာလအတွင်းမှာ NLD ပါတီက ရွေးကောက်ပွဲ ဝင်စဉ်တုန်းက ကြေညာခဲ့တဲ့အတိုင်း ဥပဒေ စိုးမိုးရေး ဆောင်ရွက်မယ်ဆိုတဲ့အတိုင်း ဘယ်အတိုင်းအတာအထိ ဥပဒေ စိုးမိုးရေးကိစ္စတွေကို ဆောင်ရွက်နိုင်နေပြီလို့ သုံးသပ်မိပါလဲ။

ဦးရောဘတ်စန်းအောင် ။ ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ရင် ဆောင်ရွက်နိုင်မှု အားနည်းတယ်။ အဲဒါကလဲ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာမယ့် အင်အားစု လက်နက်ကိုင်တပ်ဖွဲ့က NLD အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာလို့ တိုက်ရိုက်မှုအောက်မှာလို့ အတိအကျ ပြောလို့မရဘူး။ ပြည်ထဲရေးနဲ့ဆိုင်တယ်။ ပြည်ထဲရေးနဲ့ဆိုင်နေတဲ့အခါကြတော့ ပြည်ထဲရေးဘက်မှာ Management လုပ်မှု အားနည်းမှုတွေကြောင့် စွမ်းရည်တွေနည်းနေတယ်။ အင်အားလည်း မလုံလောက်ဘူး။ ဒုစရိုက်သမားတွေက လက်နက်ကိုင်၊ လက်နက်ကောင်းတွေ ကိုင်ဆောင်နိုင်တဲ့ အခြေအနေမှာ ရဲတပ်ဖွဲ့တွေရဲ့ လက်နက်တွေက ခေတ်မမီတဲ့ လက်နက်တွေဖြစ်ပြီး၊ ယာဉ် ရထား အတတ်ပညာကအစ အားနည်းနေတယ်။ အဲဒါကြောင့်မို့ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည် ဆောင်ရွက်နိုင်မှု လွန်စွာကွာဟနေတာကြောင့် ပြည်သူတွေ အတော်ဒုက္ခရောက်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ တလောတုန်းကလည်း မြန်မာနိုင်ငံအတွင်းမှာ လက်နက်တွေမိတယ်။ အဲဒီမတိုင်ခင်ကလည်း မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်တွေမိတယ်ဆိုတဲ့ သတင်းတွေကိုလည်း မကြာခဏ တွေ့ရပါတယ်။ ဘာကြောင့် ဒါကို ထိန်းသိမ်းပြီးတော့ မထိန်းချုပ်နိုင်ရတာလဲ။

ဦးရောဘတ်စန်းအောင် ။ ။ မထိန်းချုပ်နိုင်ရတာက အဲဒီလို ကြီးမားတဲ့ အမှုကြီးတွေ ကျူးလွန်လာတဲ့ ပုဂ္ဂိုလ်ကြီးတွေကလည်း တကယ့်ပေါက်ရောက်တဲ့ လူကြီးတွေရဲ့ သားသမီးတွေဖြစ်ကြတော့ ဥပမာ သေနတ်မိတယ်ဆိုရင် လိုင်စင်မရှိတဲ့ သေနတ်ဆိုရင် ဘယ်လိုနည်းနဲ့ကိုင်ကိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကိုင်ပါတယ်ဆိုပြီးတော့ တရားခံရှေ့နေစကား၊ မပြောသင့်တာ ပြောကြတယ်။ အဲဒီ (၂) လက်လောက်ကစပြီး (၂၀) ကျော် မိလာတဲ့ အခြေအနေအထိ ရောက်လာတဲ့အခါ ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လား။ အဲဒီလို လူတန်းစားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုပြီး လိုင်စင်မဲ့ သေနတ်တွေကိုင်သလို ပြည်သူက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ကတော့ ပလက်ဖောင်းမှာ ဒူးထောက်ပြီး လက်နှစ်ဖက် ခေါင်းပေါ်တင်ပြီး ကာကွယ်ရမလို့ ဖြစ်နေတယ်။ အဲဒါကြောင့်မလို့ ဝေဖန်မှုတွေများတယ်။ နောက်ပြီးတော့ သူတို့က အခွင့်ထူးခံ အကျဉ်းသားတွေ ဖြစ်နေတယ်။ အချုပ်ခန်းမှာတောင် TV တွေ ဘာတွေတပ်ပေးရတာတို့၊ နေရာပြင်ဆင်ပေးရတာတို့။ ထောင်ဆိုလည်း သူတို့အတွက် သီးသန့် လုပ်ပေးရတာမျိုး။ အဲဒီလို ဂုဏ်ထူးဆောင် အကျဉ်းသားပုံစံမျိုးတွေနဲ့ ဆက်ဆံတဲ့ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးဟာ ပြည်သူတွေအတွက် ဟာသတပုဒ်လို့ ဖြစ်နေတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဒီနေရာမှာ ကျနော် ဖြတ်မေးချင်တာက မြန်မာနိုင်ငံမှာ လက်နက်ကိုင်ဆောင်မှုဆိုရင် ဘယ်လိုလူတွေက ကိုင်ဆောင်ခွင့် ရှိသလဲ။ ဥပဒေမှာ ဘယ်လို ပြဌာန်းခွင့်ပြုထားပါလဲ။

ဦးရောဘတ်စန်းအောင် ။ ။ ၁၉၈၈ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကထဲက ပြည်သူထဲက လိုင်စင်လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ဆိုတာ ထုတ်ပေးတာဆိုတာ မကြားဘူး။ တရားမဝင် ကိုင်ဆောင်နေတာကတော့ ထုနဲ့ထယ်နဲ့ ဘယ်လိုမှ မထိန်းကျောင်းနိုင်ဘူး။ မထိန်းကျောင်းနိုင်ဘူးဆိုတာ ထိန်းကျောင်းဖို့က အဲဒီ ကိုင်ဆောင်သူတွေကလည်း သူတို့ အဖေတွေကလည်း ပေါက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်။ အဲဒီအခါကြတော့ သာမန်အဆင့် ရဲမှူးကြီးလောက်က သူတို့ကို အခုလိုပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုပြီး တရားခံရှေ့နေစကားမျိုး ပြောပြီးတော့ နှစ်သိမ့်ပေးရတာလွှဲရင် ဘာမှမလုပ်နေလို့ ပြည်သူတွေ အတော်ဒုက္ခရောက်ကြတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် လုပ်ထားတဲ့အဖွဲ့တွေက လက်နက်ကိုင်ဆောင်ခွင့်၊ တရားဝင်ကိုင်ဆောင်ခွင့် ရှိပါလား။

ဦးရောဘတ်စန်းအောင် ။ ။ မရှိပါဘူး။ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နေတဲ့အဖွဲ့တွေက မြို့ပေါ်လာလို့ရှိရင် သေနတ် ကိုင်ဆောင်ခွင့် မရှိပါဘူး။ သူတို့နဲ့ သက်ဆိုင်တဲ့ တပ်စခန်းမှာ အပ်ထားခဲ့ရပါတယ်။ မအပ်လို့မိရင် သူတို့ကြတော့ အရေးယူခွင့်ရှိပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ တရားဥပဒေ စိုးမိုးရေးအကြောင်းကို ကျနော်တို့ ပြောမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ပါသွားပါတယ်။ အဲဒီတော့ အများက သုံးသပ်နေသလိုပဲ NLD အစိုးရက မလုပ်နိုင်၊ မကိုင်နိုင် ဖြစ်နေရတာက တပ်မတော်ကနေ ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာန (၃) ခုကြောင့်လို့ အကြောင်းပြကြတာတွေ ရှိပါတယ်။ အဲဒီတော့ NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက်ကို ဘယ်လို အခွင့်အခါ အခြေအနေကောင်းတွေရောက်တော့မှ ပြင်ဆင်လာမယ့် အနေအထားမျိုး သုံးသပ်မိပါလဲ။

ဦးရောဘတ်စန်းအောင် ။ ။ ကျနော့်အနေနဲ့ ပြောချင်တာက NLD ပါတီနဲ့ အစိုးရ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကို အစဉ်တစိုက် ဦးထိပ်ပန်းဆင်ထားပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းတွေကို မလုပ်နိုင်အောင်၊ အဲဒီလုပ်ငန်းတွေ လုပ်မှာကို ကြိုတင်သိရှိတဲ့ အာဏာလက်လွတ် လူတန်းစားက လူမျိုးရေး၊ ဘာသာရေး မိုင်းတွေ တလုံးပြီးတလုံး ခွဲနေတယ်။ အဲဒီ ခွဲနေတာတွေကို လိုက်ပြီး ရှင်းနေရတဲ့အတွက် ဒီဘက်ပိုင်းမှာ အချိန်အနည်းငယ် နောက်ကျနေတာတော့ အမှန်ပဲ။ နောက်တချက်က ဘာခေါ်မလဲဆိုတော့ ပါတီအတွင်းမှာလည်း ကိစ္စလေးတွေ ရှိတယ်။ ဒါပေမဲ့ အာရုံကတော့ မပျက်ပါဘူး။ ကျနော် ထင်ပါတယ်။ နောက်လာမယ့် ခြောက်လအတွင်းမှာတော့ လူထုနဲ့အတူ NLD ပါတီနဲ့တကွ အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို မလွှဲမသွေလုပ်မှာ။ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြောင်းလဲ၊ မပြင်ဆင်ဘဲနဲ့ တရားဥပဒေ စိုးမိုးရေးပြောလည်း အလကားပဲ။ ဖယ်ဒရယ်စနစ်ကို ထူထောင်မယ်ပြောလဲ အရာမထင်နိုင်ဘူး။ Main အသက်သွေးကြောသည် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရှိနေတယ်။ အဲဒီထဲက ပြဌာန်းချက်တချို့ကို ပြင်ဆင်နိုင်မှ ပြောင်းလဲနိုင်မှာဖြစ်တော့ တဘက်က (၇၅) ရာခိုင်နှုန်းကျော်ရမယ်ဆိုတဲ့ အချက်ကြောင့် တပ်မတော်နဲ့ အဆင်ပြေအောင် လူထုခေါင်းဆောင်က တပ်မတော်နဲ့ ပြည်သူကို ညှိနေတဲ့အချိန်မှာ အခုလို လက်နက်တွေနဲ့ ခြိမ်းခြောက်တာမျိုးတွေ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေနဲ့ လိုက်ဖြန့်နေတော့ ထုတ်ဖော်နေတဲ့ ပြဿနာတွေကို ရှင်းနေရတာကြောင့် နောက်ကျတာပေါ့။ NLD နောက်မကျပါဘူး။ အစဉ်တစိုက် သူတို့ ဦးထိပ်ပန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဆရာက ဒီမှာ လူမျိုးရေး၊ ဘာသာရေးလို့ ပြောတော့ တခု မေးချင်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပေါ်လာတယ်။ တပ်မတော်ဘက်လည်း နယ်မြေရှင်းလင်းရေးတွေ လုပ်တယ်။ ပြီးတဲ့အခါမှာ ဒေသခံ မူစလင်တွေက တဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ကို ထွက်သွားကြတယ်။ ဒီလို ဖြစ်ရပ်တွေနဲ့အတူ လူမှု့ကွန်ရက် မီဒီယာတွေပေါ်မှာ အမုန်းပွားစေမယ့် အပြောအဆို၊ ရေးသားမှုတွေကိုလည်း တွေ့နေရပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းမှုတွေက ထိထိရောက်ရောက် ရှိရဲ့လား။ ဘယ်လို တွေ့ရပါလဲ။

ဦးရောဘတ်စန်းအောင် ။ ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲတင်နေတဲ့ အစိတ်အပိုင်းဆိုတာတော့ ကျနော်တော့ မတွေ့မိသလောက်ရှိတယ်။ အခု တရားစွဲတင်ထားတဲ့ အမှုကိုကြည့်ရင် ကာချုပ်နဲ့ ပတ်သက်တဲ့ကိစ္စ။ သမ္မတနဲ့ ပတ်သက်တဲ့ကိစ္စ စသည်ဖြင့်သာရှိတယ်။ ကျန်တဲ့ အမုန်းတရားတို့၊ ဖြန့်နေတဲ့ ပုဂ္ဂိုလ်တွေကို တရားစွဲတယ်ဆိုတာ မရှိသေးဘူး။ ဒါက နောက်တချက်က ကျနော်တို့နိုင်ငံမှာ Cyber Crime Department သာရှိတယ်။ Cyber Crime Law ဆိုတာ မပြဌာန်းရသေးဘူး။ အဲဒီတော့ ဒီဟာတွေကို မကျင့်သုံးဘဲနဲ့ မလုပ်ဘဲနဲ့ အမုန်းတရား ဖြန့်ချီတဲ့လူတွေက ဆက်လက်ပြီးတော့ ရှင်သန်နေအုံးမှာပဲ။ သူတို့က တောကြောင်တွေ၊ ကြည့်လိုက်ရင် account မျိုးစုံနဲ့ သူတို့က တမင်သက်သက်ကို လှုံဆော်နေတာ။ တဘက်လည်း တပ်မတော်ကို ထိခိုက်အောင် လုပ်နေတာ၊ တဘက်ကလည်း အစိုးရအဖွဲ့ကို လုပ်နေတာ။ တဘက်ကလည်း ပြည်သူတွေ ဆင်းရဲတွင်းကို နက်ရှိုင်းသမျှ နက်ရှိုင်းအောင် သူတို့ ရတဲ့နည်းလမ်းနဲ့ လုပ်ပြီးတော့ အာဏာကို ပြန်လည်ပြီးတော့ မသမာတဲ့နည်းနဲ့ လုပ်နေတာတွေ ရှိနေတဲ့အတွက် အခုလို ဖြစ်နေတာ။ ဒီနေ့ တည်ငြိမ်ရေးက ဗုဒ္ဓဘာသာဝင်တွေနဲ့ ကျန်တဲ့ဘာသာတွေမှာ ဘာသာရေးပြဿနာ ဘာမှမရှိဘူး။ သူတို့ လှုံဆော်နေတာ။ မုဒိန်းမှုဖြစ်တယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ဖြစ်နေတာက လူတွေက ကျူးလွန်နေတာ တဘက်က အာရုံလွဲပြီးတော့ ဘာသာကို သွားပြီးတော့ တိုက်ခိုက်နေတာ။ အဲဒါ စိတ်ပိုင်းဆိုင်ရာ ကြံစည်းနေတာ။ ကျနော်တို့က တိုက်ရိုက်ပြောချင်တာ ဒီထောက်လှမ်းရေးဟောင်းတွေပေါ်မှာလည်း ကျနော်တို့ များစွာစောင့်ကြည့်နေပါတယ်။ သူတို့ရဲ့ စိတ်နေစိတ်ထားတွေ Mindset တွေ ပြောင်းအောင်လည်း လုပ်ဖို့သင့်ပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး အခြေအနေတွေက NLD အစိုးရ တက်လာပြီး (၂) နှစ်အတွင်းမှာ ဘယ်လောက်အထိ တိုးတက်မှုတွေ ရှိပါလဲ။

ဦးရောဘတ်စန်းအောင် ။ ။ တရားစီရင်မှုပိုင်းကို ပြောမယ်ဆိုရင်တော့ တိုးတက်မှု အားအလွန်နည်းတယ်။ 4% လောက်တောင် မရှိဘူး။ ဘာကြောင့်လဲဆိုတော့ စခါစကတော့ ဟုတ်မလိုလိုနဲ့ အခုတော့ ဒုံရင်းဒုံရင်းအတိုင်းပဲ သွားနေကြတယ်။ မြို့နယ်ရုံးက တရားစီရင်ဆုံးဖြတ်မယ်ဆိုရင် မြို့နယ်ရုံးက လှမ်းဖုန်းဆက်ပြီး အမိန့်ပေးတာတို့၊ ခရိုင်ရုံးကအမိန့်ပေးတာတိုနဲ့ လစာကွာခြားချက်တွေ ရှိတယ်။ ခရိုင်တရားသူကြီးအဆင့်က ကျော်သွားရင် သူနောက်ထပ်တက်စရာ ဘာမှမရှိဘူး။ တက်လှမ်းတွေ ပိတ်နေတယ်။ နောက်ပြီးတော့ အရေးယူပိုင်းမှာလည်း ပြည်သူတွေက တိုင်စာရေး၊ တရားရေးဌာနတွေ၊ တရားသူကြီးနဲ့ ပတ်သက်ပြီးသွားပေး အရေးယူပိုင်းမှာ အားနည်းတယ်။ ကျနော်တို့ တိုင်းတခုက တိုင်းတရားသူကြီးတယောက်ဆို ထွက်ချက်မရှိဘဲနဲ့ ထွက်ချက်..အရေးယူပေးဖို့ သမ္မတကြီးထံ တိုင်ထားတာကို သမ္မတရုံးကလည်း စာပြန်ထားတယ်။ အဲဒီ တရားသူကြီး ဘာမှမဖြစ်ဘူး။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ အများလိုလားနေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဒါနဲ့ ပတ်သက်လို့ ဒါနဲ့ ပတ်သက်လို့ တရားရေးပိုင်းကရော ဘယ်လောက်အထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီလဲ။

ဦးရောဘတ်စန်းအောင် ။ ။ ဒီကိစ္စနဲ့ ပြောမယ်ဆိုရင်လဲ ကျနော်ကတော့ ကိုယ်တွေ့မို့လို့ By name နဲ့ပဲ ပြောမယ်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က ဥပဒေအရာရှိ ကျော်သူရဝင်း မဟုတ်တာ အကုန်လုပ်တယ်။ ပိုက်ဆံမရရင် မရသလိုလုပ်တယ်။ အဲဒါကို ကျနော့်အမှုသည်ကိုယ်တိုင်လည်း တိုင်တယ်။ တခြားအမှုသည်တွေကလည်း တိုင်တယ်။ ပြည်ထောင်စု ရှေ့နေရုံးက အရေးမယူဘူး။ နောက်ဆုံး အဂတိလိုက်စားမှု ကော်မရှင်ရဲ့ ကြားဝင်ပြီးတော့ ဖမ်းရဆီးရတဲ့အဆင့် ရောက်သွားတယ်။ ဒါပေမဲ့လို့ တခြားဥပဒေအရာရှိ ဦးလှဦး က ငါးသောင်းနှစ်ကြိမ်ယူတယ်။ ထောင် ဆယ်နှစ်ကျတယ်။ ကျော်သူရဝင်းက သိန်းနှစ်ဆယ်ယူတယ် ထောင်ငါးနှစ်ပဲ ကျတယ်။ အဲဒီတော့ များများစားမှဖြစ်မယ်ဆိုတဲ့သဘောမျိုး ဖြစ်လာတယ်။ ဆိုလိုတာက လာဘ်စားတာချင်းအတူတူ အရေးယူမှုမှာ ကွာခြားနေတယ်။ အဲဒီထဲက တရားဥပဒေ စိုးမိုးရေး ဘယ်လိုမှ အကောင်အထည်ဖော်လို့ မရဘူး။

ကိုဉာဏ်ဝင်းအောင် ။ ။

ဆက်လက်ဖော်ပြပါမယ် ...

XS
SM
MD
LG