သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအတွက် စကားဝိုင်းတွေထက် လက်တွေ့ကျကျဆွေးနွေးဖို့ အကဲခတ်တွေတိုက်တွန်း


 ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်က ဒေသခံလူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း (Myanmar State Counsellor Office)
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်က ဒေသခံလူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း (Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို လူငယ်တွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေ နိုင်ငံတော်အဆင့်နဲ့ အခမ်းအနားတွေနဲ့ကျင်းပနေမယ့်အစား လတ်တလော စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ တိုင်းရင်းဒေသက တိုက်ပွဲတွေကိုအမြန်ဆုံး ရပ်အောင် အဓိကဆောင်ရွက်သင့်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်တွေက ပြောဆိုလိုက်ပါတယ်။ ထိုးစစ်ဆင်နေတဲ့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေကို အရေးတကြီး လုပ်ဆောင်သင့်တယ်လို့လည်း အကြံပြုကြပါတယ်။ ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံလူငယ်တွေရဲ့ ငြိမ်းချမ်းရေး စကားဝိုင်းအပေါ် သုံးသပ်ချက်အမြင်တွေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ်က ဒေသခံလူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ မြန်မာနိုင်ငံတွင်းဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးအခြေအနေ၊ စစ်ရေးပဋိပက္ခတွေ တင်းမာနေဆဲပြည်တွင်းစစ်နဲ့ နောက် အစိုးရဖော်ဆောင်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အတိုင်ပင်ခံရဲ့ စကားဝိုင်းမှာပါဝင်သူ ကယားလူငယ်တဦးဖြစ်တဲ့ ဖရားရယ်ရီးလိုက နိုင်ငံတွင်းမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးက အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်။

"အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အများကြီးမဟုတ်ရင်တောင်မှ နည်းနည်းလေးပေါ့ ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဟာ အရေးကြီးနေတယ်ဆိုတာကို ခေါင်းထဲနည်းနည်းလေး ထည့်စဉ်းစားပေးမယ်ဆိုရင် ကျနော်တို့လုပ်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကျနော်တို့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဟာ ဒီထက်ပိုပြီးတော့မှ ခရီးပေါက်မယ်၊ ဒီထက်ပိုပြီးတော့ ခိုင်မာမယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဘာဖြစ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးတယ်လို့ ကျနော်ပြောနေရသလဲဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေတဲ့ အပြုအမှုတွေ ၊ လုပ်ဆောင်ချက် ကျနော်တို့ သမိုင်းနဲ့ ချီပြီး ရှိခဲ့လို့ပါ။ အခုလည်းရှိနေပါတယ် ဒေသအဆင့်တွေပေ့ါ ဥပမာ ရှမ်းပြည်နယ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တဲ့ ကိစ္စတွေမှာဖြစ်ဖြစ် ၊ ကျနော်တို့ ပြည်နယ်မှာဖြစ်ဖြစ် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်ပြားစေတဲ့ အပြုအမှုတွေ လည်း ကျနော်တို့ တွေ့နေရပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် အခုလို ငြိမ်းချမ်းရေးစကားဝိုင်းတွေ ကျင်းပနေမယ့်အစား တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ နိုင်ငံရေးပါတီတွေပါပါဝင်တဲ့ အမှန်တကယ် စစ်မှန်လေးနက်တဲ့ နိုင်ငံရေးစကားဝိုင်းတွေကို ဖော်ဆောင်သင့်တယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။

"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ပေါ့လေ ဒီငြိမ်းချမ်းရေးစကားဝိုင်းတွေကို လုပ်တာထက် တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ အမြန်ဆုံးအပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ စားပွဲဝိုင်းပေါ်မှာထိုင်ပြီးတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာ ဖို့က ပိုပြီးတော့ အရေးကြီးတယ်လို့မြင်တယ်။ နိုင်ငံရေးအရဆုံးဖြတ်ပေးနိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေ ကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေကနေတဆင့် နိုင်ငံရေးအရ သဘောတူညီမှုတရပ်ကို အမြန်ဆုံးရအောင်ဖော်ဆောင်နိုင်ဖို့က ပိုပြီးတော့ အဓိက ကျတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်က အခုလို ငြိမ်းချမ်းရေးစကားဝိုင်းတွေ ကျင်းပနေတဲ့အချိန် အခုရက်ပိုင်းတွင်းမှာကို ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေက အပြင်းအထန်ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီ့တိုင်းရင်းဒေသတွေမှာဖြစ်နေတဲ့ စစ်မီးကို သူမအနေနဲ့ အရင်ဆုံး ငြိမ်းသက်သင့်တယ်လို့လည်း စစ်ပြေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ ထွယ်ဂျဲဒါနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ကချင်အမျိုးသမီး ငြိမ်းချမ်းရေးလှုပ်ရှားသူ ဒေါ်နန်ပူကလည်း ထောက်ပြပါတယ်။

"တနိုင်း-မိုးကောင်းဒေသမှာ စစ်က တအားဆိုးနေတယ်၊ မြန်မာ့တပ်မတော်က လေယာဉ်နဲ့ တိုက်နေတယ်။ ရွာတွေလည်း ဖျက်ဆီးနေတယ်။ ပြည်သူလူထုတွေက ကြောက်နေတယ် ကျမတို့ ပြည်သူအရေးလုပ်ဆောင်နေတဲ့ CSO တွေလည်း အရမ်းပဲ စိုးရိမ်နေတယ်။ ညဆိုရင်လည်း စားစရာသောက်စရာမရှိ အေးချမ်းနေတဲ့အချိန်မှာ ၊ ချမ်းတာအေးတာက ပဓာန မဟုတ်တော့ဘူး အသက်အန္တရာယ် လုံခြုံတဲ့နေရာရောက်ဖို့ဆိုတော့ အရမ်းပဲ ဒုက္ခရောက်နေတယ်။ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က တတိယအကြိမ်ငြိမ်းချမ်းရေးညီလာခံအတွက် အကြီးအကျယ်ကြိုးစားနေတယ်ပေါ့နော် လူငယ်တွေနဲ့ တွေ့နေတယ်။ ဒီလို လူငယ်တွေနဲ့ တွေ့တယ်၊ တိုင်းရင်းသားတွေနဲ့ တွေ့တဲ့ဟာကို အဓိက မထားပဲနဲ့ အဓိက စစ်ဆင်နေတဲ့ ထိုးစစ်ဆင်နေတဲ့ မြန်မာ့တပ်မတော်နဲ့ တွေ့ဆုံပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်မှာ ဒီလိုထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းဖို့ သူပြောသင့်တယ်လို့ ကျမထင်တယ်။ လက်တလော Urgent အရေးတကြီးလိုအပ်နေတဲ့ ကိစ္စကို အရင်ဖြေရှင်း ပြီးမှ ခိုင်မာတဲ့ ငြိမ်းချမ်းရေးရအောင်လုပ်နေတဲ့ ၂၁ ရာစုငြိမ်းချမ်းရေးညီလာခံကို သွားသင့်တယ်။"

အထူးသဖြင့် တိုင်းရင်းဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ တပ်မတော်နဲ့ အရင်ဆုံးငြိမ်းချမ်းရေးစကားပြောပြီး စစ်ရေးပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းသင့်တယ်လို့လည်း ဒေါ်နန်ပူကပြောပါတယ်။

"အဲဒီ ထိုးထားတဲ့ ၈ ဖွဲ့ထဲမှာကိုပဲ စစ်တိုက်နေတဲ့ နေရာတွေက ရှိသေးတယ်။ အဲဒါကြောင့်မို့လို့ စစ်တိုက်တာက NCA ကိုချိုးဖောက်တာက တိုင်းရင်းသားတွေ မဟုတ်ပဲနဲ့ တပ်မတော်က ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ပြဿနာအရင်းအမြစ်၊ ပြဿနာကို အရင်ဆုံး သွားပြီးမှ ချဉ်းကျပ်ပြီးတော့ ဖြေရှင်းဖို့ရန်အတွက်ကတော့ ပထမအရေးကြီးတယ်လို့ ကျမတို့မြင်တယ်"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီး အခုလိုလူငယ်တွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ကျင်းပနေသလို မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး လုပ်ငန်းစဉ်ဖြစ်တဲ့ ၂၁ရာစုပင်လုံညီလာခံကိုလည်း လာမယ့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ကျင်းပနိုင်ရေးအတွက်ကိုလည်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူတွေ ကြိုတင်ပြင်ဆင်နေကြပြီလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG