သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် တိုက်ပွဲပြင်းထန် စစ်ဘေးရှောင်ဒုက္ခသည်တွေတိုး


မှတ်တမ်းဓာတ်ပုံ - ကချင်စစ်ရှောင် ဒုက္ခသည်တွေ
မှတ်တမ်းဓာတ်ပုံ - ကချင်စစ်ရှောင် ဒုက္ခသည်တွေ

ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်မြို့နယ်နဲ့ ဖားကန့်မြို့နယ်တွေမှာ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) နှင့် တပ်မတော်တို့အကြား ဇန်နဝါရီလ ၂၃ ရက်နေ့ထိ တိုက်ပွဲများ ပိုမိုပြင်းထန်ပြီး လက်နက်ကြီးတွေ ကျလာတဲ့အတွက် အင်ဒွပ်ယာန် ကျေးရွာမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ တောတောင်ထဲကို ထပ်မံပုန်းရှောင်နေရပါတယ်။ ဒါ့အပြင် ရေလမ်းကော ကုန်းလမ်းကော ပိတ်ထားတဲ့အတွက် အဲဒီဒေသခံတွေ အတွက် စားသောက်ရေး အတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ မြစ်ကြီးနားမှာရှိတဲ့ ကချင် ကက်သလစ် အသင်းတော်က ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ မြန်မာတပ်မတော်တို့ဟာ ဇန်နဝါရီလ အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီး ဇန်နဝါရီလ ၁၉ရက်နေ့က စလို့ဆွမ်ပရာဘွမ်မြို့နယ်ထဲက လော့ဒ်မိုင်ယာန် ကျေးရွာထဲက မူကြိုစာသင်ကျောင်းအနီးထိ လက်နက်ကြီးတွေ ကျခဲ့တာပါ။ အဲဒီ ကျေးရွာမှာရှိတဲ့ ဒုက္ခသည်တွေဟာ ၂၀၁၅ ခုနှစ်လောက်ကတည်း သူတိုရဲ့နေရပ်ရင်းကို စွန့်ခွာပြီး လောဒ့်မိုင်ယာန်၊ အင်ထန်းဇွပ်၊ အင်ဒွပ်ယာန် ကျေးရွာတွေမှာရှိတဲ့ စစ်ဘေးရှောင်တဲ့ နေရာတွေမှာ ခိုလှုံနေကြရတာပါ။ အခုအခါမှာတေ့ာ မြန်မာ တပ်မတော်ဘက်ကလည်း တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေကို ထိုးစစ်ဆင်ရာကနေ နှစ်ဘက်တိုက်ပွဲတွေဖြစ်ပြီး အဲဒီ ဒေသမှာရှိနေတဲ့ စစ်ဘေးရှောင်တဲ့ သူတွေက ထပ်ပြီး တောတောင်ထဲ ခိုလှုံနေထိုင်နေရကြောင်း ကချင် ကက်သလစ် အသင်းတော်က ဖာသာဗင့်ဆင့်ရှန်လွတ်က ပြောပါတယ်။

“ ရွာကိုစွန့်ပြီးတော့မှ ရွာရဲ့ ချောင်းနှစ်ဘက် အထက်ဘက်မှာရှိတဲ့ အင်ဒွပ်ယာန်ဆိုတဲ့ ကမ့် (စခန်း)ထဲမှာ နေကြရတာ ဖြစ်တယ်။ အခု တိုက်ပွဲတွေ လွန်ခဲ့တဲ့ အပတ်ထဲကနေ ပြန်ဖြစ်လာတဲ့အတွက် တပ်မတော်ကနေ လက်နက်ကြီးတွေ ပြန်ပစ်တဲ့အတွက် ကမ့် ထဲမှာနေလို့ မရတော့ဘဲ ကမ့် ထက် လုံခြုံတဲ့နေရာကို သွားနေနေရတယ်။ အားလုံး အိမ်ထောင်စု ၄၆၀ ယောကျောၤး၊ မိန်းမ အားလုံးပေါင်း ၉၄၉ ယောက်ထိ မနေ့ကထိ သတင်းရပါတယ်။ ဒီနေ့မနက်ထိ သတင်းရတာက တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ သတင်းရပါတယ်။ ”

အရင်တုန်းကတော့ အဲဒီဒုက္ခသည်တွေဆီကို အစားအသောက်ရောက်နိုင်တဲ့ ရေလမ်းကြောင်းကို ပိတ်ထားရာကနေ အခုအခါမှာတော့ ဆွမ်ပရာဘွမ်သွား ကား လမ်းကြောတွေပါ ပိတ်ပင်ထားတဲ့အတွက် အစားအသောက် အခက်အခဲတွေ ရှိနေတယ်လို့လည်း ဖာသာ ဗင့်ဆင့်ရှန်လွတ်က ပြောပါတယ်။

“ အဲဒီ လမ်းကြောတွေက မြစ်ကြီးနားက အစားအသောက်တွေကို သူတို့ အမြဲအားကိုးနေတော့ လမ်းခရီးကို ပိတ်ထားတော့ အစားအသောက် အခက်အခဲဖြစ်မှာပါ။ အဲဒီလမ်းကြောက မလိခ လမ်းကြောက သွားရင် စက်လှေနဲ့သွားရင် ၃ ရက်ကြာမှာဖြစ်တယ်။ အဲဒီ နေရာရောက်ဖို့က မလိခလမ်းကြောကို ပိတ်ထားတာ ပဋိပက္ခဖြစ်ကတည်းက ပိတ်ထားတာ ဖြစ်တယ်။ အခု ကုန်းလမ်းကြော ဆွမ်းပရာဘွမ်ကို သွားတဲ့ လမ်းကြောကိုလည်း ပိတ်ထားတော့ သူတို့အစားအသောက်အတွက် အတော် အခက်အခဲဖြစ်မှာဖြစ်ပါတယ်။ ”

KIO/KIA အဖွဲ့ဟာ အရင် စစ်အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အစိုးရ၊ တပ်မတော်နဲ့ KIO အကြား ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ အခုအချိန်ထိတော့ အောင်မြင်မူတွေ မရရှိ သေးပါဘူး။ ဒီအတွက် ဒေသခံလူထုတွေဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ပြေးရှောင် ဒုက္ခသည်တွေအဖြစ် နေထိုင်နေရသလို အခု ဆွမ်ပရာဘွမ်မြို့နယ် ထဲက စစ်ဘေးရှောင် ဒုက္ခသည် အတွက် စားသောက်ရေး အကူညီတွေပေးဖို့ အတွက်လည်း လမ်းခရီးတွေ ပိတ်ဆို့ထားတာကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ အကူညီပေးတဲ့ အဖွဲ့တွေကလည်း ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG