သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IDP စခန်းတွေ မပိတ်ခင် ပြည်တွင်းစစ်ရပ်အောင်လုပ်


ကချင် IDP စခန်းတခု
ကချင် IDP စခန်းတခု

မြန်မာနိုင်ငံမှာ IDP စခန်းတွေ ပိတ်သိမ်းပြီး ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးအတွက် မဆောင်ရွက်ခင်မှာ ဆယ်စုနှစ်များစွာ ကြာလာပြီဖြစ်တဲ့ ပြည်တွင်း စစ်ရဲ့ အဓိကအကြောင်းတွေကို အစိုးရက အရင်ဆုံးအလေးထား ဖြေရှင်းသင့်တယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်း (၁၀၈)ဖွဲ့က NLD အစိုးရထံရေးသားတဲ့ ဇွန်လ(၂၆)တနင်္လာနေ့ကရေးတဲ့ အိပ်ဖွင့်ပေးစာမှာ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ IDP စခန်းတွေကို ပိတ်သိမ်းတော့မယ်ဆိုတဲ့ အစိုးရရဲ့ကြေညာချက် ထွက်ပေါ်လာပြီးနောက် အခုလို တိုက်တွန်းလိုက် ကြတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြားဖြစ်တဲ့ စစ်ပွဲကြောင့်ဖြစ်ဖြစ် ၊ အခြားအကြမ်းဖက် ပဋိပက္ခကြောင့်ဖြစ်ဖြစ် မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတွေမှာ IDP စခန်းတွေ ရှိလာတာဖြစ်ပါတယ်။ အထူးသဖြင့် ကရင်၊ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ် တွေမှာ IDP စခန်းတွေရှိနေတာပါ။

အဲဒီ IDP စခန်းတွေကို မကြာခင်ကာလမှာ ပိတ်သိမ်းတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ အစိုးရဖက်က ပြင်ဆင်လာတာကြောင့် တိုင်းရင်းသား တွေကြား စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြည်ပရောက် ကရင်တိုင်းရင်းသားများကွန်ယက် ပြောခွင့်ရသူ ဗြိတိန်နိုင်ငံ လန်ဒန်မြို့နေ မဇိုရာဖန်းက ပြောပါတယ်။

"ကျမတို့ အင်မတန်ကို စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ IDP စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေ ဒီလိုစခန်းတွေမှာ နေရတဲ့ အဓိက ပြဿနာက စစ်ပဋိပက္ခဖြစ်နေလို့ပါ။ ဒီသူတို့ဒေသတွမှာ စစ်ပွဲတွေ ဖြစ်နေတုန်းမှာပဲ၊ ဒီစစ်ပွဲတွေ မရပ်တန့်သရွေ့တော့ ဒီဒုက္ခသည်တွေ နေရပ်ကို ပြန်နိုင်ဖို့ကတော့ အခြေအနေမရှိသေးဘူးလို့ ကျမ မြင်တယ်။"

မြန်မာနိုင်ငံတွင်း အစိုးရစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ စစ်အင်အား တိုးချတာတွေရှိနေပြီး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ ဖြစ်ပွားတဲ့ ရင်ဆိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ IDP ဒုက္ခသည်တွေအဖြစ် တိုးပွားလာနေတာ ဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ ပြဿနာတွေကို မဖြေရှင်းနိုင်သေးပဲ အဲဒီ IDP စခန်းတွေကို ပိတ်သိမ်းဖို့ အစိုးရက လုပ်ဆောင်မယ့်ကိစ္စဟာ လက်တလောမှာ မဖြစ်သင့်တဲ့ စီမံကိန်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Kachin Alliance ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ကိုဂွမ်ဆမ်က ပြောပါတယ်။

"ဒီ IDP ၁သိန်းကျော်ကို IDP camp တွေမှာ မနေခိုင်းရင် ဘယ်မှာသွားနေစေချင်သလဲလို့ အစိုးရကို ပြန်မေးရမှာဖြစ်ပါတယ်။ IDP စခန်းပိတ်သိမ်းဖို့ ပိတ်သိမ်းချင်ရင်တောင်မှ အဓိကကျတဲ့ သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်အဖွဲ့အစည်းတွေကို အရင်ဆွေးနွေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာ ဒုက္ခရောက်နေတဲ့ စစ်ဘေးဒုက္ခသည်အများပိုင်းက ခရစ်ယာန်ဘာသာဝင်တွေ များကြပါတယ် အဲဒီတော့ သူတို့နဲ့ ပြောရမှာပေါ့နော်။ နောက်တခုက မြန်မာပြည်မှာ ပိတ်သိမ်းသင့်တာက ၃၃ တို့ ၉၉ တို့ ဒီလိုစစ်တပ်တွေကို အရင်ပိတ်သိမ်းပြီးမှ သူတို့လာတဲ့ နေရာကို ပြန်ချထားရင် အမျိုးသားရင်ကြားစေ့ရေးအတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။"

ဒါ့ကြောင့် အစိုးရက လုပ်ဆောင်မယ့် IDP စခန်း ပိတ်သိမ်းရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းထားဖို့နဲ့ ပြည်တွင်းစစ်ရဲ့ အဓိကအကြောင်းရင်းကို အစိုးရက အလေးထား ဖြေရှင်းပေးဖို့ တိုင်းရင်းသားနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အစိုးရကို တိုက်တွန်းထားကြောင်း မဇိုရာဖန်းက ပြောပါတယ်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KNU က ၂၀၁၂ နောက်ပိုင်း အစိုးရနဲ့အပစ်ရပ်ပြီး NCA အပစ်ရပ်စာချုပ်ကို သဘောတူ လက်မှတ်ထိုးထား ပေမယ့်၊ ကရင်ပြည်နယ်နဲ့တဝိုက်မှာ ၂၀၁၈ ခုနှစ်အတွင်း အစိုးရတပ်နဲ့ တကျော့ပြန် တိုက်ပွဲငယ်တွေကြောင့် ဒေသခံ ကရင်တိုင်းရင်းသား (၂)ထောင်ကျော် အိုးအိမ်စွန့်ခွါ IDP တွေအဖြစ် တိုးလာတယ်လို့ တိုင်းရင်းသားနဲ့ ပြည်တွင်း အဖွဲ့တွေရဲ့ စစ်တမ်းမှာဖေါ်ပြ ထားပါတယ်။ ကချင်ပြည်နယ်မှာဆိုရင်လည်း ၂၀၁၁ ခု နောက်ပိုင်း အစိုးရတပ်တွေရဲ့ (၇)နှစ်ကြာ တကျော့ပြန်စစ်ပွဲကြောင့် IDP ဒုက္ခသည် ပေါင်း (၁ သိန်း ၂သောင်း)ကျော်ရှိနေသေးကြောင်း၊ ၂၀၁၈ မတ်လက စတင်ခဲ့တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာတဲ့ IDP ဒုက္ခသည်ပေါင်း (၇)ထောင်ကျော် ရှိနေဆဲဖြစ်ကြောင်း အိပ်ဖွင့်ပေးစာမှာ ဖေါ်ပြထားပါတယ်။

IDP စခန်းတွေ မပိတ်ခင် ပြည်တွင်းစစ်ရပ်အောင်လုပ်
please wait

No media source currently available

0:00 0:04:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG