သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်းဒေသ အစိုးရတပ် လေကြောင်းစစ်အတွင်း အရပ်သားတွေ သေဆုံးဒဏ်ရာရ


ကချင်ဒေသ စစ်ရှောင်ဒုက္ခသည်များ
ကချင်ဒေသ စစ်ရှောင်ဒုက္ခသည်များ

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ အစိုးရတပ်ရဲ့လေကြောင်းပစ်ခတ် တိုက်ခိုက်မှုအတွင်း အရပ်သား(၁)ဦးသေဆုံးပြီး လူတချို့ ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့ စစ်ပွဲအတွင်း ထွက်ပြေးနေရသူ ဒေသခံတွေက ပြောပါတယ်။ တနိုင်းဒေသကို ဆန်နဲ့လောင်စာဆီ ရိက္ခာ တင်သွင်းမှု ဖြတ်တောက်ထားတာဟာ သာမန်ပြည်သူတွေကိုသာ ထိခိုက်နစ်နာစေတဲ့အတွက် ဒါကို ပြန်ဖွင့်ပေးဖို့ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အများစုက တောင်းဆိုနေကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဒေသတချို့မှာ အစိုးရတပ်တွေနဲ့ KIO/KIA ကချင်လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာ နေပြီး ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ အထူးသဖြင့် တနိုင်းမြို့ပြင်တဝိုက် အစိုးရတပ်ရဲ့ ထိုးစစ်တွေ အရှိန်မြင့်လာနေတာပါ။ တနိုင်းမြို့နယ် အနောက်ဘက် ဟူးကောင်းဒေသက KIA တပ်မဟ(၂) တပ်ရင်း(၁၄)ထိန်းချုပ်ရာ ပယင်းမှော်တဝိုက်ကို ဒီကနေ့ မွန်းလွဲပိုင်းမှာ တပ်မတော်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် (၁)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ စစ်ပွဲအတွင်း ထွက်ပြေးနေရတဲ့ ဒေသခံ ကိုဆမ်ဂွန်က ပြောပါတယ်။

“ သေဆုံးသူ နာမည်က နိုင်စိုး (၂၇ နှစ်)၊ နောက် ဒေါ်တူးနမ်ပေါ့ အသက်က(၅၀) ညာဘက် လက်ပြင်မှာထိတယ်။ နောက် မောင်အုန်းထွေး (၂၈နှစ်) သူကခေါင်းမှာထိတယ်။ နောက် မသိန်းဌေး(၁၇ နှစ်) သူကကျောပြင်၊ နောက် မဂျာနိုးအောင် သူက(အသက်၂)နှစ် သူလည်း ခေါင်းမှာ ထိခိုက်ဒဏ်ရာရတယ်။ ဒီမှာဆေးခန်းမှာရှိတဲ့ ဆေးတွေနဲ့ လောလောဆယ် ကုထားတယ်။ အဲဒါပြီးရင် ကျနော်တို့ တနိုင်းဆေးရုံကို ပို့ဖို့အစီအစဉ် ရှိတယ်ခင်ဗျ။”

၂၀၁၆ အောက်တိုဘာလကနေ စတင်ခဲ့တဲ့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုဟာ ခုချိန်မှာ အရှိန်မြင့်လာနေတယ်လို့ NLD ပါတီ တနိုင်းမြို့နယ် ကချင်ပြည်နယ်လွှတ်တော်အမတ် ဦးဇော်ဝင်းက VOA ကိုပြောပါတယ်။

“တနိုင်းမြို့နယ် ဟူးကောင်းဒေသဘက်ရှိတဲ့ ပယင်းမှော်တွေ ရှိတဲ့ဘက်တွေမှာ ပစ်ခတ်သံတွေကြားရတယ်၊ ရဟတ်ယာဉ်တွေ ဝဲပြီးတော့ အသံတွေ ကြားနေရတယ်။ ထိုးစစ်က ခုနောက်ပိုင်း နည်းနည်း ပိုများလာတာပေါ့။ ဒါပေမယ့် ကျနော်တို့ဆီမှာ စဖြစ်တာက ၂၀၁၆ -၁၀ လပိုင်း ကနေ ကျနော်တို့ဒေသဘက်ကို ဆန်တွေ လောင်စာဆီတွေ ရိက္ခာတွေဖြတ်တောက်ပြီးတော့ စစ် စပြီးဖြစ်လာတာ၊ ပိုဆိုးလာတာက ၂၀၁၇ ၅ လပိုင်းနောက်ပိုင်း ပိုပိုပြီးဖြစ်လာတာပေါ့။”

ဟူးကောင်းဒေသကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်တဲ့ မြင်ကွင်းကို ကိုဆမ်ဂွန်က ပြောပြပါတယ်။

“ ကျနော်က ဟူးကောင်းဒေသမှာ ရောက်နေပါတယ်၊ တနိုင်းဘက်မှာ။ ဒီမှာ ၂နာရီ ၃၅ လောက်မှာတကြိမ် ၊ ၂နာရီ ၅၁ မှာတကြိမ်။ ခုလည်း လေယာဉ်က ဝဲနေတယ် ဟိုမှာ။ ဗုံးလာကြဲတယ် သေနပ်နဲ့လာပစ်တယ်။ ဗုံးက ၂ကြိမ် ၃ကြိမ်ကျပြီထင်တယ် အသံကြားရတာက။ အခု လေယာဉ်ပျံတစီးနဲ့ ကပ်ကပ်လေး လာပျံဝဲနေတယ် ခုက။ ဒေသခံတွေက ကျီးလန့်စာစား စိုးရိမ်နေကြတာပေါ့။ အခုဒီမှာရှိတဲ့ လူတွေကတော့ ရွှေတူး ပယင်းတူး တပိုင်တနိုင် လာလုပ်ကြတာပေါ့ဗျာ အဲလိုမျိုးလူတွေပေါ့။ ”

KIO ကချင်လက်နက်ကိုင်တပ် စိုးမိုးရာ ပယင်းမှော်နဲ့ ရွှေမှော်တွေကိုထိန်းချုပ်ဖို့ တပ်မတော်က ကြိုးပမ်းတဲ့အနေနဲ့ တနိုင်းဒေသကို ရိက္ခာ တင်သွင်းမှု ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ကချင်ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့တဲ့အဆို အောင်မြင်ပေမယ့် ကချင်ပြည်နယ် အစိုးရက လက်တွေ့အကောင်ထည်ဖေါ်ခြင်း မရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်အမတ် ဦးဇော်ဝင်းက ပြောပါတယ်။

“ လွှတ်တော်မှာ နယ်လုံဝန်ကြီး တရားဝင်ပြောတာကတော့ ကျနော်တို့ တနိုင်းဒေသ ဟူးကောင်းဒေသမှာ ပယင်းတွေ တူးနေတယ်၊ ရွှေတွေ တူးနေတာဟာ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတယ်။ ဒီ KIO/KIA အဖွဲ့အစည်းကလည်း သူပဲ အခွန်အခတွေ ရနေတယ်။ နိုင်ငံတော်က အခွန်အခတွေ မရဘူးဆိုပြီးတော့ ဒီဆန်နဲ့ဆီနဲ့ ရိက္ခာတွေကို Limit နဲ့ပဲ ယူခွင့်ပြုတာပေါ့နော်။ အဲလိုပြောတဲ့ အခါကျတော့ ၂၀၁၇ ၃-လပိုင်းမှာ ကျနော် အရေးကြီးအဆို တင်ခဲ့တယ်။ ဆန်တွေ ဆီတွေ ဈေးအလွန်အင်မတန် မြင့်ပြီးတော့ ဝယ်စားလို့တောင် မရအောင် အနေအထားမျိုး ဖြစ်သွားတဲ့အတွက် ဒါတွေကို အရင်အတိုင်းပဲ လွတ်လွတ်လပ်လပ် သယ်ယူရောင်းချခွင့်ပြုဖို့ ဆိုပြီးတော့ - အရေးကြီးအဆိုကို ကျနော် တင်ခဲ့တာပါ။ အဲဒီ အရေးအကြီးအဆိုဟာ ကချင်ပြည်နယ်လွှတ်တော်မှာ အောင်တယ်။ သို့သော် အဲဒီအဆိုအတိုင်း အစိုးရအဖွဲ့က ကနေ့အချိန်ထိ အကောင်ထည်ဖေါ်လို့ မရသေးဘူး။ ”

လက်ရှိအခြေအနေတွေ အရဆိုရင် တနိုင်းဒေသမှာ စစ်ပွဲတွေ လျော့ကျသွားမယ့်သဘော မရှိပဲ၊ အနာဂတ် ငြိမ်းချမ်းရေးကိုပါ ထိခိုက်နေပြီလို့ ဦးဇော်ဝင်းက သုံးသပ်ပါတယ်။

“ လက်ရှိအနေအထားအရ ပြည်သူအများကြီး တော်တော် ဒုက္ခရောက်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ တနိုင်းဒေသမှာဖြစ်နေတဲ့ အခင်းအကျင်းကိုက ငြိမ်းချမ်းရေးအတွက်လည်း အနှောင့်အယှက် ဖြစ်နေပြီလို့ ပြောလိုပါတယ်။”

ဒီရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ် တနိုင်း ဟူးကောင်းဒေသ ၊ ဆွမ်ပရာဘွမ်နဲ့ မံစီဘက်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ၊ ၂၀၁၇ ဇွန်လ နောက်ပိုင်းဖြစ်လာတဲ့ တနိုင်းဒေသစစ်ကြောင့် တနိုင်းမြို့ပေါ်မှာ စစ်ဘေးရှောင်နေကြသူတွေ ခုချိန်ထိ အိမ်မပြန်နိုင်ကြသေးပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG